သုံးပွင့်ဆိုင် အမှိုက်ရှင်းရေး

Photo credit - Wellington City Council
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

တစ်လောလေးဆီက နိုင်ငံခြားသား တစ်ယောက် မောင်းမကန်ကမ်းခြေမှာ ရေဆင်းကူးတုန်း ခြေထောက်မှာ ပုလင်း ကွဲရှ သွားတယ်ဆိုတဲ့ ကိစ္စ သတင်းတွေမှာ ဖတ်ရတယ်။ တစ်နေ့ တုန်းဆီကလည်း အင်္ဂလန်နိုင်ငံသား တစ်ယောက် ခရီးသွား တွေ စိတ်ဝင်စားတဲ့ ကမ္ဘာကျော် နေရာ ပုဂံက ပုထိုးဘုရား စေတီတွေကြားမှာ ပလပ်စတစ် အမှိုက်တွေ လိုက်ကောက် နေတဲ့ ပုံတချို့ ဆိုရှယ်မီဒီယာမှာ ပျံနှံ့ လာခဲ့တယ်။


အမှိုက်ပြသနာနဲ့ ပက်သက်ရင် ကျွန်တော်တို့ ဘာလုပ်ဖို့လို နေပါသလဲ။ စနစ်တစ်ခု။ ဟုတ်ပါတယ်။ စနစ်တကျ စီမံခန့်ခွဲမှုရှိတဲ့ အမှိုက်သိမ်း စနစ်တစ်ခု ပါ။
(က)
ဝယ်လင်တန်သူ ဟယ်လင်ဟာ သူမ အချစ်တော် ကြောင်ကလေး အော်စကာ စားထားသမျှ စည်သွတ်ဘူး ခွံတွေကို အပေါ်က ခဲသားပြားတွေ ခွာပစ်ပြီး လက်ဆေးဇလုံမှာ စိတ်ရှည် လက်ရှည် ဆေးကြောနေတယ်။ သူမ ဒီဘူးခွံတွေကို ဘာလို့ ဆေးကြော နေပါလိမ့်။ အမှိုက်ပုံးထဲကို ဒီအတိုင်း ထည့်လိုက်ရုံပဲ မဟုတ်လားဗျ။ အလွယ် လေး။ ခဏနေတော့ သူမဟာ သီတင်း တစ်ပတ်လုံး  recycle သောက်ထားသမျှ နွားနို့ ဘူးခွံတွေအပြင် တခြား အဖုံးပါတဲ့ ပလပ်စတစ်ဘူးခွံတွေကို တစ်ခုချင်း အဖုံးဖွင့်ပြီး တိုက်ချွတ် ဆေးကြော နေပြန်တယ်။ ခဏနေတော့ ဟယ်လင့် ခင်ပွန်းဖြစ်တဲ့  ရော့စ်က ဘီယာ ပုလင်းခွံ၊ စက္ကူတွေနဲ့ ပလပ်စတစ် အမှိုက် တစ်ချို့ ကိုပါ သယ်လာတယ်။ ပြီးတော့ အိမ်ရှေ့ က မတူညီတဲ့ အမှိုက်ပုံး အသီးသီးမှာ ခွဲခြားပြီး ထည့်လိုက်ပါတယ်။
ကြာသပတေး နေ့တိုင်းရဲ့ နံနက် စောစောမှာ ကျွန်တော်နေထိုင်တဲ့ အော်စတင်လမ်းမရဲ့ တစ်ဖက် တစ်ချက် စီဟာ ဘီးတပ်ထားတဲ့ အဝါ ရောင်အဖုံးပါ အမှိုက်ပုံးတွေနဲ့ တစ်မျိုး လေးလှလို့ နေတတ်တယ်။ ခြံဝန်းတိုင်းရဲ့ ရှေ့မှာ နေရာယူထားတဲ့ အဲဒီ အမှိုက်ပုံး ဝါဝါတွေ ထဲမှာတော့ အမျိုးအစားခွဲပြီး ထုပ်ထားတဲ့ အမှိုက်ထုပ်တွေပေါ့။ ဒါပေမယ့် ဘီယာဘူးနဲ့ အခြား ဖန်နဲ့ လုပ်ထားတဲ့ ပုလင်းတွေတော့ တွေ့ရမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖန်နဲ့ပတ် သက်တဲ့ အမှိုက်တွေက နောက်တစ်ပတ်မှ သိမ်းမှာ မို့ လို့ပါပဲ။
