ယိုးဒယားသွား တောလား

0
584
ထိုင်းနိုင်ငံဖက်ဘူရီခရိုင်ရှိ ဒွါရ၀တီခေတ်လျောင်းတော်မူ ရုပ်ပွားတော်

ထားဝယ်စီမံကိန်းနဲ့ ဆက်စပ် ပြီး ယိုးဒယားနိုင်ငံမှာ ထားဝယ် ဆိုပြီး အရမ်း နာမည်ကြီးတယ်။ စိတ်ဝင်စားသူ အရမ်းများတယ်။ ဒါပေမယ့် ထားဝယ် အကြောင်း သိတဲ့သူ အရမ်းနည်းတယ်။


၂၀၁၁ ခုနှစ် အစိုးရသစ်တက် လာပြီးတဲ့နောက် နယ်စပ် တံခါးတွေ ဖွင့်တယ်။ နယ်စပ်ဂိတ်တွေ ဖွင့်တဲ့ အထဲမှာ ထီးခီး (ထားဝယ်) ဂိတ် လည်း ပါတယ်။ ITD ကလည်း  လမ်းဖောက် လိုက်တာကြောင့် တရားဝင် နယ်စပ်ဂိတ် ဖွင့်ပြီး တဲ့အခါ ယိုးဒယား တွေ အပါ အဝင် နိုင်ငံခြားသားတွေ ဝင်လာတယ်။ ဒီလို ဝင်လာတဲ့အထဲမှာ စီးပွားရေးသမား တွေ၊ အလည်အပတ်လာတဲ့ သူတွေ၊ လေ့လာရေးသမားတွေ၊ ဘာသာရေးစတဲ့ အကြောင်း အမျိုးမျိုးနဲ့ ထားဝယ်ကို ဝင်လာ ကြတယ်။ ထားဝယ်တွေကလည်း ယိုးဒယားဘက်ကို ဘုရားဖူးသွား၊ အလည် သွားကြတယ်။

ထိုင်းနိုင်ငံဖက်ဘူရီခရိုင်ရှိ ဒွါရ၀တီခေတ်လျောင်းတော်မူ ရုပ်ပွားတော်
ထိုင်းနိုင်ငံဖက်ဘူရီခရိုင်ရှိ ဒွါရ၀တီခေတ်လျောင်းတော်မူ ရုပ်ပွားတော်

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ယိုးဒယားက ပညာရှင်အဖွဲ့ တစ်ဖွဲ့ လာပါတယ်။ အာဂျန်ဆီစပ်လို့ ယိုးဒယား လို ခေါ်တဲ့ မနုဿဗေဒ ပညာရှင်ကြီး ဦးဆောင်တဲ့ အဖွဲ့ပါ။ စီစဉ်ပေးတဲ့ အဖွဲ တွေက အကူအညီ တောင်းတာနဲ့ ကျွန်တော် က လိုက်ရှင်းပြ ရပါတယ်။ ဆရာကြီးက အသက် ၇၀ လောက် ရှိပါပြီ။ ထားဝယ်ကို အသက် ၂၀ ဝန်းကျင် ကတည်းက လာခဲ့ချင် ပေမယ့် အခု နှစ်ပေါင်း ၅၀ ကျော်မှ ရောက်ခဲ့ ရတယ်လို့ ဆရာကြီးက ဆိုပါတယ်။ ထားဝယ်ကို အင်မတန်မှ စိတ်ဝင်စားတဲ့ ပညာရှင်ကြီးပါ။ ယိုးဒယား ဘုရင်က ဘွဲ့ချီးမြှင့်တာ ခံရတဲ့ သူလည်း ဖြစ်တယ်။
ထားဝယ်ကို လာလည်တုန်းမှာ ကျွန်တော်နဲ့ ဆွေးနွေးဖြစ်တာ အများ ကြီးပါ။ ဆရာကြီးရဲ့ အတွေ့အကြုံ၊ ပညာအဆင့်အရ သင်ပေးခဲ့တာ၊ အကြံ ပေးခဲ့တာတွေ ရှိပါတယ်။ ကျွန်တော်ရဲ့ ရည်ရွယ်ချက်က ထားဝယ်သမိုင်းကို ပြောတဲ့အခါ နိုင်ငံအဆင့်၊ အာဆီယံ အဆင့်၊ အပြည်ပြည်ဆိုင်ရာ အဆင့်ထိ ထိုးဖောက်ချင်တယ်။ အထူးသဖြင့် နယ် မြေချင်း စပ်နေတဲ့ ယိုးဒယား၊ မလေးရှား၊ ကမ္ဘောဒီးယား သမိုင်းတွေနဲ့ နှိုင်းယှဉ်ချင် တယ်။ ဆရာကြီးတို့ အဖွဲ့ကလည်း သဘော ကျတယ်။
ဆရာကြီးအဖွဲ့နဲ့ ယိုးဒယားက မိတ်ဆွေတွေ စီစဉ်ပေးတာနဲ့ ယိုးဒယား ဘုရင့်သမီးတော် သီရိဒုံရဲ့ ဖောင်ဒေးရှင်း မှာ ထားဝယ်သမိုင်းကို ၂၀၁၅ ဧပြီလ ၂၄ ရက်နေ့ မွန်း လွဲပိုင်း မှာ ၂ နာရီခွဲစာ ဟောပြော ပေးဖို့ မတ်လ ကုန်ခါနီးမှာ ဖိတ်ကြား လာပါတယ်။ အသေးစိတ် အစီ အစဉ် အရ ကျွန်တော့် ဆန္ဒဖြစ်တဲ့ ယိုးဒယား မြို့ဟောင်းတွေ လေ့လာ ဖို့လည်း ပါတယ်။အထူးသဖြင့် ယိုးဒယားမှာ ပထမ ထောင်စုနှစ်အတွင်း ကြီးကျယ် ခမ်းနား တဲ့ ဒွါရ၀တီ မြို့ ဟောင်း ဒေသတွေကို သွားဖို့ပါ။ ထားဝယ်နဲ့ ယိုးဒယားကြားမှာ ကရင်တိုင်းရင်း သားတွေ နေတယ်၊ ဒါကြောင့် ကရင်တိုင်းရင်းသားတစ် ယောက်ခေါ် ချင်တယ်လို့ ကျွန်တော်က တောင်း ဆိုတယ်။ သီရိဒုံ ဖောင်းဒေးရှင်း ကလည်း သဘောတူ ပါတယ်။
ဧပြီလ ၁၈ရက်နေ့ ညနေပိုင်းမှာ ဆိုင်ကယ်တစ်စီးနဲ့ ထားဝယ်ကနေ စထွက် ပါတယ်။ မြေးခံဘော် တိုက်နယ် သပြုချောင်း ကျေးရွာက အစ်ကိုလို လေးစားရတဲ့ ရဲဘော် ရဲဘက်ကြီးနဲ့ ခရီးအတွက် ညအိပ်ရင်း ဆွေးနွေး ပြင်ဆင် ကြတယ်။ ၁၉ ရက် ထီးခီးက နေတဆင့် ကန်ချနဘူရီကို သွားတယ်။
ဧပြီလ ၂၀ရက်မှာ ယိုးဒယား ပညာရှင်အဖွဲ့တွေနဲ့ ခရီးစဉ် အသေးစိတ် ကို ထပ်မံဆွေးနွေးပါတယ်။ သူတို့ လိုက်ပြချင်တာရယ်၊ ကျွန်တော် လေ့လာ ချင်တာရယ်၊ ညှိနိုင်း ပါတယ်။ အားလုံး သဘောတူတဲ့အခါ ကန်ချနဘူရီ ခရိုင်မှာ ရှိတဲ့ ဘန်ပေါင်ကို စလေ့လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခရစ် ၂ ရာစု လက်ရာဖြစ်တဲ့ ရောမ မီးအိမ်ကို တွေ့လို့ ပါ။ ပြီးတော့ ထားဝယ်နဲ့ အနီးဆုံးနေရာ လည်း ဖြစ်တယ်။ ဘန်ပေါင်မှာပဲ ဒွါရ၀တီခေတ် လက် ရာတွေဖြစ်တဲ့ ဂဝံ အဆောက်အအုံ ၃ နေရာကို