ထားဝယ်၊ မင်းနဲလှနှင့် အလောင်းမင်းတရား

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ပြီးခဲ့တဲ့ သင်္ကြန်အတွင်း ထားဝယ် ကို ပြန်ခဲ့တော့ ကျွန်တော် စီးလာတဲ့ လေယာဉ်က ထားဝယ်လေဆိပ် ဆင်းခါနီးလေးမှာ မြို့ ဟောင်းရွာ(သာဂရ) ပေါ်ကနေ ဖြတ်သွားတာကို သတိပြုမိပါ တယ်။ လေယာဉ်ကွင်းကို ဆင်းခါနီး လေး ဆိုတော့ မြေပြင်နဲ့ နီးကပ်နေပြီး အရှိန်ကို လည်း လျှော့ထားတာမို့ သာဂရမြို့ဟောင်း လို့ လူသိများတဲ့ မြို့ဟောင်းရွာကို မြင်နိုင် သမျှ အချိန်တိုလေးတွင်း အသေအချာကို ကြည့်ဖြစ်ပါတယ်။

အဲဒီအခိုက် အတန့်လေးမှာ သာဂရမြို့ဟောင်းဟာ ရှေးဟောင်း ပျူမြို့တွေလို အဝိုင်း ပုံသဏ္ဌာန်ရှိတဲ့ မြို့တစ်မြို့ ဖြစ်တယ်ဆိုတာ ကို သေသေချာချာ မြင်ခဲ့ရပြီး မြို့အလယ် နားလောက်က ရှင်ဇလွန် စေတီတော်ကြီးကို လည်း ဖူးလိုက်ရပါသေးတယ်။ နောက်ပြီး မြေပြင်အနေထားမှာ သိပ်ပြီး မထင် ရှားတော့တဲ့ မြို့ရိုးနဲ့ ကျုံးနေရာ ကိုလည်း ထင်ထင်ရှား မြင်နေရ သေးတာပါ ။
dawei-map
ထားဝယ်ဒေသ အတွင်းက ရှေး အကျဆုံး မြို့တွေထဲမှာ သာဂရ မြို့ဟောင်းကို ဘယ်အချိန်လောက်က စတည်ခဲ့ တာပါလိမ့်။ သာဂရဆိုတဲ့ မြို့နာမည်က မြို့စတည် ကတည်းက သတ်မှတ်ထားတဲ့ နာမည် ဟုတ်ရဲ့လား.. စသဖြင့် တွေးကြည့်မိပါတယ်။တချို့ မှတ်တမ်းများမှာတော့ သာဂရကို စတင်တည်ခဲ့တဲ့ ခုနှစ်နဲ့ အစောပိုင်းမှာ အုပ်စိုးခဲ့တဲ့ မင်းများ ရဲ့အမည်ကိုပါ ဖော်ပြ ထားတာ ကို မှတ်သား ရဖူးပါတယ်။ ဒါပေ မယ့်လည်း အဲဒီခုနှစ်နဲ့ စိုးစံတဲ့ မင်းများ နာမည်တွေရဲ့ ဖော်ပြချက် တွေ တိကျ မှန်ကန်မှု ရှိမရှိ သိနိုင် ဖို့ ပညာရှင်များ သုတေသနပြုဖို့ လိုအပ် ဦးမယ်လို့ ထင်ပါတယ်။ အခုချိန်မှာတော့ သာဂရမြို့ဟောင်း အကြောင်း ကောင်းကောင်း သိရဖို့ မြေထဲ သမိုင်းကို အားကိုးရမှာပါ။