နယူးဇီလန် နိုင်ငံရဲ့ မြို့တော် ဝယ်လင်တန် မြို့တော်ကောင်စီက ကြီးကြပ်ကွပ်ကဲတဲ့ အမှိုက်သိမ်းကား တွေဟာ တစ်ပတ်လုံးလုံးမှာ မြို့ရဲ့ မတူညီတဲ့ နေရာတွေမှာ အမှိုက်တွေ လိုက်လံ သိမ်းဆည်းလေ့ ရှိပါတယ်။ တစ်မြို့လုံးအတွက် ပစ်ရမယ့် အမှိုက် အမျိုးအစားနဲ့ လာသိမ်းမယ့် ရက်တွေ ကိုလည်း တစ်နှစ်စာ အစီအစဉ်တွေ ဆွဲပြီး အဲဒီ အစီအစဉ် ပြက္ခဒိန်တွေကို အိမ်ပေါက်စေ့ ဝေထားတယ်။ လိုက်လံ သိမ်းဆည်းလို့ ရသမျှ အမှိုက်တွေကို တစ်မျိုးချင်းစီ အလိုက် အသေးစိတ် အမျိုးအစား ခွဲပါတယ်။ စသိမ်း လာ ကတည်းက အိမ်တိုင်းက အမျိုးအစား ခွဲပေးထားပြီးသားဆိုတော့ အလွယ်      တကူပဲ အလုပ် ပြီးမြောက်စေမှာပါ။
မယုံမရှိပါနဲ့။ အဲဒီ အမှိုက်တွေကို ပြည်ပ တင်ပို့တယ်။ အဲဒီ အမှိုက်တွေကို သင်္ဘောတင်ပြီး ဩစတေးလျနဲ့ တချို့ကို တရုတ်ပြည်ဘက်ကို ရောင်းတယ်။
သမုဒ္ဒရာကို ဖြတ်ပြီး အများဆုံး တင်ပို့တဲ့ အမှိုက်တွေက စောစောက အပေါ်မှာ ပြောခဲ့သလို ” ဟယ်လင်” ဆေးကြောနေတဲ့ တိရိစ္ဆာန်အစာ စည်သွတ်ဘူးခွံတွေ၊ ပလပ်စတစ် ဘူးခွံ တွေနဲ့ တခြားပလပ်စတစ်နဲ့ ပတ်သက်တဲ့ အမှိုက်တွေပါတဲ့။ အလူမီနီယံ၊ သစ်သား နဲ့ စက္ကူလို အမှိုက်တွေ၊ ဖန်ပုလင်းတွေကို တော့ နယူးဇီလန် နိုင်ငံက တခြားမြို့တွေ ဆီကို ပို့ပြီး အသစ်တစ်ဖန် ပြန်လည် အသုံးပြုလို့ရတဲ့ ထုတ်ကုန် (RECYCLING) လုပ်ပါသတဲ့။
(ခ)
တနင်္ဂနွေ ရုံးပိတ်ရက်တစ်ခုမှာ အင်ဒရူးဟာ သူ့ခြံထဲမှာ အလုပ်များ နေတယ်။ ခြံစည်းရိုး တစ်လျှောက်က တောထနေတဲ့ နေကြာပန်းပင် အခြောက်တွေကို ဆွဲနှုတ်ပြီး အိမ်ရှေ့က မြက်ခင်းပြင်မှာ သူ စုပုံထားလိုက် တယ်။ နောက်ဖေး ခြံဝင်းထဲက ရှည်ထွက်နေတဲ့ သစ်ကိုင်းသစ်ခက် တွေကိုပါ ခုတ်ပိုင်းပြီး ပေါင်းထည့်တယ်။ ပြီးခဲ့တဲ့ အားလပ်ရက်တုန်းက ရှင်းလင်း ထားတဲ့ အလှစိုက်ပန်းပင် အအို အဟောင်းတစ်ပုံနဲ့ အသီးဆက် မသီး တော့တဲ့ ခရမ်းချဉ်နဲ့ ပဲပင်ခြုံတွေ အတော် များများလည်း ခြံနောက်မှာ တစ်ပုံ ရှိတယ်။ အားလုံး စုပေါင်း လိုက်တော့ ထွေလာဂျီ တစ်စီးနီးပါးမျှ အမှိုက်တွေ ပေါ့။ ဒါတွေ အားလုံး နောက်တွဲ ယာဉ် ပေါ်တင်ပြီး အင်ဒရူးက သူ့ကားနောက်မှာ ချိတ်လိုက်တယ်။
မိနစ် ၃၀ ကျော်လောက် ကားမောင်းလိုက်တော့ မြို့ပြင် တစ် နေရာက အမှိုက်ပစ်တဲ့ နေရာ တစ်ခုကို ရောက်တယ်။ ဒီနေရာမှာ အမှိုက်ပစ်တဲ့ နေရာဆိုတာ ဘယ်လို ဖြစ်မလဲ စိတ်ကူးကြည့်ပါ။ ကြွပ်ကြွပ် အိတ်တွေ လေယူရာ ပလူပျံနေမလား။ ဒါမှမဟုတ် အနံ့ တထောင်းထောင်း ထနေတဲ့ အမျိုးအစား ပေါင်းစုံအမှိုက်တွေ တောင်ပုံ ရာပုံများ ပုံနေမလား။
မဟုတ်ပါ။ စတွေ့ရတာက ဂိတ်ဝင်း တစ်ခု။ အပေါက်ဝ ကျော်ကျော် နားမှာ လမ်းအသုံးပြုခကောက်တဲ့ ဂိတ်ပုံစံ အတိုင်း ကားတစ်စီးလုံးကို ချိန်ရတယ်။ ဒါကို ကောင်တာက ဝန်ထမ်းက ကွန်ပြူတာ နဲ့ မှတ်တမ်း တင်ထားလိုက်တယ်။
သစ်ပင် သစ်ကိုင်းတွေမို့ အစိမ်းရောင် အမှိုက်လို့ သတ်မှတ်ထားတဲ့ နေရာမှာ သွန်ရတယ်။ ဒီအမှိုက်တွေကို ကြိတ်ခွဲ သန့်စင်ပြီး ရင်တော့ မြေဩဇာ အဖြစ် ပြန်လည်ထုတ်လုပ်ပြီး ရောင်းချ ပါတယ်တဲ့။ အမှိုက်တွေသွန်ပြီးတော့ အင်ဒရူးက ကားထဲက အထုပ်တစ်ထုပ် ထုတ်ယူလာတယ်။ အသုံးမပြုတော့တဲ့ ဆဲလ်ဖုန်း ၄ လုံး နဲ့ ရေဒီယိုမှာသုံးတဲ့ ဓာတ်ခဲခြောက်တွေ။ စတိုးဆိုင်လို နေရာတစ်ခုမှာ ဖုန်းတွေကို သွားအပ် လိုက်တယ်။
မသုံးချင်တော့လို့ လာစွန့်ပစ် ထားတဲ့ ပစ္စည်းတွေကို ပြန်လည်ပြုပြင်ပြီး ဈေးပေါပေါနဲ့ ပြန်ရောင်းတဲ့ စတိုးဆိုင် လည်း အဲဒီမှာ ရှိတယ်။ မြို့ထဲမှာလည်း အဲဒီလို ပစ္စည်းအဟောင်း တွေ ဈေး လျှော့ရောင်းတဲ့ဆိုင်တွေမှာ လူစည်ကား နေလေ့ရှိတယ်။
