မျှော်သာမျှော်သည် မယုံကြည် ” ထားဝယ်စီမံကိန်း ဂျပန်ဝင်မည်”

0
609

ယင်းသို့သော သတင်းမျိုး ယခုနှစ်ပိုင်းအတွင်း အကြိမ်ပေါင်းများစွာ ကြားခဲ့ ဖတ်ခဲ့ပြီးဖြစ်သည်။
“ထားဝယ်စီမံကိန်းတွင် ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားသည်”  ” ရင်းနှီးမြှုပ်နှံ ရန် မသေချာသေး” “စောင့်ကြည့်ဦးမည်” စသဖြင့် ဂျပန်မျှော်နေသည့် မြန်မာနှင့် ထိုင်းကို ပြောခဲ့ကြသည်။


ယခုလည်း လာမည့် ဇူလိုင်လတွင် ဂျပန်က ရင်းနှီးမြှုပ်နှံမှုစာချုပ်ကို လက်မှတ်ရေးထိုးမည်ဟု ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြသည်။ အီတာလျံထိုင်းနှင့် ရိုဂျာနာတို့က လည်း အမေရိကန် ဒေါ်လာ ၁.၇ ဘီလီယံ တန်ဖိုးရှိ ထားဝယ်စီမံကိန်း ပထမအဆင့် အတွက် လာမည့်ဇွန်တွင် လက်မှတ် ရေးထိုးမည် ဟု ဆိုပြန်သည်။
ထားဝယ်စီမံကိန်းနှင့် ပတ်သက်ပြီး ထိုင်းနှင့် မြန်မာအစိုးရဘက်မှ တာဝန်ရှိသူ များ၏ စီမံကိန်း အကောင်အထည်ဖော်မှု ဆိုင်ရာ ထုတ်ပြောသည့် ရက်စွဲများသည် တကယ့်လက်တွေ့တွင် ပြောသည့်အတိုင်း ဖြစ်လေ့ မရှိခဲ့ပေ။အီတာလျံထိုင်းက ထားဝယ် စီမံကိန်းက ထွက်ပြီးနောက်ပိုင်း ထိုင်းနှင့် မြန်မာအစိုးရတို့ လုပ်ကိုင်မည့် အစီအစဉ် ကို ထုတ်ပြန်ခဲ့ဖူး သော်လည်း ယင်းအစီအစဉ် အတိုင်း ဖြစ်မလာခဲ့။

