အထူး စီးပွားရေးဇုန် တကယ်ထူးသလား

0
542

တခါတလေ ကျွန်တော်တို့ မုန့်ဝေတဲ့အချိန် တန်းမစီမိဘဲ တုတ် (ဒုတ်)ဝေတဲ့ အချိန်မှာများ တန်းစီ မိနေသလားဟု မကြာခဏ စဉ်းစား မိသည်။ သို့သော်လည်း နောက်ကျ သော နိုင်ငံတစ်ခုသည် အခြားသူများ၏ အတွေ့အကြုံများမှ ဆောင်ရန် ရှောင်ရန် တွေ သင်ခန်းစာ ယူနိုင်သည်။

ယခု တစ်ပတ်ဖတ်လိုက်ရသော ဆောင်းပါးတစ်ပုဒ်တွင် ကမ္ဘာမှာ လွတ်လပ်သော ကုန်သွယ်ရေးဇုန်တွေ သူတို့ အဆွယ်အပွားတွေနှင့် ပြည့်နှက် နေပြီး အများစုက ကြိုးပမ်းရကျိုး မနပ် ဟု သုံးသပ်ထားသည်ကို တွေ့ရ သည်။
business-zone
၁၉၅၉ က ပထမဆုံး ခေတ်မီ ကုန်သွယ်ရေးဇုန်ကို ရှနွန် လေဆိပ်တွင် တည်ထောင်ခဲ့ရာ လူသိ မများလှ။ ယခုအခါ လူအများက အထူးစီးပွားရေး ဇုံတွေကို ဝိုင်းဝန်းထောမနာပြု နေကြသည်။ ထိုဇုန်များတွင် အခွန်နှင့် သွင်းကုန်ခွန် သက်သာခွင့်တွေပေး၊ အကောက်ခွန်စနစ် လွယ်ကူမြန်ဆန် အောင် လုပ်ပေးထားကာ စည်းမျဉ်း စည်းကမ်းတွေကလည်း သက်သာ ချောင်ချိ လှသည်။နိုင်ငံများ၏ ၇၅ ရာခိုင်နှုန်းသည် အနည်းဆုံး အထူးစီးပွားရေးဇုန် တခုစီ ရှိကြသည်။ ယခုအခါကမ္ဘာပေါ်တွင် အထူးစီးပွားရေးဇုန် ၄၃၀၀ ရှိရာ ထပ်မံ၍လည်း တိုးပွားနေသည်။ မြန်မာနှင့် ကာတာတို့က ဇုန်အသစ်တွေ တည်ထောင်ရန် ကြိုးစားနေကြသည်။ အိန္ဒိယ အရာရှိကြီးများက စီးပွားရေးဇုန် တည်ထောင်ရေး ရည်မှန်းချက်ကို တော်လှန်ရေး တခုလို သဘောထား သည်။ ဂျပန်ဝန်ကြီးချုပ်က အထူး မဟာဗျူဟာ ဇုန်သည် ပြုပြင် ပြောင်း လဲရေး အစီအစဉ်၏ တစိတ်တဒေသ ဖြစ်သည်ဟု ကြေညာခဲ့သည်။

အထူး စီးပွားရေးဇုန်ကို သဘောကျ သူတွေ အနေဖြင့် အောင်မြင်မှုတွေ အကြောင်းကို အများကြီး ပြောနိုင် ကြသည်။ ဟောင်ကောင်အနီး ၁၉၈၀ က ရှန်ဇန်းဇုန်ကို စမ်းသပ် တည်ထောင် ခဲ့သည်။ စစချင်း တစ်နိုင်ငံလုံး စီးပွားရေး ပြုပြင် ပြောင်းလဲမှု ပြုလုပ်ရမည်ကို ဝန်လေးသော တရုတ် ခေါင်းဆောင်တွေ က မြေစမ်းခရမ်း ပျိုးသည့်အနေဖြင့် လုပ်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူ ထောင်ချီ၍ ဝင်ရောက်လာ ပြီးနောက် ဤဇုန်တွင် စမ်းသပ်ကျင့်သုံး သော စီးပွားရေး မူဝါဒများကို အခြား ဒေသများ၌ပါ ကျင့်သုံး ပျံ့နှံ့လာခဲ့သည်။သို့သော်လည်း အစိုးရတွေက စီးပွားရေးဇုန် ထောင်ရလွယ်သည်။ ကြေညာထုတ်၊ မြေနည်းနည်း ချန်ထား အခွန် သက်သာခွင့်ပေးလိုက်လျှင် နောက်ကျနေသော ဒေသများ ရုန်းကန် နေရသော စက်မှုလုပ်ငန်းများ ထူထူ ထောင်ထောင် ဖြစ်လာမည်ဟု ယုံကြည် လာကြသည်။တကယ်တော့ နာမည်ကြီး သလောက် မလွယ်။
အာဖရိက၌ မအောင်မြင်သော ဇုန်တွေ တပုံတခေါင်း။ အိန္ဒိယ၌ ရာချီ ရှိသည်။ မကြာမီ နှစ်များအတွင်း မဟာ ရှပ်တြာပြည်နယ် တခုတည်း၌ပင် ခြောက်ဆယ်ခန့် ရှိသည်။