ဓာတ်ခဲတွေကိုတော့ ဘေး အန္တရာယ်ရှိ အမှိုက်များလို့ သတ်မှတ် ထားတဲ့ နေရာမှာ စွန့်ပစ်ရပါတယ်။ အင်ဂျင်ဝိုင်အဟောင်း၊ အိမ်သုတ်ဆေး အကြွင်းအကျန်၊ ဘက္ထရီနဲ့ လျှပ်စစ် ပစ္စည်းတွေ စွန့်ပစ်ရမယ့် နေရာ တွေမှာလည်း လာရောက် စွန့်ပစ်နေသူ အသီးသီး တွေ့ရတယ်။ ဒီအမှိုက်တွေ ကိုလည်း မတူညီတဲ့ ဖြိုခွဲနည်းတွေ အသုံးပြုပြီး တချို့ကို ဖျက်ဆီးပစ်တာ တချို့ကို ပြန်လည် အသုံးပြုလို့ ရအောင် ထုတ်လုပ်တာတွေ လုပ်ပါသတဲ့။
အပြန်မှာတော့ အလာတုန်းက ဂိတ်မှာပဲ ကားကို ပြန်ချိန်ပါတယ်။ လျော့သွားတဲ့ ပမာဏပေါ်မှာ မူတည်ပြီး တစ်ကီလိုဂရမ်ကို ၀.၀၅၅ ဒေါ်လာနှုန်းနဲ့ ပိုက်ဆံ ရှင်းပေးရပါတယ်။ ဒါက အစိမ်းရောင်လို့ သတ်မှတ်တဲ့ အမှိုက် အတွက်ပါ။ တခြား လျှပ်စစ်၊ လောင်စာ ဆီ စတာတွေနဲ့ ပတ်သက်တဲ့ အမှိုက် တွေကတော့ ဒီ့ထက် ဈေးပိုကြီး ပါတယ်။
(ဂ)
ဝယ်လင်တန်က အိမ်တိုင်းရဲ့ မီးဖိုချောင်ထဲမှာ တွေ့ရတာက စားကြွင်း စားကျန် အမှိုက်ပုံးပါပဲ။ သစ်သီးခွံ၊ အသားငါး၊ ဟင်းသီး ဟင်းရွက်နဲ့ စားကြွင်းစားကျန်တွေကို အဲဒီအထဲ အားလုံး စုထည့်ပါတယ်။ အိမ်တိုင်းရဲ့ နောက်ဖေးမှာတော့ လေးထောင့် မကျတကျ ပလပ်စတစ်ပုံး အမည်းကြီး တွေ ရှိပါတယ်။
မီးဖိုချောင်က စားကြွင်းစားကျန် အမှိုက်ပုံးထဲက အမှိုက်တွေရဲ့ ခရီး အဆုံးက ဒီပုံးကြီးပါ။ လပေါင်းများစွာ ထပ်ကာ ဆင့်ကာ ထည့်ထားတဲ့ ဒီပုံးရဲ့ အောက်ခြေမှာ ၈ လက်မ ပတ်လည် လောက်ရှိမယ့် အပေါက်တစ်ပေါက်ရှိ ပါတယ်။ အဲဒီ အပေါက်ကို ဖွင့်လိုက်ရင် ထွက်ကျလာမှာက သဘာဝစစ်စစ် မြေဩဇာတွေပေါ့ဗျာ။
ဝယ်လင်တန်မှာ ကျွန်တော် ရောက်ဖူးသမျှ အိမ်တိုင်းနီးပါးရဲ့ နောက်ဖေးမှာ သီးပင်စားပင်တွေ ရှိ တယ်ဗျ။ ခရမ်းချဉ်၊ ငရုတ်ပွ၊ ပဲသီးပင်၊ နံနံပင်၊ သံပုရာပင်၊ ကြက်သွန်မိတ်။ တချို့အိမ်တွေမှာ စပါးလင်တောင်ရှိသေး။ ဒီတော့ စောစောက ထွက်လာသမျှ မြေဩဇာတွေ အားလုံးက အဲဒီအပင်တွေ ရှင်သန်ဖို့ ကောင်းကောင်းကြီး လုံလောက်တယ်။ ဘာဓာတု ဓာတ် မြေဩဇာမှ မလို။ သိပ်ကောင်းတဲ့ အိမ်နောက်ဖေး ဈေးဆိုင် ကလေးတွေ ပေါ့။