သာဂရ မြို့ဟောင်းနဲ့ ပတ်သက်လို့ သမိုင်း အကြောင်းအရာ အချက်အလက် တွေကို တိတိကျကျ မသိရ သေးပေမယ့် လက်ရှိ ထားဝယ်မြို့ရဲ့ မူလ ဇစ်မြစ်ကို တော့ မှတ်တမ်း မှတ်ရာများမှာ အတော် လေး ထင်ရှားအောင် ဖော်ပြထား တာကို မှတ်သား ရဖူးပါတယ်။ ဒါကြောင့်မို့ လက်ရှိ ထားဝယ်မြို့ရဲ့ သမိုင်းကြောင်းကို လက်လှမ်းမီသမျှ ဖတ်ရှု လေ့လာဖူးတဲ့ အချက်လက်များကို အခြေခံပြီး တင်ပြချင်ပါတယ်။
လက်ရှိ ထားဝယ်မြို့ကို မြို့စား မင်းနဲလှက ခရစ်နှစ် ၁၇၅၄ ခုနှစ်မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ မင်းနဲလှဟာ တတိယ သာဂ ရ (ဇလွန်း) မြို့ရဲ့ နောက်ဆုံး မင်းဆက်ဖြစ်ပြီး အဲဒီ ကမှတဆင့် ထားဝယ်မြစ် အရှေ့ဘက်ခြမ်း မှာ ရှိတဲ့ မြို့သစ်ကို တည်ထောင်ခဲ့တာပါ။ ပထမ စစချင်း အခုလက်ရှိ ထားဝယ် မြို့နေရာမှာ တည်ထောင်ခဲ့တာ မဟုတ်ပါ ဘူး။ ကြက်စားမြို့ (တလိုင်းရှောင်မြို့) အရင်တည်ထောင်မြို့ သုံးနှစ်ကြာ ပြီးမှ မြောက်ဘက်အရပ်ကို ရွှေ့ပြီး မြို့သစ်ကို တည်ခဲ့တာ ဖြစ်ပါတယ်။ မြို့သစ် တည်ချိန် ကို အတိအကျ ပြောရရင် ဥဩအော်သည် ဆိုတဲ့ အမှတ်သားနဲ့ နေ့သင့်နံသင့်ဖြစ်တဲ့ သက္ကရာဇ် ၁၁၁၆ ခုနှစ် တပေါင်း လဆန်း ၁၃ ရက် စနေနေ့မှာ ဖြစ်ပါတယ်။ အဲဒီ အချိန်ခါက မြန်မာနဲ့ မွန်တို့ စစ်ဖြစ်နေကြ တဲ့ အချိန်အခါဖြစ်ပြီး ဗဟိုအစိုးရရဲ့ ကွပ်ကဲမှုအောက်က ကင်းလွတ်နေခဲ့တာကို အခွင့်ကောင်းယူပြီး မြို့စားမင်းနဲ လှဟာ သီးခြား မင်းပြုနေခဲ့တယ်လို့ ဆိုပါတယ်။
မြို့စား မင်းနဲလှရဲ့ မြို့သစ် လေးဘက် လေးတန်မှာ အရှေ့ ဘက်မှာ ပြုဗ္ဗာ ခေါ် ပုပ္ပါးတံခါး (ကရပ်ပြင် လမ်းဆုံ)၊ မြောက်ဘက် မှာ မင်္ဂလာတံခါး (အုတ်တံတားကြီး လမ်းဆုံ)၊ တောင်ဘက်မှာ ရတနာတံခါး (တိုက်သစ်ကျောင်းလမ်းနဲ့ အ.ထ.က ၂ ကျောင်းကို သွားရာလမ်းဆုံ )၊ အနောက် ဘက်မှာ အမင်္ဂလာတံခါးခေါ် မသာတံခါး (လမ်းဆုံကြီး) နဲ့ တံခါးငယ် မုတ္တမ တံခါး (အနောက် လမ်းကြားအဝ ) ဆိုပြီး မြို့တံခါး တွေ ဖွဲ့စည်းပါ ရှိတယ်လို့ ဆိုပါတယ်။
