အမတ်ရောဂါ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

၂၀၁၅ ရွေးကောက်ပွဲက အောက် တိုဘာလဆန်းပိုင်းဟု ဆိုသည်။ အဆင့်ဆင့် သော ရွေးကောက်ပွဲ ကော်မရှင်တို့ အလုပ်ရှုပ် နေကြပြီ။ ပါ တီများလည်း အလားတူ။ လှုပ်ရှားမှုတွေ အရှိန် တိုးမြှင့်လာကြသည်။

၎င်းလှုပ်ရှားမှုများနှင့်အတူ အမတ် ရောဂါ ထလာကြသည်ကို တွေ့ရသည်။  မဲဆန္ဒနယ် ၁၁၁၂ နေရာ ဝင်ပြိုင် မည်ဆိုသော လက်ရှိ အာဏာရ ပြည်ခိုင်ဖြိုး ပါတီတွင် ” မိုးကျရွှေကိုယ်” များကို မရွေးတော့ဟု သတင်းထွက် နေသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီ ပြင်ပမှ ထင်ပေါ် ကျော်ဇောသူ များကို အမတ်လောင်း အဖြစ် ဖိတ်ခေါ် အရွေးချယ်ခံခိုင်းခဲ့မှုအပေါ် ပါတီဝင် အများစု အစာကြေကြ ဟန်မတူ။ ယခု တစ်ခါ ဗဟိုမှ တိုက်ရိုက်ရွေးမည် ဆိုသဖြင့် အောက်ခြေပါတီဝင်များ အမတ်ရောဂါ ထခွင့်မရ။
သို့သော်လည်း ဝန်ကြီးတချို့ကား ပြန်လည်အရွေးခံ ချင်နေကြကြောင်း ပြောဆိုသံ ပဲ့တင်ထပ်နေ၏။
ထို့အတူ..။

amnat-yawgar
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ဗဟို ကော်မတီအဖွဲ့ဝင် ဦးဝင်းထိန်မှ ” ရွေးကောက်ပွဲ ဝင်ချင်သူ တွေက တစ်ပုံကြီး၊ အများကြီး ဖြစ်နေ တယ်”  ဟု ဧပြီလ ၂၇ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာတွင် ပြောသွား၏။ ” အမတ်ရူး”  ရူးနေသည့် သူများအား ” အမတ်ရောဂါ ထနေတဲ့ သူတွေ သတိထား” ဟု ပါတီ စာစောင်မှ ဆောင်းပါးရေး အသိပေးရသည်အထိဟု ဆိုပါသည်။ ကိုယ်စားလှယ် စာရင်း ပေးကြရန် မခေါ်သေးခင်မှာပင် အမတ် လောင်း ၄ ယောက်သာ ရွေးရမည့် မြို့နယ်များတွင် အမတ်ဖြစ်ချင်သူ (၁၂) ဦး အထိ ဖြစ်လာတာ တွေ့ရသည် ဟု ပါတီအောက်ခြေ အမတ်ရောဂါ အနေအထားကိုလည်း ဖွင့်ဟသွား၏။
ထိုအသံများ၏ နောက်ကွယ်တွင် တွေးစရာ မေးစရာ ဆွေးနွေး ငြင်းခုံစရာ တပုံတပင်။ပြည်သူနှင့် လွှတ်တော်ကြား အသံများကို ပေါင်းကူးပေးရမည့်၊ ပြည်သူ့ ကိုယ်စား ပြည်သူခိုင်းသမျှ မနေမနား ပြုလုပ် ပေးရမည့် ပြည်သူ့ ကျေးကျွန် အလုပ်ကိုမှ..၊ အလုအယက် ငမ်းငမ်းတက် ဖြစ်နေသည်မှာ အံ့ဩ စရာ။
အမတ်ရောဂါ ဘာကြောင့် “ထ” နေကြသနည်း။
