ဝင်းစိန်ဆရာတော် ရုပ်ကလာပ်ကို အမြဲတမ်း ပူဇော်ခံထားမည်

0
1018
ဆရာတော်၏ ရုပ်ကလာပ်အား လာရောက်ဖူးမျှော်သူများကို တွေ့ရစဉ် ဓာတ်ပုံ - ယဉ်စနိုင်း

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျောက်တလုံးကျေးရွာရှိ အတောင် ၄၀၀ နှင့် ၆၀၀ ပြည့် လျောင်းတော်မူ ဘုရားများကို ဦးစီး တည်ထား ကိုးကွယ်ခဲ့သည့်
ဝင်းစိန်တောရ ဆရာတော်၏ ရုပ်ကလာပ်အား အမြဲတမ်း ပူဇော်ခံထားသွားမည်ဟုသိရသည်။

သက်တော် ၉၅ နှစ်၊ ဝါတော် ၄၅ ဝါတွင် ဧပြီလ ၂၆ ရက်နေ့ နေ့လည် ၁နာရီခွဲခန့်က လူကြီးရောဂါဖြင့် ရန်ကုန်မြို့ အာရှတော်ဝင် ဆေးရုံ၌
ပျံလွန်တော်မူခဲ့ပြီး ဆရာတော်၏ ရုပ်ကလာပ်ကို ယင်းနေ့ ညနေ ၄ နာရီခန့်တွင်ရန်ကုန်မှ ဝင်းစိန်တောရကျောင်း ဓမ္မာရုံသို့ ပြန်လည် ပင့်ဆောင်ခဲ့သည်။
“ဆရာတော်ရဲ့ ဈာပနကို ပြည်နယ်အဆင့် လုပ်မယ်” ဟု ဝင်းစိန်တောရကျောင်းဂေါပကဥက္ကဌ ဒေါက်တာမြင့်ဦးက ပြောသည်။

ဆရာတော်၏ ရုပ်ကလာပ်အား လာရောက်ဖူးမျှော်သူများကို တွေ့ရစဉ်  ဓာတ်ပုံ - ယဉ်စနိုင်း
ဆရာတော်၏ ရုပ်ကလာပ်အား လာရောက်ဖူးမျှော်သူများကို တွေ့ရစဉ်
ဓာတ်ပုံ – ယဉ်စနိုင်း

မေလ ၃၁ ရက်နေ့ကျရင် ဆရာတော်၏ စံကျောင်းသို့ ကြွချီသည့်အခမ်းအနားပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ဆရာတော် ဘဒ္ဒန္တကေသရသည် နိုင်ငံတော်မှ ချီးမြှင့်သည့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တော်ကို ၂၀၀၁ ခုနှစ်တွင် လည်းကောင်း၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တော်ကို ၂၀၁၄ ခုနှစ်တွင်လည်းကောင်း ချီးမြှင့်ခြင်း ခံခဲ့ရပြီး၊ လာမည့်မေလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန် အယုဒ္ဓယ ဗုဒ္ဓတက္ကသိုလ်ကြီးမှ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ဆက်ကပ် လှူဒါန်းရန်လည်း ရှိသည်ဟု ဂေါပက ဥက္ကဌက ပြောသည်။

“ဆရာတော် ပျံတော်မူမယ့်အစား အစားသေပေးလို့ရရင် ကိုယ်ပဲသေပေးလိုက်ချင်တယ်” ဟု မော်လမြိုင်မှ ဆရာတော်၏ ဒါယိကာ ဦးသန်းဝင်းက
ဖွင့်ဟသည်။ ဝင်းစိန်ဆရာတော်ဘုရားကြီးသည် သာသနာပြုဧရိယာ ဧက ၅၀၀ နီးပါးအတွင်းစေတီပုထိုးပေါင်း ၆၀၀ ကျော် သာသနိက အဆောက်အဦး ပေါင်း ၃၀ ကျော်နှင့်ကမ္ဘာ့အကြီးဆုံး အတောင် (၄၀၀) ပြည့် လျောင်းတော်မူ ဘုရားကြီးတည်ထားခဲ့သည်။ထို့အပြင် အတောင် (၇၀) အမြင့်ရှိ ရှင်ဥပဂုတ္တမထေရ်မြတ်ရုပ်ပွားတော်နှင့်တည်ဆောက်ဆဲ အတောင် (၆၀၀) လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်နှင့်
ဆရာတော်ဘုရား၏ ဇာတိရွာဖြစ်သည့် မုဒုံမြို့နယ်၊ လက်တက်ကျေးရွာတွင်လည်းအတောင် (၁၈၀) ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကိုလည်း တည်ထားခဲ့သည်။

မွန်ပြည်နယ်သားများသာမက မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူတို့ကလည်း ဆရာတော်ကို ကြည်ညှိ ကိုးကွယ်ကြသည့်အပြင်
ထိုင်းဘုရင်မင်းမြတ်၏ ကြည်ညှိမှုကိုလည်း ခံခဲ့ရသည်။ထိုင်းဘုရင်မင်းမြတ် နာမကျန်းဖြစ်စဉ်က ဆရာတော်ဘုရားအား (၃) ကြိမ်
တိုင်တိုင် မြင်မက်ခဲ့ပြီး၊ အိမ်မက်အတိုင်း လိုက်လံ ရှာဖွေ စုံစမ်းရာဆရာတော်၏ သာသနာပြု စခန်းဖြစ်ကြောင်း သိရှိရကာ ဘုရင်မင်းမြတ်မှ
အလွန်ကြည်ညိုလွန်းသဖြင့် ဆွေတော် မျိုးတော်နှင့်ကိုယ်စားလှယ်အဖွဲ့များအား စေလွှတ်၍ ၂ နှစ်ဆက်တိုက် ဆရာတော်အား ကထိန်
သင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့သည်။