နယူးဇီလန်နိုင်ငံအနှံ့ မြို့အသီးသီး က အမှိုက်သိမ်းစနစ်ကို သက်ဆိုင်ရာ မြို့တော်ကောင်စီက စီမံခန့်ခွဲတယ်။ ဗဟိုအစိုးရက ဘာမှ ဝင်မစွက်။ အိမ်တိုင်းမှာ ရှိနေတဲ့ အမှိုက်ပုံးတွေကို ကောင်စီက ဖြန့်ဝေထားတာ။ အမှိုက် ထည့်မယ့် အိတ်တွေကို ကောင်စီက ဝေငှထားတာ။ ဝေငှထား တယ်ဆိုလို့ အလကား ပေးထားတယ် မအောက်မေ့နဲ့။ အိမ်တိုင်းက အဲဒီအတွက် ပိုက်ဆံ ပေးရတယ်။ အခွန် ပေးရတယ်။ တာဝန် ယူရတယ်။ အမှိုက်တွေကို စနစ်တကျ မိမိဘာသာ အမျိုးအစားခွဲရတယ်။ ပုလင်းတွေကို တစ်ခုချင်း အဖုံးဖွင့်ပြီး ဆေးကြော ရတယ်။
အလုပ်တွေများလွန်းတဲ့ ဟယ်လင် ဟာ ကြောင်စာဘူးခွံတွေကို အမှိုက်ပုံးထဲ ဒီအတိုင်းမထည့်ဘဲ ဘာလို့ စိတ်ရှည် လက်ရှည် ဆေးကြော နေရတာလဲ။ အကြောင်းပြချက်ကတော့ နိုင်ငံခြားက အမှိုက်ဝယ်ယူသူတွေဟာ မဆေးကြော ထားတဲ့ ပုလင်းခွံတွေ ဆိုရင် မဝယ်တာ ကြောင့်ပါပဲ။ နယူးဇီလန် နိုင်ငံရဲ့ အကြီးဆုံး ဆိပ်ကမ်းမြို့ဖြစ်တဲ့ အောက် ကလန်က သင်္ဘောဆိပ်မှာ အဲဒီလို ညစ်ပတ်နေလို့ တရုတ်နိုင်ငံက လက်မခံ တဲ့ အမှိုက်တွေရှိတယ်ဆိုပြီး ဗစ်တိုး ရီးယား တက္ကသိုလ်မှာ မြို့တော် ကောင်စီ အရာရှိတစ်ယောက်ပို့ချတဲ့ အမှိုက်သိမ်း စနစ်အကြောင်း သင်ခန်းစာမှာ ပြောသွား ခဲ့တယ်။
ဒါဆိုရင် အမှိုက်သိမ်းဖို့ ပိုက်ဆံ ယူထားတဲ့ မြို့တော် ကောင်စီက ဒီပုလင်းခွံတွေကို ဆေးကြောဖို့ တာဝန် ယူရမှာပေါ့။ ဒါဟာ ဖြစ်နိုင်ပါ သလား။ ဝယ်လင်တန်တစ်မြို့လုံး အသုံးပြုတဲ့ ထောင်သောင်းချီတဲ့ ဘူးခွံတွေကို အမှိုက်သိမ်းတဲ့ ဝန်ထမ်းတွေ တစ်ဘူး ချင်းစီ အဖုံးဖွင့် ဆေးကြောဖို့ဆိုတာ လက်တွေ့မကျ။ ဒါကြောင့်မို့လို့ ဟယ်လင့်လို မီးဖိုချောင်အသုံး ပြုသူတွေ ဟာ အိမ်မှာ အသုံးပြုလိုက်သမျှ ဘူးခွံတွေကို ဆေးကြောနေရတာ ဖြစ်တယ်။ အဲဒီအတွက် သူတို့ ကျေနပ် တယ်။ သူတို့မှာ တာဝန်ရှိ တယ်လို့ ခံယူတယ်။ နိုင်ငံတည်ဆောက်ရာမှာ ပြည်သူ တစ်ယောက်ချင်းစီ ပါဝင်တယ်။