လေ့လာပါ တယ်။ ညနေ ရောက်တဲ့အခါ ရတ်ဘူရီကို သွားပါ တယ်။ ဒီမှာရှိတဲ့ မွန်ပြတိုက်ကို ဝင်လေ့လာပါတယ်။ အတော် ကောင်းမွန် တဲ့ ပြတိုက်ဖြစ်ပြီး ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဆရာကြီး နိုင်ပန်းလှ ရောက်ဖူး ကြောင်း သိရပါတယ်။ မြို့ဟောင်း ပတ်ဝန်း ကျင်မှာရှိတဲ့ ဘုန်းတော်ကြီး ကျောင်း ၂ကျောင်းကို ရောက်ပါတယ်။ ဘုန်းတော်ကြီးကျောင်း ၂ကျောင်း လုံးမှာ ပြတိုက် လုပ်ထားပါတယ်။

ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းက ယိုးဒယားတွေ တန်ဖိုးထားတဲ့ အရိပ်ပြပွဲမှာ သုံးတဲ့ အရုပ်တွေကို ထိန်းသိမ်းထားတဲ့ နေရာ ဖြစ် ပါတယ်။ ဘုရင့် မိသားစု ဘဏ္ဍာ ငွေထဲက ဘတ် ၃ သန်း လှူပြီး ထိန်းသိမ်း ထားတယ်လို့ ဆရာတော် က မိန့်ပါ တယ်။
ဧပြီလ ၂၁ရက်မှာ ရတ်ဘူရီ ခရိုင်အတွင်းက ကူဘွာမြို့ဟောင်းကို ရောက်ပါတယ်။ ကြီးကျယ်လှတဲ့ ဂဝံ အဆောက်အအုံတွေကို လေ့လာ ရတယ်။ ပြတိုက်ကို သွားတဲ့အခါ ပြတိုက်က ပိတ်ထားလို့ လေ့လာဖို့ အခွင့်မရခဲ့ပါ ဘူး။ ဒီနောက်မှာ ဖတ်ဘူရီခရိုင်ထဲက ထင်ရှားတဲ့ ထုံးကျောက်တောင် ဂူ ၃ ဂူ ကို သွားပါတယ်။ ဒွါရ၀တီ ခေတ်လက် ရာတွေဖြစ်တဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ၊ နံရံဆေးရေး ပန်းချီတွေ၊ လူရုပ်ပုံ တွေကို လေ့လာရပါတယ်။ ညနေ ပိုင်းရောက်တဲ့ အခါ ကမ်းခြေဒေသမှာရှိတဲ့ ဂဝံ အဆောက်အအုံကြီးကို သွားလေ့လာ ပါတယ်။ ဆိပ်ကမ်းမြို့ ကြီးတစ်ခု ဖြစ်တယ်လို့ ဆိုတယ်။ နောက်နေ့ ခရီးစဉ်တွေ ပြင်ဆင်ဖို့ ဘန်ကောက်ကို ပြန်ပါတယ်။
၂၂ ရက်နေ့မှာ ယိုးဒယား သမိုင်းအရ ကြီးကျယ်ခမ်းနားလှတဲ့ အယုဒ္ဓမြို့ဟောင်းကို ရောက်ပါ တယ်။ နန်းမြို့ရိုး ဝင်းအတွင်း အရင်ဝင် လေ့လာပါတယ်။ ဗမာ ရိုက်ဖျက်တဲ့ မြို့ဆိုတဲ့ ခံစားချက်ကို ပေါ်စေတာ တွေ့ရပါတယ်။ ယိုးဒယားသမိုင်းနဲ့ ဗမာသမိုင်း မှတ်တမ်းတွေရဲ့ ဝိရောဓိ ဖြစ်စရာ တွေလည်း ဆွေးနွေး ဖြစ်ပါ တယ်။ ဂဝံနဲ့ ကျောက်ရောပြီး ဆောက် ထားတဲ့ မဟာစေတီကြီးဟာ ရင်သပ် ရှုမောဖွယ် ကောင်းပါတယ်။ ယိုးဒယား တွေ သိပ်တန်ဖိုးထား လေးစားတဲ့ နရစွမ်ဘုရင်ရဲ့ ရုပ်တုကြီးကိုလည်း တွေ့ရတယ်။ ကြက်ရုပ်တွေ များစွာ တွေ့ရလို့မေးကြည့်တဲ့အခါ ကိုင်ဖမား (ဗမာကြက်)လို့ ပြောတယ်။ ပြီးတော့ နရစွမ်ဘုရင်ရဲ့ တိုက်ကြက်တဲ့။ ပြိုင်ဘက် မရှိဘူး။ ဒါကြောင့် လောကီ ယုံကြည်ချက်အရ ပူဇော်တာလို့ ဆို တယ်။ ရွှေတောင်ကုန်းလို့ အဓိပ္ပာယ် ရတဲ့နေရာမှာ ဗမာကို စစ်နိုင်လို့ အထိမ်းအမှတ် တည်ထားတဲ့ စေတီကို လည်း လေ့လာ ဖြစ်ပါတယ်။ ၁၉၉၀ လောက် ကတည်းက ကမ္ဘာ့အမွေအနှစ် စာရင်း ဝင်နေတယ်။
၂၃ ရက် နေ့မှာ ဆရာကြီး အာဂျန်ဆီစပ် ကိုယ်တိုင်လိုက်ပါပြီး ဥထောင်မြို့ကို သွားပါတယ်။ ဒီမြို့ ဟောင်းက ဒွါရ၀တီခေတ် (၅ရာစု -၁၁ရာစု အေဒီ) ကာလမှာ အာဏာနဲ့ နိုင်ငံရေး ဗဟိုချက် ဖြစ်တယ်။ တွေ့ရှိ ရတဲ့ အထောက်အထားတွေအရ ထင်ရှားတယ်။ အထူးအဖြင့် ဒွါရ၀တီလို့ စာပါတဲ့ ဒင်္ဂါးတွေ၊ ဓမ္မစင်္ကြာ လှည်းဘီး တွေ တွေ့ရတယ်။ ဆိပ်ကမ်း မြို့လည်း ဖြစ်တယ်လို့ ဆိုတယ်။ ဘန်ကောက် အမျိုးသား ပြတိုက်ပြီးရင် ဒုတိယ တည်ထောင်ခဲ့တာ ဥထောင်ပြ တိုက်လို့ ဆိုတယ်။
၂၄ ရက်နေ့ မနက်ပိုင်းမှာ ခဏ နားပြီး နေ့ခင်း ဟောပြောပွဲအတွက် ပြင်ဆင်ကြပါတယ်။ သီရိဒုံဖောင်ဒေး ရှင်းကို ရောက်တဲ့အခါ ဟောပြော ပွဲတက်ဖို့ စာရင်းပေးထားတဲ့ လူဦးရေ ၁၀၀ကျော် ရှိတယ်လို့ အခမ်းအနား စီစဉ်သူက သတင်းပေးတယ်။ သတင်း ဌာနတွေလည်း ရောက်နေပါတယ်။ ဟောပြောပွဲ အခန်းထဲ ဝင်လိုက်တော့ လူအပြည့် ရှိနေတယ်။ ဆရာကြီး အာဂျန် ဆီစပ်က မိတ်ဆက်စကားပြော ပေးပါ တယ်။ ပြီးတော့ ကျွန်တော့် အလှည့်ပေါ့။ ထားဝယ်အတွက် တာဝန်ကျေအောင် ပြောခဲ့ပါတယ်။ ကျွန်တော်က အင်္ဂလိပ်လို ပြော၊ မိတ်ဆွေက ယိုးဒယားလို ဘာသာ ပြန်ရတော့ အချိန်အတော်ကုန်သွားတယ်။ မေးခွန်း တစ်ခုရယ် အကြံပြုချက် ၁ခု ပြီးတာနဲ့ အချိန်ပြည့်သွားတယ်။ အခမ်းအနားပြီးတော့ မီဒီယာတွေ၊ လေ့လာသူတွေ (ကျောင်းသူတွေ ဖြစ်ဖို့ များပါတယ်)၊ ဝိုင်းမေးကြတာကို ဖြေရင်း ညနေ ၆ နာရီကျော်သွားပါတယ်။