ပြည်သူကို ကိုယ်စားပြုချင်ကြ လွန်းလို့ ဆိုလျှင်..၊ အရင်က မည်သူကို ကိုယ်စားပြုနေကြသနည်း။ အခြားနည်း အခြားဟန်ဖြင့် စောင့်ရှောက် ကူညီ ကိုယ်စားပြုလျှင် မရလော..။ငွေကြေး၊ စည်းစိမ်နှင့် ကျော်ဇောမှု အတွက်လော..။ ဆယ်သိန်း (အတိုး အလျှော့ ရှိလာနိုင်)ဆိုသော အခြေခံ လစာသည် အခြေခံလူတန်းစား အတွက် တော့ မက်လောက်စရာ။ လွှတ်တော်တက် စဉ် ထောက်ပံ့ကြေးနှင့် အခြားခြားသော စရိတ်စကများ တင်ပြနိုင်ရင် တင်ပြနိုင် သလိုရသည် ဟူ၏။ ထို့အပြင်.. အပိုဆု အဖြစ် ဝန်ကြီးတစ်နေရာလောက် ချိတ်ခဲ့ လျှင် ဆိုသော မုန့်ဆီကြော်ကို မျှော်မှန်း နိုင်သေးသည်။
သို့သော်..၊ အမတ်ရောဂါသည်များ ၏ နှုတ်ခမ်းနာနှင့် ကိုက်၏လော..။ အမတ်ရောဂါသည်များ အနေဖြင့် ပြည်သူမှ အပ်နှင်းမည့် ထိုတာဝန်ကြီးများ ထမ်းဆောင်ရန် “အသင့် ” ဖြစ်ပြီလော။
ထိုသို့ မဟုတ်ဘဲ လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်၏ အခွင့် အရေးနှင့် လုပ်ပိုင်ခွင့်များကို အသုံးချ ကာ အကျိုး စီးပွားရှာမည် စိတ်ကူး ထားပါက ဆောလျင်စွာ ရပ်တန့်သင့်ပါ သည်။ နိုင်ငံရေး နယ်ပယ်တွင် စီးပွား တွက်တွက်၍ ရင်းနှီး မြှုပ်နှံခြင်းသည် ပြည်သူကို စော်ကား လွန်းရာ ကျပါသည်။ ကံကြီး ထိုက်တတ်၏။လူပုံ အလယ်တွင် ” ငါကွ “ဟု လူလုံးထွား ဟန်ရေးပြချင်ရုံ သက်သက် ဆိုလျှင် တစ်ခြားနည်းလမ်းများဖြင့် ကျော်ဇောရန် ကြိုးစားပါက ရေရှည် ပိုမိုတည်တံ့ နိုင်လိမ့်မည်။ အရည်အချင်း ရှိသူအတွက် ထင်ပေါ်ကျော်ဇောရန် နည်းလမ်း မရှား။
အမတ်ရောဂါ ဘယ်အချိန်က” စ”  ခဲ့ကြ သနည်း။
” နိုင်ငံရေး လုပ်တာ အမတ်ဖြစ်ချင် လို့ကွ ” ဆိုလျှင် ထိုသူ၏ စွန့်လွှတ် အနစ်နာခံမှု (အမှန်တကယ် ရှိခဲ့လျှင်တောင်) ကို သံသယ ဝင်ရပါလိမ့်မည်။
ဤနေရာတွင် မိတ်ဆွေ နိုင်ငံရေး သမားတစ်ဦး၏ ဆောင်ပုဒ်လေးကို ဝေမျှလိုပါသည်။ ” အစရိုး” မှ ” အစိုးရ”} ဖြစ်လိမ့်မည်။ ” အစ မရိုးရင် အစိုးမရ”  ဖြစ်လာမည် ဟူ၏။
ပြည်သူအပေါ် အုပ်ချုပ်ရမယ့် အစိုးရ တစ်ရပ်သည် အစကတည်း က စိတ်ရင်း စေတနာရိုးသားဖြူစင် သူတွေနဲ့ ဖွဲ့စည်းရန် လိုအပ်ပါသည်။