ပြီးတော့ အလကားရသည့် ကိစ္စ လည်း မဟုတ်။ အခွန်သက်သာ ခွင့်တွေ ပေးရသဖြင့် ရေတိုတွင် အခွန် နစ်နာသည်။ အချို့နေရာ တိုးတက်ပြီး ကျန်နေရာ နောက်ကျမှုကို ဖြစ်စေသည်။ ထို့ကြောင့် ကွက်မလုပ်ဘဲ တစ်နိုင်ငံလုံး အတွက် ဖြေလျှော့ပေးခြင်းက ကောင်းသည် ဟု ဝေဖန်ကြသည်။ ငွေမည်း ခဝါချစရာ နေရာဖြစ်သွားမည် ကိုလည်း မလိုလား ကြ။ ပို့ကုန်တန်ဖိုး တွေကို စာရင်း အမျိုးမျိုး ပြောင်းပြီး ပြနိုင်သည်။ တစ်ဘက် က ဆုံးရှုံးမှုတွေကို ကာမိမည့် အလုပ်အကိုင် ရရှိမှုတွေ ရင်းနှီး မြှုပ်နှံမှုတွေ ရရှိစေရန် အတွက် အစိုးရများသည် အခြားဇုန် များမှ ပြဿနာများကို သင်ခန်းစာယူရ မည်။
ပထမဦးစွာ ငွေကြေးမက်လုံး တခုတည်း ပေးခြင်းသည် အထောက် အကူ ဖြစ်သော်လည်း ရေရှည် မအောင် မြင်နိုင်ကြောင်း သိရှိထားရမည်။ အောင်မြင်သော စီးပွားရေးဇုန်များသည် ပြည်တွင်း စီးပွားရေးနှင့် ချိတ်ဆက် ထားသော ဇုန်များ ဖြစ်သည်။ ဥပမာ တောင်ကိုးရီးယားသည် ပြည်တွင်းမှ ကုန်ပေးသွင်းသူများကို ချိတ်ဆက်ရန် အားပေးသည်။ ဇုန်တွေက ကမ္ဘာ့ ဈေးကွက်နှင့် ချိတ်ထားရမည်။ ဤကိစ္စနှင့်ပတ်သက်၍ အခွန် သက်သာ ခွင့်ထက် အခြေခံ လမ်းပန်း ဆက်သွယ် ရေး ပိုကောင်းအောင် လုပ်ပေးထားလျှင် အကျိုးပို ကြီးမားသည်။ လမ်းတွေ ရထားလမ်းတွေ ဆိပ်ကမ်းတွေ ပိုကောင်း လာအောင် လုပ်ပေးကာ ကုန်ပစ္စည်းများ များ သယ်ယူ ပို့ဆောင် နိုင်ရေးအတွက် ပြည်သူ့ ရင်းနှီးမြှုပ်နှံ မှုတွေ အကုန်အကျ ခံကာ လုပ်ပေးရမည်။ အာဖရိက၌ အထူးစီးပွားရေးဇုန် အတော်များများ မအောင်မြင်ရခြင်းမှာ ထိုသို့သော ရင်းနှီးမြှုပ်နှံမှုတွေ မရှိခြင်းကြောင့် ဖြစ် သည်။ လျှပ်စစ်မီး အမြဲ မရခြင်း ဆိပ်ကမ်းနှင့် ဝေးခြင်း တို့ကြောင့် ဇုံသစ် အတော်များများ ဒုက္ခ ရောက်ကြ ရသည်။

