ဖိုးသီးချို မီးစက် ကတိအတိုင်း မရွှေ့ပေး၍ စက်ရုံအနီး နေသူများ မကျေနပ်

0
666

မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ရွှေဘေးရွာရှိ ဖိုးသီးချို လျှပ်စစ်ဓာတ်အား ပေးစက်ရုံအား ပြီးခဲ့သည့် ဩဂုတ်လက  မီးစက်ကို ဖယ်ပြီး ထရန်စဖော်မာများ သာထားမည်ဟု ပြောဆိုထားသော်လည်း လက်ရှိ အချိန်ထိ ကတိအတိုင်း ဖြစ် မလာသည့်အတွက် စက်ရုံအနီး နေထိုင်သူ တချို့က မကျေမနပ် ဖြစ်လျက်ရှိသည်။


အဆိုပါ ဓာတ်အားပေး စက်ရုံမှ ထွက်ပေါ်နေသည့် မီးစက်သံကြောင့် ရပ်ကွက်နေလူထု အနှောင့်အယှက် ဖြစ်ရသည့်အတွက် အသံလုံအောင်ပြု လုပ်ပေးရန် ၂၀၁၄ ခုနှစ် မတ်လမှ စပြီး သက်ဆိုင်ရာဌာနများသို့ သုံးကြိမ် တိုင်တိုင် စာဖြင့်တင်ပြပြီး ဖြစ်ကြောင်း စာတင်ပြထားသူများက ပြောသည်။
ယခင်က နေ့ညမောင်းနေသည့် အတွက် သည်းမခံနိုင်သဖြင့် ဆန္ဒပြမည်ဟု အနီးဝန်းကျင်နေသူများက လေသံပစ်ပြီး ရက်ပိုင်းအကြာ သင်္ကြန်မကျခင် ရက် ပိုင်းအလိုမှ လက်ရှိအချိန်ထိ မီးစက်ကို ည ပိုင်းတွင်သာ မောင်းနှင်နေကြောင်း မီးစက်အနီး နေထိုင်သူ တစ်ချို့က ဆိုသည်။
” ဘယ်အချိန်မှာ နေ့ရောညပါ ပြန်မောင်းမလဲဆိုတာ စောင့်ကြည့်နေတယ် ” ဟု မီးစက်အနီးနေထိုင်သူ ဦးဝင်းမြင့် က ပြောသည်။
ညပိုင်းတွင်သာ မီးစက်မောင်း မည်ဆိုပါက မည်သည့် အချိန်မှမည် သည့်အချိန်အထိ ခုတ်မောင်းမည်ကို ရွာသားများ အား ကိုယ်တိုင်လာတွေ့ပြီး ခံဝန်ကတိ လက်မှတ်ရေးထိုး စေလိုကြောင်း ဦးဝင်းမြင့်က ပြောသည်။ ယင်းမီးစက်တွင် ထရန်စဖော်မာကို ထားပြီးဖြစ်သော်လည်း လက်ရှိ အနေအထားအရ မီတာခဈေး လျော့နည်း လာချိန်တွင် မီးသုံးစွဲသူများပြားလာကာ မြို့ထဲရှိ စက်က မနိုင်သဖြင့် ရွှေဘေးမီးစက်ကို ညဘက်ပိုင်းတွင် ဝင်ကူသည့် အနေဖြင့် ညနေ ၅ နာရီမှ ည ၁၀ နာရီခွဲအချိန်ထိ ခုတ်မောင်းနေရ သည်ဟု မီးစက်ရုံမန်နေဂျာ ဦးဇော်လတ်က ဧပြီ လဆန်းပိုင်း က ရှင်းပြဖူးသည်။
အဆိုပါ မီးစက်သည် ရွှေဘေးရွာ၊ စစ်တပ်ဝင်း၊ စန္ဒဝတ်ကျေးရွာ၊ ကွမ်းသီး ချောင်းရွာနှင့် ကျွဲကူးကျေးရွာများ အထိ ၂၄ နာရီ လျှပ်စစ်မီးဖြန့်ဖြူးထားသည်ဟု မီးစက်ရုံးမှ သိရသည်။ မြိတ်တွင် ပုဂ္ဂလိက မီးလင်းရေး အဖွဲ့ ၉ ဖွဲ့ရှိသည်ဟု မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းရုံးမှ သိရသည်။