” ဒေသ ဖွံ့ဖြိုးရေးကိုသာ အာရုံစိုက် လုပ်ဆောင်နေသဖြင့် အမတ်ရောဂါ ထရန် အချိန်မရ..၊ အမတ်ရောဂါအတွက် ကြိုတင် ကာကွယ်ထားသည်..”  ဆိုသော ပါတီများကိုမူ ” ကောင်းလေစွ ” ဟု မှတ်ချက်ပြုမိပါသည်။
သို့သော်..။
အလေးသာရာ ဘက်ကူးတတ်သော သာကူး အမတ်ရောဂါသည်များသည် ရှုံးမည်ဟု ယူဆသော မြင်းကို အချိန် ကုန် ငွေကုန်ခံကာ ခွစီးလေ့မရှိ။ နိုင်ခြေ ရှိသော ပါတီများသို့သာ အလုံးအရင်းနှင့် ပြေးကပ် တတ်ကြသည်။ ငွေအား လူ အား မျိုးရိုး ဂုဏ်ဒြပ်နှင့် ဥာဏ်ပညာ ကျော်ဇောမှုအားကို မသိမသာ တစ်မျိုး သိသိသာသာ တစ်ဖုံထုတ်သုံး ထုတ်ပြ တတ်ကြ၏။
ထိုအခါ ပါတီတွင်းရှိ အမတ် ရောဂါသည်များ၊ ” တစ်နေရာစာ သေချာ ပါသည်..” ဟု မိမိ ကိုယ်တိုင်ရော ပါတီ ဝင်များကပါ ယုံကြည် ယူဆထားသူ များ၊ ” ငါလည်း ဖြစ်နိုင်သည် ” ဟု ကိုယ့် အောင်လက်မှတ် ကိုယ်ရေးကာ  ကြိတ် ကြံကြံနေသော ဝမ်းတွင်းရောဂါသမား များနှင့် ပွတ်တိုက်ကြကာ ပါတီတွင်း ပြဿနာမီး တောက်လောင်လာနိုင် သည်။ အော့အန်ဖွယ် အညှော်နံ့များ ပြည်သူ့ နှာခေါင်းဝသို့ရောက်ကုန်လျှင် ပြည်သူ့ ယုံကြည်ကိုးစားမှု လျော့သထက် လျော့လာနိုင်၏။
ပါတီများ အတွင်း၌လည်း ပြည်သူ ကို ငဲ့ကြည့်ရန် အချိန်မပေးနိုင်ဘဲ ကိုယ့် နေရာကိုယ် ကာကွယ်ကြ၊ တွန်းထိုး လုယူကြရင်း အချင်းချင်း မျက်နှာမူကာ ရှေ့မတိုးနိုင် ဖြစ်တတ်သည်။ တာဝန်ယူ တာဝန်ခံမှု အားနည်း ယိုင်နဲ့ လာနိုင်၏။  ပြည်သူ လူထုအမြင်တွင်လည်း လုပ်သင့် လုပ်ထိုက်၊ ပါဝင်သင့် ပါဝင်ထိုက်၊ ဦးဆောင်သင့် ဦးဆောင်ထိုက်သည့် ကိစ္စရပ်များကိုပင် မျက်ကွယ်ပြု လျစ်လျူရှုသလို ဖြစ်လာ ပါလိမ့်မည်။ အားကိုး အားထား ပြုလာသူများကို ကူညီ ဖြေရှင်းပေးရန် မဆိုထား..၊ ချွေးသိပ် ရန်ပင် အချိန် မပေးနိုင်လျှင် ပြည်သူ့ အငြိုအငြင် ခံကြရလိမ့်မည်။ နှာစေးလှ သောပါတီများ စာရင်းသွင်းကာ ရွေးကောက်ပွဲ တွင် ဒဏ်ခတ်ကြပေလိမ့်မည်။
မဲဆန္ဒရှင်များသည် ဒေါင်ဒေါင်မြည် နိုင်ငံရေးသမား၊ ပြည်သူ့ဘက်သား စစ်စစ်ကိုသာ မဲပေးလိုသည်ကို သတိချပ်သင့်၏။ ကိုယ့်အတ္တကိုသာ ရှေ့တန်းတင် ရောဂါသည်း နေသူ များအား အသဲကြားက မဲတစ်ပြားကို မအပ်နှင်းလိုကြ။