ပြီးခဲ့တဲ့ တစ်လလုံးလုံးနီးပါး အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ရေး၊ ပလပ်စတစ်ကို လျှော့ချ အသုံးပြုရေး၊ သုံးပြီးသား ပစ္စည်းတွေကို ဖြစ်နိုင်သမျှ ပြန်လည် အသုံးပြုရေး၊ အသုံးပြုလို့ မရတော့တဲ့ ပစ္စည်းတွေကို တစ်ဖန်ပြန် လည် ထုတ်လုပ် အသုံးပြုရေး၊ ကိုယ်မ သုံး တော့ပေမယ့် ကောင်းသေးတဲ့ ပစ္စည်းတွေကို လှူဒါန်းရေး၊ လိုအပ် သလောက်သာ အသုံးပြုပြီး အပို ပစ္စည်းတွေ အသုံးမပြုရေး၊ သမုဒ္ဒရာနဲ့ ငါးမျိုးစိတ်တွေ ကာကွယ် စောင့်ရှောက် ရေး၊ ရာသီဥတု ပြောင်းလဲမှုနဲ့ လူသား တွေရဲ့ အခန်းကဏ္ဍ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေရဲ့ တာဝန်၊ စီးပွားရေး လုပ်ငန်းတွေရဲ့ တာဝန်ယူမှု၊ ဥပဒေပြုရေးနဲ့ ပြည်သူ တွေရဲ့ ပါဝင်မှု စတာတွေကို ဗစ်တိုး ရီးယား တက္ကသိုလ်က ဆရာမတွေ အကူအညီနဲ့ တရုတ်၊ ဂျပန်၊ အီရတ်၊ ကိုလံဘီယာစတဲ့ နိုင်ငံတွေက ကျောင်းသားတွေနဲ့အတူ ဆွေးနွေး ငြင်းခုံ သင်ယူနေခဲ့တယ်။ အမှန်က အင်္ဂလိပ်စာ သင်ခန်းစာတွေရဲ့ သင် ယူမှုကို အဲဒီ အကြောင်းအရာတွေနဲ့ တွဲပြီး သင်ကြားတဲ့ ကျောင်းသား ဗဟိုပြု သင်ကြားနည်းတစ်ခုပါ။
(ဃ)
အမှိုက်အကြောင်း ဆွေးနွေးရတိုင်း ကျွန်တော့် အိမ်နောက်က အမှိုက်ပုံကို စိတ်က ရောက်ရောက် သွားလေ့ရှိတယ်။ နို့ဆီဘူးခွံ၊ စည်သွပ်ဘူးခွံ၊ ကြက်ဥခွံ၊ ကြွပ်ကြွပ်အိတ်၊ စားကြွင်းစားကျန်။ ကျွန်တော့်အိမ်က ထွက်သမျှ အမှိုက် တွေဟာ နောက်ဖေးက အမှိုက်ပုံမှာ ပြန့်ကျဲ။ ခွေးလေခွေးလွင့်တွေ ဆွဲ။ နေလေး သာလာရင် မီးရှို့။ များလာရင် အိတ်ထဲစုထည့်၊ ချောင်းထဲ သွားမျှော၊ ချောင်းထဲကနေ မြစ်ထဲရောက်၊ မြစ်ထဲကနေ ပင်လယ်ရောက်။
ထားဝယ်မြို့ပေါ်မှာ အစိုးရ အမှိုက်သိမ်းစနစ်အပြင် ပုဂ္ဂလိက အမှိုက်သိမ်း စနစ်ပါ ရှိလာတယ်လို့ ကြားတယ်။ ဝမ်းသာစရာပေါ့။ ပြည်သူ တွေလည်း အခပေးပြီး အမှိုက်ပစ်ကြတော့ တာဝန်ယူမှု ရှိတာပေါ့။ အမှိုက်သိမ်း ယာဉ်တွေ ဝန်နဲ့အား မမျှလို့ လမ်းပေါ်ကို အမှိုက်ထုပ်နဲ့ အလုပ်သမားပါ ပြုတ် ကျတယ်လို့ သိရတယ်။ စိတ်မကောင်း ဖြစ်ရတယ်။ ရန်ကုန်မြို့အနှံ့မှာ သင်္ကြန် ပြီးတော့ အမှိုက်တွေကို စနစ်တကျ သိမ်းဆည်းနေတဲ့၊ အမှိုက်ပုံးတွေကို သန့်ရှင်းရေး သေချာလုပ်နေတဲ့ စည်ပင် ဝန်ထမ်းတွေအကြောင်း ဆိုရှယ်မီဒီယာ ကနေ မြင်ရတွေ့ရတယ်။ ချီးကျူးဩဘာ ပြုမိတယ်။
