နယ်တက္ကသိုလ်တွေဘာလုပ်နေလဲ

0
454

ရန်ကုန်နှင့်မန္တလေးတက္ကသိုလ်တို့တွင် ဒီပလိုမာအတန်းများ တစ်ခုပြီး တစ်ခုဖွင့်နေသည်ကို ကြားရသည့်အခါ နယ်တက္ကသိုလ်တွေ ဘာလုပ်နေလဲ ဟူသည့်မေးခွန်းကို မကြာခဏမေးဖြစ်သည်။
ယင်းသင်တန်းများသည် နယ်တွင်အလုပ်လုပ်နေသည့်သူများ မည်သို့ ပင်တက်ချင်သည့် ဆန္ဒရှိစေကာမူတက်ရန် မဖြစ်နိုင်သည့် အနေအထား ဖြစ်သည်။
အလုပ်မသွားခင် နံနက်ပိုင်းနှင့် အလုပ်အပြန်ညနေပိုင်းများတွင် တက်ရမည်။ဆယ်တန်းအောင်ပြီးခါစ ကိုယ်ကိုကိုယ်ဘာမှန်း မသိဘဲတက်ခဲ့ ကျောင်းပြီးခဲ့ပြီး အဆင်ပြေရာလုပ်ငန်းခွင်တစ်ခုခုကို ရောက်နေသည့် သူများအတွက် ယင်းသင်တန်းများသည် ဘ၀နောက်တစ်ဆင့်အတွက် ပေါင်းကူးပင် ဖြစ်သည်။

တနည်းအားဖြင့် ကိုယ့်ဘ၀ကိုယ်သိချိန်တွင် နောက်ထပ်ပညာရေး နယ်သို့ခြေချရန်အခွင့်အလမ်း ဖြစ်သည်။
ယင်းသို့ သင်တန်းဖွင့်လှစ်ခွင့် နယ်တက္ကသိုလ်များတွင်ရှိပြီး ဖြစ်ကြောင်း သိရသည်။ သို့ဆိုလျှင် အဘယ်ကြောင့်မဖွင့်သနည်း။
ယင်းသင်တန်းများ မဖွင့်ခြင်းကြောင့် နယ်မြို့များမှပညာကို လိုလား သည့်သူများအတွက် အခွင့်အလမ်းများ ဆုံးရှုံးကြရသည်။ သို့အတွက် ကြောင့် နယ်တက္ကသိုလ်များမှ သက်ဆိုင်ရာတက္ကသိုလ် တာဝန်ရှိသူများအနေ ဖြင့် သင်တန်းများ ဖွင့်လှစ်ရန်အားထုတ်စေချင်သည်။

ခွင့်မပြုခဲ့စဉ်က ခွင့်မပြုခဲ့၍ဟု ဆင်ခြေလွယ်လွယ်ပေးနိုင်ပေသည်။ အခုကခွင့်ပြုထားပြီဖြစ်သည့်အတွက် တက္ကသိုလ်တစ်ခု၏ စည်ဝေလာ မှု သင်ကြားရန်အခွင့်အလမ်းများ များပြားလာမှုသည် သက်ဆိုင်ရာ တက္ကသိုလ် တာဝန်ရှိသူများကို အကဲဖြတ်သည့် အကဲဖြတ်ချက်ဖြစ်သည်။ ရန်ကုန်နှင့် မန္တလေး တက္ကသိုလ်များတွင် အတိုင်းအတာတစ်ခုအထိ ပြန်လည် စည်ဝေနေပြီဖြစ်သည်။
ထားဝယ်၊ မြိတ်တက္ကသိုလ်များသည်လည်း ပညာကို အဆက်မပြတ် သင်ယူလိုသူများ၏ နေရာဖြစ်လာရေး အားထုတ်ရန်လိုအပ်နေပြီဖြစ် ကြောင်း ပြောလိုရင်း ဖြစ်သည်။

 

(အယ်ဒီတာ ၁-၅-၂၀၁၅)