မည်သူကိုမျှ ထိခိုက် နစ်နာစေမှု မရှိပါက မိမိ ဝါသနာပါရာ အခန်းကဏ္ဍအလိုက် လွတ်လပ်စွာ ရူးသွပ်ခွင့် လူ တိုင်းတွင် ရှိပါသည်။ ထိုရူးသွပ်ခြင်း မျိုးကို ရောဂါဟု သတ်မှတ်လေ့မရှိ။ သို့သော်.. မိမိ၏ ရူးသွပ်မှုကြောင့် မိမိ၏ ဝန်းကျင်၊ အသိုင်းအဝိုင်း၊ အဖွဲ့ အစည်း မနစ်နာစေသင့်။ အများပြည်သူ ထိခိုက်နစ်နာနိုင်သော ရူးသွပ်မှုမျိုးကို ကား မည်သည့်ဝန်းကျင်မှ ရေရှည် သည်းခံလေ့မရှိ။ (၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ စကားလုံးအရ) ” စိတ်ပေါ့ သွပ်သည်” ဟု သတ်မှတ် ဖယ်ကျဉ်ကြ လိမ့်မည်။
ထိုနည်းတူ..။
ပြည်သူလူထုသည် မိမိတို့ အားပေး သော ပါတီ အစိုးရဖွဲ့နိုင်ရေး အတွက် အရည်အချင်း မပြည့်မီသော ခါတော်မှီ အမတ်ရောဂါသည်များအား မိမိတို့ ကိုယ်စားလှယ်တော်အဖြစ် ကျိတ်မှိတ် ခန့်အပ်လိုက်ရလျှင်လည်း ပြန်ဖြုတ်ချရန် အမြဲ တာစူနေကြပါလိမ့် မည်။ ထိုအခါ ပါတီနှင့်ပြည်သူ စိတ်ဝမ်း ကွဲကာ နိုင်ငံ့အတွက်ပါ ထိခိုက် လာနိုင်သည်။
သို့ကြောင့်..၊ ပါတီများသည် တစ်ချိန်က ပြည်သူ့မေတ္တာ ခံယူ ထားနိုင်မှု၊ (တရားသော နည်း (သို့) နည်း အမျိုးမျိုးဖြင့်) သောင်ပြိုကမ်းပြို အောင်နိုင်ခဲ့မှုများအပေါ် အထင်တကြီး ယစ်မူး မနေသင့်တော့။ အမူးရပ်ကာ အမတ်ရူး ရောဂါအတွက် အဖြေရှာ သင့်ပြီ ဖြစ်သည်။ ထိုရောဂါသည်များ သည် မင်းသားကြီး မလုပ်ရလျှင် ပတ်မ ကို ထိုးဖောက်တတ်၏။ ထို ရောဂါကြောင့် (နိုင်ငံရေး) သေဆုံးသွားလျှင် ကာယကံရှင် များနှင့်တကွ ပါတီပါ နစ်နာနိုင်၏။  သည်အတိုင်း လွှတ်ထားလိုက်လျှင် လွှတ်တော်အတွင်းသို့ ရောဂါသည်များ ရောက်ကုန်မည်။ သေချာသည်မှာ လွှတ်တော် အသီးသီးသည်  အရူးများ ငြင်းခုံရာ စင်မြင့် မဟုတ်။
သို့ဖြစ်၍..၊ အမတ်ဖြစ်လိုသူ၊ ဖြစ်လာမည့်သူများအား အမတ်ရူး ရောဂါသည် အဖြစ် သတ်မှတ်ခံရခြင်းမှ ကင်းဝေးရန် တတ်စွမ်းသမျှ အကြံပြုလို ပါသည်။ပြည်သူကိုသာ မျက်နှာမူပါ။