၂၅ ရက်နဲ့ ၂၆ရက်တွေမှာ ကမ္ဘော ဒီးယား နယ်စပ်ဘက်ကို ခရီးဆက်ပါ တယ်။ စီမဟာပေါ့ လို့ခေါ်တဲ့ ရှေးမြို့ ဟောင်းကို ပထမ ဝင်တယ်။ ဗုဒ္ဓဘာသာ ရော၊ ဟိန္ဒူဘာသာရောနဲ့ ပတ်သက်တဲ့ ဂဝံ လက်ရာတွေတွေ့ရတယ်။ ဂဝံ ရေကန်ကြီး တစ်ကန်ဆိုရင် အတော် ကြီးသလို ရုပ်ကြွတွေနဲ့ အလွန် လက်ရာ မြောက်ပါတယ်။ စင်္ကြတံ ဆိပ်တစ်ခု တည်းပါတဲ့ ဗုဒ္ဓခြေတော်ရာ တစ်စုံကို လည်း ဖူးတွေ့ရတယ်။ ယိုးဒယား-ကမ္ဘောဒီး ယားနယ်စပ်မှာရှိတဲ့ ဟိန္ဒူ ဘုရား ကျောင်းကြီးရောက်တဲ့အခါ ကျွန်တော် ငိုင်သွားပါတယ်။ အတွေးတွေ အရမ်းများ သွားပြီး ကီလိုမီတာ ၃၀၀ ကျော်အပြန် ခရီးမှာ ဘာစကားမှ မပြောဖြစ်ပါဘူး။
၂၇ ရက်မှာ ခရီးစဉ်ကို ပြန်သုံး သပ်ပါတယ်။
အနာဂတ်မှာ ဘာတွေ ဆက် လုပ်မယ်ဆိုတာ တိုင်ပင်ကြတယ်။ ၂၈ ရက်မှာ ဘုရားသုံးဆူလမ်းနားက ဆုန်ခရဘူရီခရိုင်ကို ခရီးဆက်ပါတယ်။ ဗမာ-ယိုးဒယား နယ်စပ် နှစ်ဖက်မှာ နေထိုင်ကြတဲ့ မွန်နဲ့ ကရင် တိုင်းရင်း သားတွေကို တွေ့ဆုံ လေ့လာပါတယ်။ ၂၉ ရက် နေ့မှာ ကန်ချနဘူရီခရိုင်မှာနေ တဲ့ ကရင်တိုင်းရင်းသားအချို့နဲ့ တွေ့ဆုံ ဖြစ်ပါတယ်။ ၃၀ရက်မှာ ထားဝယ်ကို ပြန်ရောက်ပါတယ်။
ဒီခရီးစဉ်မှာ သိလိုက်ရတာက ထားဝယ်ဟာ သိပ်အရေးပါတယ်။ ဒွါရ၀တီ (ယိုးဒယား)ရောက် ဗုဒ္ဓဘာသာဟာ ကုန်းလမ်းက ရောက်တာဖြစ်ဖို့များတယ်။ မြန်မာနိုင်ငံတောင်ဘက် ကမ်းရိုးတန်းကို ဖြတ်ပြီး လာတယ်လို့ ယိုးဒယား ပညာရှင် တွေက အကြမ်းအားဖြင့် သတ်မှတ်ပေ မယ့် ဘယ်နေရာလို့ အတိအကျ မသတ် မှတ်နိုင်ဘူး။ မုတ္တမပင်လယ် ကွေ့လား၊ တနင်္သာရီ ကမ်းရိုးတန်းလား။ မလေးရှား ကျွန်း ဆွယ် အရှေ့ဘက် ကမ်းခြေ မီက လောင်မြစ်ဝှမ်းဒေသမှာ အခြေ စိုက်တဲ့ ဒွါရ၀တီ ယဉ်ကျေးမှုဟာ အနောက် ဘက်ကမ်း ခြေ ထားဝယ် မြစ်ဝှမ်းဒေသနဲ့ တစ်တန်းတည်း နီးနီး တည်ရှိနေ တယ်။
ထားဝယ်သမိုင်းကို ရှာဖွေ၊ ဖြည့် စွက်၊ ပြန်သုံးသပ်ဖို့ လိုနေပါတယ်။