ငါးမဖမ်းရရာသီတွင် မြိတ် ရေလုပ်သား သုံးသောင်းခန့် အလုပ် လက်မဲ့ ဖြစ်နိုင်

0
656

ကမ်းနီး ကမ်းဝေး ငါးဖမ်းလှေများ ကို ယခုနှစ် ငါးမဖမ်းရ ရာသီတွင် ငါးဖမ်းဆီးခွင့် လုံးဝ ပိတ်ပင်လိုက် ခြင်းကြောင့် မြိတ်ခရိုင်အတွင်းရှိ ရေ လုပ်သား သုံးသောင်းခန့်  အလုပ် လက်မဲ့ ဖြစ်နိုင်သည်ဟု  မြိတ် ငါးလုပ်ငန်း အသိုင်းအဝိုင်းက ပြောသည်။


ငါးသားပေါက် ရာသီဖြစ်သည့် ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လတို့ကို ငါး မဖမ်းရ ရာသီအဖြစ် သတ်မှတ်ထားပြီး ပြီးခဲ့သည့် ငါးမဖမ်းရ ရာသီများက ငါးဖမ်းဆီးခွင့်ကို ငါးဖမ်းလှေများ၏ ၃၅ ရာနှုန်းခန့်ကို အလှည့်ကျ ခွင့်ပြု ပေးခဲ့သော်လည်း ယခုနှစ်တွင် ငါးဖမ်း ဆီးခွင့်ကို လုံးဝ ပိတ်ပင်လိုက်ကြောင်း မြိတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးထွန်းနောင်က ပြောသည်။
” ရေလုပ်သားတွေ အတွက် နိုင်ငံတော်ကတောင် လုပ်ပေးဖို့ မရှိတာ။ ကျွန်တော်တို့လည်း ဘာမှ မဆောင်ရွက် ပေးနိုင်ပါဘူး။ သူတို့က မရှိ ဆင်းရဲသား တွေပါ အလုပ်မရှိတော့ ငတ်ပြီပေါ့ ” ဟု ကမ်းဝေးငါးဖမ်းလှေ(၁၀)စီးခန့်ကို စီမံခန့်ခွဲနေသူတစ်ဦးက ပြောသည်။
ငါးမဖမ်းရရာသီတွင် ငါးဖမ်း ဆီး ခွင့်ကို လုံးဝ ပိတ်လိုက်သည့်အတွက် ရေလုပ်သားများ အလုပ်လက်မဲ့ ပြဿနာ များနှင့် ရင်ဆိုင်ရပြီး   လုပ်ငန်းရှင်များ ထိခိုက်ရှုံးဆုံး နစ်နာမှုရှိလာမည် ဖြစ်သည့်အတွက် ယခင်နှစ် နည်းတူ ဖမ်းဆီး ခွင့်ပြုပေးနိုင်ရန် မြိတ်ခရိုင် ငါးလုပ်ငန်းရှင်များအသင်းမှ သက်ဆိုင်ရာ ဌာနများသို့ တင်ပြတောင်းဆိုထား ကြောင်း ငါးလုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။
” သားပေါက် ရာသီမှာ သား ငါးတွေ ကြီးထွား လာမယ်။ နောက် ဆိုရင် ရေသယံဇာတ တိုးပွား လာနိုင် မယ်။ တဖက်က ကြည့်ရင်တော့ ရေလုပ်သားများရဲ့ စားဝတ်နေရေး ပြဿနာနဲ့ ကြုံတွေ့နိုင်ပါတယ် ” ဟု  ဦးစီးမှူး ဦးထွန်းနောင်ဦးက ပြောသည်။
ငါးဖမ်းလှေတစ်စီးတွင် ပျမ်းမျှ ရေလုပ်သား ၃၀ ဦးနှုန်းရှိပြီး အစီးရေ ၁၀၀၀  တွင် ရေလုပ်သားဦးရေ သုံး သောင်းခန့်မှာ အလုပ်လက်မဲ့ပြဿနာနဲ့ ကြုံတွေ့ရမည်ဖြစ်ကာ ၎င်းတို့ကို မှီခို နေရသည့် မိသားစုဝင် တစ်သိန်းခွဲခန့်မှာ စားဝတ်နေရေး အခက်အခဲ များရှိ လာနိုင်ကြောင်း သိရသည်။
မြိတ်ခရိုင်အတွင်း ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဉ် ၁၀၀၀ စီးနီးပါးရှိကြောင်း မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ သိရ သည်။