“သတင်းကလည်း ခဏခဏ ထွက်နေတာကိုး။ လက်မှတ် ထိုးတော့မယ်ဆိုပြီး ပြောနေတာကလည်း ခဏခဏပဲ။ လျော်ကြေးပေးတော့မယ် ခဏခဏ ပြောနေပေမယ့် အခုထိ မပေးဘူး ” ဟု ထားဝယ်စီမံကိန်းကို စောင့်ကြည့်နေသည့် ဒေသခံ လူငယ်တစ်ဦးက မှတ်ချက်ပြုသည်။
ယခင်က စီမံကိန်းနှင့် ပတ်သက်ပြီး သတင်းထွက်သည့် အခါ ဒေသတွင် မြေယာဈေးကွက်၊ ပြောင်းရွှေ့ရမည့်သူများ၊ လျော်ကြေး ရမည့်သူများ၊ ကန်ထရိုက်လုပ်ငန်း လုပ်ချင်သူများ စသည်တို့အပြင် ဒေသခံများအကြားတွင် လှုပ်လှုပ်ခတ်ခတ် ဖြစ်လေ့ ရှိသော်လည်း ယခုမှု တုံ့တုံ့မျှ မလှုပ်။
အိမ်ယာများကို ထည်ထည်ဝါဝါ မတည်ဆောက်ရဲသူများ ရှိနေဆဲ၊ လျော်ကြေးကို မျှော်လင့်ပြီး သတင်းတစ်ခါ ထွက်တိုင်းတစ်ခါ ရင်ခုန်ကြသူများလည်း ရှိဆဲဖြစ်သော်လည်း ထားဝယ်စီမံကိန်းနှင့် ပတ်သက်လျှင် ပြောင်းရမည်ဟု သတ်မှတ်ခံထားရသည့် သူတချို့သည်ပင် ပြောင်းရမည်ကို စိတ်မပူတော့သည့်အထိ ဖြစ်နေပြီဟု အထက်ပါ လူငယ်က ပြောသည်။
ဒေသခံ စီးပွားရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းတွင်လည်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်သူများ ကန်ထရိုက်ရရန် စုံစမ်းကြသည်မှ အပ အခြား လှုပ်လှုပ်ခတ်ခတ် မရှိဟု  ထားဝယ်မြို့ခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
အိမ်ခြံမြေဈေးကွက်သည်လည်း ကြီးကြီးမားမား အပြောင်းအလဲ ရှိမည်မဟုတ်ဟု ထားဝယ်မြို့ခံ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ခန့်မှန်းသည်။
“အခုချိန်မှာတော့ သို့လော…သို့လော…သို့လောပေါ့ ” ဟု ထားဝယ်မြို့ခံ သီဟိုဠ်လုပ်ငန်းရှင် ကိုသူရက ဖွင့်ဟသည်။
၎င်း၏ ထိစပ်နေသည့် ဝန်းကျင်တွင်လည်း”ဖြစ်လာ မှာမဟုတ်” ဟု ပြောသူများသည်။
ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံနိုင်မှုနှင့် ဂျပန်၏ ထားဝယ် စီမံကိန်းတွင် ပါဝင်မည်ဟူသည့် စကားအပေါ်တွင်လည်း သံသယရှိနေကြဆဲဖြစ်သည်ဟု ဆိုသည်။
” တခါလာလည်း လုပ်တော့မယ်လို့ ကြွေးကြော်လိုက် မဖြစ်လာလိုက်၊ ကြွေးကြော်လိုက် မဖြစ်လာလိုက်နဲ့။ ဖြစ်လာမှပဲ ယုံရတော့မယ်” ဟု ထိန်ကြီးကျေးရွာနေ ကိုအောင်ဇော်တူးက ဆိုသည်။ဂျပန်က ရင်းနှီးမြှုပ်နှံရန်အတွက် ဇူလိုင်လတွင် အမှန်ပင် လက်မှတ်ထိုးမည်လား။ အီတာလျံထိုင်းနှင့် ရိုဂျာနာရော တကယ် လက်မှတ်ထိုးမည်လား။
ယခင်က သံခင်းတမန်ခင်း စကားများကဲ့သို့ပင် ပြောပြီး ပျောက် သဘောထားရမလား မသိသေး။ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဟံစိန်ကမူ ဂျပန်ပါမည့်ကိစ္စ သူတို့ဆီ အကြောင်းမကြားသေးဟု ပြောသည်ကို ဆဲဗင်းဒေး နေ့စဉ်သတင်းစာတွင် ဖော်ပြသည်။
ထားဝယ်စီမံကိန်းကို မြို့ခံ စီးပွားရေးလုပ်ငန်းရှင် အများစုက ဖြစ်မြောက်စေချင်သော်လည်း လက်ရှိအချိန်တွင် မျှော်လင့်နေသည့် အဆင့်တွင်သာရှိနေပြီး  တကယ်ဖြစ်မှသာလျှင် “ဖြစ်ပြီ ” ဟု ပြောနိုင်မည်ဟု ထားဝယ်မြို့ခံ လုပ်ငန်းရှင် တစ်ဦးက ဝေဖန်သည်။
လက်ရှိတွင် ထားဝယ်စီမံကိန်းနှင့် ပတ်သက်ပြီး အများစု အသံထွက်ကြသည်မှာ
“မျှော်နေတဲ့အဆင့်မှာပဲရှိတယ်။ ယုံကြည်တဲ့ အဆင့်မှာ မရှိဘူး”