ပြည်သူ့ လိုအပ်ချက်များကို ဖာထေးပေးသော ” နိုင်ငံ့အရေး ” ကို ဆောင်ရွက်ရင်း ပြည်သူ့ဆန္ဒအရ ပြည်သူ့ ကိုယ်စားလှယ် တာဝန် နှင်းအပ်ခြင်းခံရ ပါက အသင့်ဖြစ်နေရန် နိုင်ငံရေး ဝမ်းစာ ဖြည့်တင်းထား သင့်ပါသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ လွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အချင်းများအပြင်  ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိခြင်း (ပုဒ်မ -၁၂၁)ပါ အချက်များကို စစ်စစ်ပေါက်ပေါက် ကြေညက်အောင် လေ့လာထားသင့်သည်။ ငွေကြေး အရှုပ်အရှင်းနှင့် အမှုအခင်းကင်းရှင်းမှုအပြင် အလွန်ရှုပ်ထွေးသည့် နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုကို အထူးသတိပြု သင့်ပါသည်။ အချိန်နှောင်းမှ ပယ်ချခံရသော သာဓကများရှိခဲ့၏။  (ဒေါ်အောင်ဆန်းစုကြည် နိုင်ငံသားစိစစ်ရေးကဒ်ပြား ပြုလုပ်နေပုံကို အင်တာနက်ပေါ် တွေ့လိုက်ရသည်မှာ မကြာသေး။)
ရွေးကောက်ပွဲ ဥပဒေနှင့် နည်းဥပဒေများ၊ ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို ကျကျနန လေ့လာထားပါ။ ထိုစည်းကမ်းချက်များနှင့် ကိုက်ညီအောင် လုပ်ဆောင်နိုင် ရေး ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် ငွေစာရင်းစစ်ဆေးပြီး ရွေးကောက်ပွဲ စည်းမျဉ်းနှင့် မကိုက်ညီဟုဆိုကာ NLD မှ အနိုင်ရ အမတ် ၂၀ ကျော်ကို ကိုယ်စားလှယ် အဖြစ်မှ ပယ်ဖျက်ခံခဲ့ရဖူးသည်ဟု ဖတ်မှတ်ဖူး၏ (အာဏာလွဲ မပေးခဲ့သည်မှာ ဒုတိယအဆင့် ဖြစ်သည်)။ ဂိုးသွင်းပြီးမှ လူကျွံဘောမိမည်စိုး၏။ အများပြည်သူ သောင်းသောင်းဖြဖြ ထောက်ခံလိုက်ကြပြီးမှ ဥပဒေ၊ စည်းမျဉ်း စည်းကမ်း တစ်ခုခုကြောင့် ဆင်ပြောင်ကြီး အမြီးကျမှ တစ်နေကာ ပြည်သူ အပေါင်း ရင်တမမဖြင့် လက်ပိုက် စောင့်ကြည့်နေခဲ့ရသော သာဓကများ ရှိခဲ့၏။ ထိုသို့ ဖြစ်ခဲ့ပါက ပါတီနှင့်တကွ မဲပေး ပြည်သူများပါ နစ်နာရပေမည်။ ပြည်သူ့ ယုံကြည်မှု ကျဆင်းလိမ့်မည်။
အထူးသဖြင့် ကိုယ်ကျင့်သီလ လုံအောင် ထိန်းသိမ်းထား ရပါလိမ့်မည်။ နိုင်ငံရေး ကိုယ်ခံအား ကောင်းဖို့လိုသည်။ အများအကျိုးကိုသာ ငဲ့ကွက်ကာ ရဲရင့်ပြတ်သားစွာ ဆုံးဖြတ်နိုင်စွမ်းရှိအောင် ကြိုးစားရလိမ့်မည်။ တချို့ပါတီများ၌ အမတ်ရောဂါက ကျွမ်းလှပြီထင်၏။ ကုသမရ ယင်းထလွန်းနေတာ တွေ့ရ၏။
နံရံ အားလုံး.. နားတွေ ရှိသည်။
ပြည်သူလူထုသည် မိမိ၏ အသဲကြားက မဲတစ်ပြားနှင့် ထိုက်တန်သူကို အကဲဖြတ်ရန် စောင့်ကြည့် နေပါလိမ့်မည်။