ဒုတိယ အချက်အနေဖြင့် တစ်ဘက် တွင် နိုင်ငံရေးအရ လုံလောက်သော ကြီးကြပ်ကွပ်ကဲမှု ရှိရန် လိုအပ်ပြီး အခြားတဘက်တွင် အစိုးရ၏ အုပ်ချုပ်ရေး ယန္တယား နှင့် ကင်းလွတ်မှု ရှိရသည်။ ဗဟိုမှ ထိန်းချုပ်မှု လွန်ကဲလျှင် စမ်းသပ် တီထွင်မှုတွေ လျော့နည်း သွားစေ နိုင်သည်။
ဂျပန်နိုင်ငံတွင် စက်မှုဇုန်သစ်တွေ မအောင်မမြင် ဖြစ်နိုင်ရခြင်းမှာ ဗဟို အစိုးရ အရာရှိကြီးများက ဖြေလျှော့ ပေးလိုက်လျှင် အချို့သော အကျိုး စီးပွားတွေကို ထိခိုက်မည်စိုးပြီး ငြင်းပယ်ကြသောကြောင့် ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၏ အတွေ့အကြုံအရ ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဇုံလည် ပတ်ခွင့် ပြုလိုက်လျှင် အကျိုးရှိကြောင်း တွေ့ရသည်။ သို့သော်လည်း ရည်မှန်း ချက် ကြီးမားလွန်းပြီး မြို့သစ်များ အနီးတဝိုက်တွင် မိမိဥပဒေနှင့် မိမိဇုန် သစ်များ တည်ထောင်ခွင့်ပြုလိုက်လျှင် လွန်ရာ ရောက်မည်။

သဘောတရား အရလည်း အား နည်းချက်များ ရှိသည်။ ပို့ကုန်ကို အဓိကထား၍ တည်ထောင်သော စက်မှု ဇုန်များသည် အဆင့်နိမ့် စက်မှု လုပ်ငန်းများနှင့်သာ အဆင်ပြေသည်။ ထို့အပြင် ဘင်္ဂလားဒေ့ အထည်ချုပ် လုပ်ငန်းများကဲ့သို့ သွင်းကုန်ခွန် မြှင့်ပြီး အကာအကွယ် ပေးမှလည်း အကျိုး ရှိနိုင်သည်။ ငွေရေးကြေးရေး ဝန်ဆောင် မှုများကို အဓိကထားသော တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ စက်မှုဇုန်သစ်ကို စိတ်ဝင် စားမှု အားနည်းကြသည်။ နိုင်ငံခြားငွေ ရောင်းဝယ်ရေး ကဲ့သို့သော လုပ်ငန်း မျိုးကို တစ်ဝက်တစ်ပျက် လွှတ်ပေး လိုက်လျှင် ရပ်ခိုင်းရန် ခက်ပြီး မတည်မငြိမ် ဖြစ်စေနိုင်သည်။ အခြား နည်းဖြင့် ပြုပြင်ပြောင်းလဲရန် ခက်ခဲ သော စီးပွားရေး အဆောက်အအုံ များတွင် စမ်းသပ် ဆောင်ရွက်မှုများကို အားပေးလျှင် အထူး စီးပွားရေးဇုန်များ သည် အသုံးဝင်သည်။ ရှန်ဇန်းပုံစံ စီးပွားရေးဇုန်တခု ဖြစ်လာခဲ့လျှင် ထိခိုက် ဆုံးရှုံးမှုတွေရှိသော်လည်း ပေးရ ကျိုးနပ်သည်။
သို့သော် စိတ်ရှည် ရန် သေသေ ချာချာ စီမံရန် လိုအပ်ပါသည်။

တကယ်တော့ အခွန်အကောက်တွေ လျှော့ချကာ ပြိုင်ဆိုင်နိုင်စွမ်း မြင့်မားစေ ရန် ဆောင်ရွက်ပေးသော တစ်နိုင်ငံလုံး ပြုပြင်ပြောင်းလဲရေး လုပ်ခြင်းက ပို၍ ကောင်းမွန်သည်။အထူးစီးပွားရေးဇုန်တွေ လုံးဝ ထူထောင်ရန် မလိုအပ်သော နိုင်ငံတွေ ကတော့ တကယ်ကို ထူးခြားသည့် နိုင်ငံတွေ ဖြစ်သည်ဟု Thန နခသညသာငျအ မဂ္ဂဇင်းကြီးက သုံးသပ် ထားပါသည်။