သေမင်းတမန်ပြတိုက်အတွက် ဂျပန်ခေတ်ရှေးဟောင်းပစ္စည်း အလှူရှင်ဖိတ်ခေါ်မည်

0
773
သေမင်းတမန် ရထားလမ်းပြတိုက်ကို မပြုပြင်မီ တွေ့ရစဉ် ။ ဓာတ်ပုံ - ယဉ်စနိုင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် တည်ဆောက်နေသည့် သေမင်းတမန်မီးရထားပြတိုက်တွင် ပြသရန် ဂျပန်ခေတ် ရှေးဟောင်း အသုံးအဆောင်ပစ္စည်း အလှူရှင် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း တလမွန်ကုမ္ပဏီဥက္ကဋ္ဌ မင်းဗညားစန်း ကပြောသည်။


ထိုင်းနိုင်ငံ ကန်ချနပူရီရှိ သေမင်းတမန် ပြတိုက်ခင်းကျင်း ပြသထားပုံကို မေလအတွင်း သွားလေ့လာပြီးပါက ရှေးဟောင်းပစ္စည်း အလှူရှင်များကို ဖိတ်ကြားသွားမည်ဟု အထက်ပါ ကုမ္ပဏီမှ သိရသည်။
” ပြတိုက်စဆောက်စဉ် ကတည်းက နီးစပ်ရာ အသိုင်းအဝိုင်းကို ဂျပန်ခေတ် ရှေးဟောင်းပစ္စည်းများ လှူဒါန်းဖို့ဖိတ် ခေါ်ထားပေမယ့် လက်ရှိအချိန်အထိ အလှူရှင် မပေါ်သေးဘူး ” ဟု မင်းဗညားစန်း ကဆိုသည်။
ထိုင်းနိုင်ငံ သေမင်းတမန်ပြတိုက်ကို လေ့လာပြီးမှ တစ်နိုင်ငံလုံးအနေအထားဖြင့် တရားဝင် ဖိတ်ခေါ်မည်ဟု သိရသည်။
လက်ရှိတွင် သံဖြူဇရပ်မြို့နယ် စည်ပင်နှင့် မီးရထားဌာနမှ သိမ်းဆည်း ထားသည့်ရှေးဟောင်း ပစ္စည်း အနည်း ကျဉ်းသာရှိသေးသည်ဟု မင်းဗညားစန်း က ပြောသည်။
” ကျွန်တော်တို့ဆီမှာ ရှိတာက ဓာတ်ပုံတွေလောက်ပဲရှိတာပါ၊ ထွေထွေ ထူးထူးတော့ဘာမှမရှိသေးဘူး။ တကယ့် ရှေးဟောင်းပစ္စည်းကတော့ ပုဂ္ဂလိက လက်ထဲ ရောက်ကုန်တယ် ” ဟု သံဖြူဇရပ် မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းမြင့်ကျော်ကဆိုသည်။
၎င်းသိထားသည့် အချက်အလက် များအရ မီးရထားဌာနတွင်လည်း အများ အပြားရှိမည်ဟု မထင်ကြောင်း ထင်ကြေးပေး သည်။
ရထားလမ်း ပြတိုက်အတွက် သံဖြူဇရပ်နှင့် ဘုရားသုံးဆူကြား ကျန်နေ သေးသည့်ရထားလမ်းများ၊ တံတားတိုင် များကို ပြသနိုင်သည်ဟု ဦးထွန်းမြင့် ကျော်က မှတ်ချက်ပြုသည်။
ပြတိုက်တွင် နိုင်ငံတကာရှိ ပြတိုက် အချို့၏ ခင်းကျင်းပြသသည့် ပုံစံဖြင့် မီးရထား လမ်းဖောက်လုပ်ခဲ့စဉ် ကာလ တလျောက်နှင့် ပတ်သက်သည့် အသုံး အဆောင်ပစ္စည်း၊ ရုပ်ထုများထုလုပ်ပြီး ပြသထားရန် စဉ်းစားထားကြောင်း ၎င်းကပြောသည်။
ပြတိုက်ကို မတ်လ ၂၈ ရက်နေ့က စတင်တည်ဆောက်ခဲ့ပြီး စက်တင်ဘာလ အတွင်း ဖွင့်လှစ်နိုင်ရန်လျာထားသည်ဟု တလမွန်မှသိရသည်။
သေမင်းတမန် ရထားလမ်းပြတိုက် ကို ၁၉၉၄ ခုနှစ်က စတင်ဖွင့်လှစ်ပြီး ရထားလမ်း ဖောက်လုပ်စဉ်က ချွေး တပ်သားများ အသုံးပြုခဲ့တဲ့အသုံး အဆောင်ပစ္စည်းများ၊ အဝတ်အစားများ နှင့် မှတ်တမ်းဓာတ်ပုံများ၊ ချွေးတပ်သား တို့၏ ရုပ်ထုများကို ပြသထားခဲ့ကာ မီးရထားဌာနနှင့် စည်ပင်သာယာရေးဌာန တို့က ထိန်းသိမ်းလာခဲ့သည်။
ထိုင်းနှင့် မြန်မာနိုင်ငံကို ဆက်သွယ် ထားသည့် သေမင်းတမန်မီးရထားလမ်း ကို ၁၉၄၂ မှ ၁၉၄၅ ခုနှစ်ထိဖောက်လုပ်ခဲ့ ပြီး သံဖြူဇရပ်မြို့မှ ဘုရားသုံးဆူ တောင်ကြားကို ဖြတ်ကာ ထိုင်းနိုင်ငံ ဘန်ပေါင် (Ban Pong) ဘူတာထိမိုင် ပေါင်း ၁၇၅ ကျော်ရှည်လျားသည်။
ယင်းမီးရထားလမ်း ဖောက်လုပ်ခဲ့ စဉ်က မြန်မာနိုင်ငံသား  ၈၀,၀၀၀ ကျော် နှင့် မဟာမိတ်တပ်သား ၁၀,၀၀၀ ကျော် အသက် ဆုံးရှုံးခဲ့ကြရသည်ဟု မှတ်တမ်း တွင် ဖော်ပြထားသည်။