မြိတ် ဘုရားကိုင်ချောင်း ကျောက်စီရန် ကျပ်သိန်း ၈၀၀၀ သုံးမည်

0
644

မြိတ်မြို့နယ် နယ်မြေ သုံးခုကြားရှိ ဘုရားကိုင် ချောင်းရိုးတလျှောက် ဝဲယာ တွင် ကျောက်တန်းစီရန် ငွေကျပ် သိန်း ၈၀၀၀ သုံးမည်ဟု မြို့နယ် စည်ပင် သာယာရေးရုံး အင်ဂျင်နီယာ ဦးစိန် ဝင်းထံမှ သိရသည်။


ချောင်းမကောရန်နှင့် ရပ်ကွက်များ အတွင်း ချောင်းရေ လျှံမတက်စေရန် အတွက် ကျောက်တန်းစီရန် စီစဉ်ခြင်း ဖြစ်ကြောင်း ဦးစိန်ဝင်းက ပြောသည်။myeik-phayarkine-chaung
အဆိုပါချောင်းသည် ကန်ဖျား၊ မြိတ်တောင်နှင့် အလယ်ကျွန်းနယ်မြေ တို့ကြားရှိ ချောင်းတစ်ခုဖြစ်ပြီး အရှည် ပေ ၇၆၀၀၊ အကျယ် ပေ ၂၀ မှ ၃၀ ကြား၊ အမြင့် ၁၀ ပေ အထိ ကျောက်စီ မည်ဟု မြို့နယ်စည်ပင်မှ သိရသည်။
” နှစ်စဉ် မြစ်ရေတက်ချိန်ဆိုရင် ပါရမီ၊ ကန်ဖျား ရပ်ကွက်နဲ့ အခြား ရပ်ကွက်တချို့မှာ ရေလွှမ်းမိုးမှု ဒဏ်ကို ခံစား နေရတယ်၊ အခုလို ကျောက်တန်း စီလိုက်ရင် ဒီဒုက္ခတွေ ကင်းဝေး သွား ပါမယ် ” ဟု အလယ်ကျွန်း ရပ်ကွက်နေ ဦးမြင့်လွင်က ဆိုသည်။
ရေအရင်းမြစ်နှင့် မြစ်ကြောင်း ထိန်းသိမ်းရေး ဦးစီးဌာန၏  ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဖြင့် တည်ဆောက်ခြင်း ဖြစ်ပြီး ဇွန်လတွင် စတင်ကာ အောက် တိုဘာတွင် အပြီးသတ်ရန် လျာထား သည်ဟု သိရသည်။
” လက်ရှိတော့ ချောင်းရိုးတလျှောက် တိုင်းတာတဲ့ လုပ်ငန်းတွေကို စလုပ်နေပြီ ” ဟု ဦးစိန်ဝင်းက ပြောသည်။
ဘုရားကိုင် ချောင်းရိုးတစ်လျှောက် ရှိ ရပ်ကွက်များသည် မြစ်ရေတက် ချိန်တွင် ရေကြီးရေလျှံသည့်ဒဏ်ကို နှစ်စဉ် ခံစားရလျက်ရှိကြောင်း ယင်း ရပ်ကွက်နေသူများထံမှ သိရသည်။