၈၂၄ တာ ကျယ်ဝန်းပြီး သူရဲခို ၂၅၈ ခု၊ အုတ်မြို့မြေဝင် ၃ တောင်၊ မြို့နဖူး ၆ တောင် ရှိတယ်လို့ သိရ ပါတယ်။ မင်းနဲလှဟာ သူ ပြောင်းရွှေ့လာခဲ့တဲ့ မြို့ဟောင်း သာဂရမှာရှိခဲ့တဲ့ ရပ်ကွက် အမည်များကို အသစ် တည်ထောင်တဲ့ မြို့သစ်မှာ ထည့်သွင်းခဲ့ပါတယ်။ ဥပမာ – ဆင်ပုနစ်ရပ် ၊ ဗြင်ထန်ရပ် (ပုံကျွန်းရပ်)၊ ကရပ်ပြင်ရပ် ၊ ကညုံ ရပ် .. စတာတွေ ဖြစ်ပါတယ်။
မြို့သစ်ကို လေးဘက်လေးတန် မှာ အုတ်မြို့ရိုးနဲ့ ကာရံထားပြီး တောင်ဘက်နဲ့ မြောက်ဘက်မှာတော့ အပြင်မြို့ရိုးများ ရှိသေး တယ်လို့ သိရပါတယ်။ အတွင်း မြို့ရိုးနဲ့ အပြင်မြို့ရိုးရဲ့ အကွာအဝေးဟာ ကိုက် ၅၀၀ မှ ၈၀၀ အတွင်းရှိပြီး အုတ်မြို့ရိုးများကို (၁၅ _ ၇ ) လက်မ အလျားအနံနဲ့ထု (၂) လက်မခွဲခန့် ရှိတဲ့ အုတ်များနဲ့ ထည်ဆောက် ထားတယ်လို့ လည်း သိရပါတယ်။

လက်ရှိ ထားဝယ်မြို့ကွက် ပေါ်မှာ မြို့ရိုးလေး မျက်နှာကို မှန်းဆပြီး ဖော်ပြရရင် အခုလက်ရှိ ပခုက္ကူကျောင်း ရှေ့မြောက် ထောင့်အနီး ဆေးရုံလမ်းနဲ့ ရွှေ တောင်စားလမ်း ဆုံရာမှ တောင်ဘက် မြေတိုက် ကျောင်းအထိ အရှေ့ဘက် မြို့ရိုးဖြစ်ပြီး အဲဒီမြေတိုက် ကျောင်းမှ အနောက်ဘက် တည့် တည့်မှာရှိတဲ့ ဒေါင်းငူဈေးအနီး ညောင်ပင်ကြီး လမ်းဆုံ အထိမှာ တောင်ဘက် မြို့ရိုးရှိတယ်လို့ ဆို ပါတယ်။ အနောက်ဘက် မြို့ရိုး ဟာ ညောင်ပင်ကြီး လမ်းဆုံကနေ မြောက်ဘက် တည့်တည့်မှာ ရှိတဲ့ မြိတ်တန်း လမ်းဆုံ အထိ ဖြစ်ပြီး အဲဒီနေရာကနေ အရှေ့ဘက် တည့် တည့်မှာရှိတဲ့ ရွှေတောင်စား လမ်းနဲ့ ဆေးရုံလမ်း ဆုံရာ နေရာအထိဟာ မြောက်ဘက် မြို့နေရာ ဖြစ်တယ်လို့ သိရပါတယ်။ အင်္ဂလိပ် လက်ထက် ရောက်မှ လေးဘက်လေးတန်မှာ ရှိတဲ့ မြို့ရိုးများကို ဖြိုချပြီး လမ်းဖောက်လိုက် တာ ဖြစ်ပါတယ်။

မင်းနဲလှဟာ မြို့သစ်ကို တည် ထောင်ပြီး ၅ နှစ်အကြာ ၁၁၂၁ ခုနှစ် အလောင်းမင်းတရား ယိုးဒယားကို စစ်ချီလာတဲ့အခါ သားမယား အစုံအလင်နဲ့ မြန်မာဘုရင်ထံ သစ္စာခံယူဖို့ ကလိန်အောင် မှာ သွားရောက် ကြိုဆိုခဲ့ပါတယ်။ ဒါပေ မယ့်လည်း မင်းတရားကြီးရဲ့ စစ်တံခွန် သည်များ လက်ချက်နဲ့ မင်းနဲလှ ကံကုန် ခဲ့ရပြီး အလောင်းမင်းတရားနဲ့တောင်မှ မတွေ့ဆုံ လိုက်ရဘူးလို့ ဆိုပါတယ်။ မင်းနဲလှ ကွယ်လွန် ပြီးနောက်မှာ မြန်မာ ဘုရင် သစ္စာတော်ခံ ရေဝန် ဒေ၀ဒိဗ္ဗ ကို ထားဝယ်မြို့ဝန် ခန့်ထားခဲ့ပါတယ်။ ဒါပေမယ့် တစ်နှစ်လောက် အကြာမှာ မင်းနဲလှလက်ထက်က ရွှေတောင် အရပ်ကို စားခဲ့ရတဲ့ မင်းရှင်ဇော်က ရေဝန် ဒေ၀ဒိဗ္ဗ ကို တပ်မှူးမောင်နဲအောင်နဲ့ ပူးပေါင်း လုပ်ကြံပြီး ရွှေတောင်စားမင်းအဖြစ် ထားဝယ်မြို့ကို အုပ်ချုပ် သီးခြား မင်းပြု ပြန်ပါတယ်။ ဒါဆိုရင် ထားဝယ်မြို့ဟာ မြန်မာဘုရင် ရဲ့လက်အောက်မှာ တစ်နှစ် ခန့်သာ ကြာပြီး သီးခြား ပဒေသရာဇ်အဖြစ် ရပ်တည်နေခဲ့တယ်လို့ ဆိုရမှာပါ။ အခု ကျွန်တော်တို့ အခုလက်ရှိ ဖူးတွေ့နေရတဲ့ ထားဝယ်မြို့ရဲ့ ကျက်သရေဆောင် ရွှေတောင်စား စေတီကြီးကို မင်းရှင်ဇော (ရွှေတောင်စားမင်း) လက်ထက်မှာ တည်ထားခဲ့တာ ဖြစ်ပါတယ်။

အလောင်းမင်းတရားရဲ့ သား တော် ဆင်ဖြူရှင်မင်း လက်ထက်မှာ ယိုးဒယားကို စစ်ချီလာတဲ့ ဗိုလ်မှူး မဟာ အနော်ရထာ ထားဝယ်ကို ရောက်လာတော့ မြို့စား မင်းရှင်ဇော် ဟာ မခုခံနိုင်ဘဲ အဲဒီတုန်းက ယိုးဒယား လက်အောက်ရောက်နေတဲ့ မြိတ်မြို့ထဲ ပြေးဝင်ခိုလှုံပါတယ်။ မဟာနော်ရထာဟာ မင်းရှင်ဇော်ကို ပြန်တောင်းပေမယ့်လည်း ယိုးဒယား တို့က မပေးတဲ့အပြင် မင်းရှင်ဇော်နဲ့ မိသားစုကို တနင်္သာရီမြို့မှ တဆင့် သူတို့နိုင်ငံထဲအထိ ပို့ဆောင်ပြီး ခိုလှုံစေခဲ့ ကြောင်း မှတ်သားရဖူးပါတယ်။ အဲဒီ အချိန် ကတည်းက စပြီး ထားဝယ်မြို့ကို မြန်မာမင်းတို့ ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။ ထားဝယ်မြို့ဟာ မြန်မာမင်း လက်အောက်ခံ မြို့တစ်မြို့အဖြစ် ရပ်တည် လာခဲ့တာဟာ မင်းရှင်ဇော် လက်ထက် နောက်ပိုင်း မြို့စား ၁၉ ဆက်မြောက်ဖြစ်တဲ့ မင်းကြီးမင်းကျော် စည်သူဦးရွှေတုတ် လက်ထက် ၁၈၂၄ ခုနှစ် ပထမ မြန်မာ အင်္ဂလိပ် စစ်ပွဲအပြီး ထားဝယ်မြို့ အင်္ဂလိပ် လက်အောက် ကျရောက်တဲ့ အထိပါပဲ ဖြစ်ပါတယ်။

မြို့စား မင်းနဲလှ သာဂရမြို့မှ ပြောင်းရွှေ့ပြီး ထားဝယ်မြစ် အရှေ့ဘက် ခြမ်းမှာ လာတည်ခဲ့တဲ့ မြို့(အခုလက်ရှိ ထားဝယ်မြို့) ကို သာယာဝတီဆိုတဲ့ မြို့အမည်နဲ့ တည်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေ မယ့် အဲဒီ သာယာဝတီမြို့ကနေ ဘယ်အချိန်လောက်မှာ ထားဝယ် မြို့ဆိုပြီး နာမည်ပြောင်းသွားခဲ့ သလဲဆိုတာကို သိချင်နေမိပါတယ်။ တကယ်တော့ ပုဂံခေတ်ကနေ ထားဝယ်မြို့သစ် (သာယာဝတီမြို့) ကို စတည်တဲ့ အချိန်က ခေတ်ပြိုင် မှတ်တမ်းတွေနဲ့ နောက်ပိုင်း မှတ် တမ်းတွေမှာလည်း ထားဝယ် ဆိုတဲ့ နာမည်ကို ကိုယ်စားပြုတဲ့ ထဝယ်၊ တဝယ်၊ ဒဝယ်၊ ဓဝယ် … စတဲ့ အမည်တွေကိုသာ သုံးစွဲထားတယ် လို့ပဲ မှတ်သားရဖူးပါတယ်။ အင်္ဂ လိပ်ခေတ် ရောက်တဲ့ အချိန်မှာတော့ Tလေသပ ဆိုပြီး ရေးတာပါ။ ပုဂံ ခေတ် ကျောက်စာဖြစ်တဲ့ အေဒီ ၁၁၉၆ ခုနှစ်ထိုး ဓမ္မရဇိက ဘုရား ကျောက်စာမှာ” တောင်ကား တဝယ် ” ဆိုတဲ့ အရေးအသား ပါ ရှိနေတာဆိုတော့ လွန်ခဲ့တဲ့ နှစ် ပေါင်း ရှစ်ရာကျော် ကိုးရာအတွင်း အချိန်ကတည်းက ဒီနေရာ ဒီဒေသ မှာ အဆက်အဆက် တည်ခဲ့တဲ့ မြို့ တွေကို ထားဝယ်ဆိုတဲ့ နာမည်ကို ကိုယ်စားပြုတဲ့ နာမည်တွေကိုပဲ အသုံးပြုခဲ့တယ်လို့ ဆိုရမှာပါ။
ဒါ ကြောင့် မြို့စားမင်းနဲလှအနေနဲ့ သူတည်ခဲ့တဲ့ မြို့သစ်ကို သာယာဝ တီမြို့လို့ သမုတ်ခဲ့တာဟာလည်း ယတြာချေတဲ့ သဘောမျိုးနဲ့ ဒါမှ မဟုတ် အစဉ်အဆက် လက်အောက်ခံ မြို့အဖြစ်မှ သီးခြားခွဲထွက် တဲ့ သဘောမျိုးနဲ့ နာမည်သစ်ပေးခဲ့တာ မျိုးလားလို့လည်း တွေးကြည့်ချင် စရာပါ။
ဘယ်လိုပဲ ဖြစ်ဖြစ် အခုလက်ရှိ တည်ရှိနေတဲ့ မြို့နာမည်ရော အရင် က တည်ရှိခဲ့တဲ့ မြို့နာမည် တွေကို ရော ထားဝယ်မြို့ဆိုတဲ့ နာမည်နဲ့ အဲဒီ နာမည်ကို ကိုယ်စားပြုတဲ့ အမည်တွေနဲ့သာ ထင်ရှား ခဲ့တယ် လို့ပဲ ဆိုရမှာပါ။ ဒါကလည်း သူ့ နေရာမှန် နာမည်အမှန် ဖြစ်လို့ ထားဝယ် ဆိုတဲ့အမည်နဲ့ ဆက်လက် ရှင်သန်လာခဲ့တယ်လို့ပဲ ဆိုချင်ပါ တယ်။

အကိုးအကား။ ။

၁) ထားဝယ် ဝေါဟာရနှင့် ပတ်သက်၍ (မောင်လေးတင့်)
၂) ထားဝယ်နိဒါန်း သို့မဟုတ် ထားဝယ်အတိတ်လမ်းသို့ ပြန်လှမ်း လျှောက်သောအခါ (မောင်သန်းဆွေ ထားဝယ်)