ထားဝယ်မှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး စပြုလာပြီ။ ဧည့်သည်တွေ အလာများတဲ့ မောင်းမကန်ကမ်းခြေက အမှိုက်ပုံ တွေကိစ္စလည်း စိတ်မကောင်းစရာ ကြားရတယ်။ ထားဝယ်မြို့က အမှိုက် ကားတွေ အမှိုက်တွေကို ဘယ်မှာ သွား ပစ်နေကြသလဲ။ ဘယ်လို စနစ်တွေ သုံးပြီး ဖြိုခွဲ ဖျက်ဆီးပစ်နေသလဲ။ ရန်ကုန်မြို့က အမှိုက်တွေကို ဘယ်လို အမျိုးအစားခွဲပြီး ဘယ်လိုများ ဖြိုခွဲ ဖျက်ဆီး နေပါသလဲ။ မန္တလေးမြို့၊ တောင်ကြီးမြို့၊ မော်လမြိုင်မြို့၊ ပဲခူးမြို့…။
(င)
ပြည်သူတွေရဲ့ အသည်းကြားက မဲပြားတွေပေါင်းပြီး ၂၀၁၅ အလွန်မှာ လွှတ်တော်ထဲ ဝင်ထိုင်ကြမယ့် အမတ်မင်း လောင်းတွေကို တစ်ခု လောက် တောင်းဆိုချင်ပါတယ်။
ကျွန်တော်တို့ဆီက အမှိုက်တွေကို စနစ်တကျ သိမ်းဆည်း၊ ဖြိုခွဲဖျက်ဆီး၊ အသစ်တစ်ဖန် ပြန်လည် ထုတ်လုပ် အသုံးပြုနိုင်အောင် ဘယ်လိုများ စီမံ ဆောင်ရွက်သွားဖို့ အစီအစဉ် ရှိသလဲ ဆိုတာ လွှတ်တော်မှာ အဆို တင်သွင်း ဖို့ပါ။ ဖြစ်နိုင်ရင် အမှိုက်တွေကို တရုတ် ပြည်တောင် ပို့ရောင်းချင်တယ်။ ဟိုး ကမ္ဘာ့တောင်ဖျားနိုင်ငံက အမှိုက်တွေကို တရုတ်ပြည်တင်ပို့ နေတယ်တဲ့။ ကျွန်တော် တို့နဲ့ ကပ်နေတဲ့ နိုင်ငံကို ကျွန်တော်တို့ ဘာကြောင့် အမှိုက် မရောင်းနိုင်ရမှာလဲ။
ဒါဟာ အမတ်မင်းတွေရဲ့ အလုပ် လို့လဲ ယူဆမိတယ်။ အထူးသဖြင့် တိုင်းနဲ့ ပြည်နယ်တွေက စည်ပင် ဝန်ကြီးတွေအလုပ်၊ အသစ် တဖန် ရွေးခံထားရတဲ့ စည်ပင် ကောင်စီ ဥက္ကဋ္ဌတွေ အလုပ်ပါ။  အစိုးရက စနစ် ကောင်းကောင်းတစ်ခု ဖော်ဆောင်၊ ပြည်သူတွေက ကိုယ့်တာဝန်ကိုယ်ယူ၊ လူမှုအဖွဲ့အစည်းတွေက အခြေအနေကို စောင့်ကြည့် ထိန်းသိမ်း တည့်မတ်ပေး။
အမှိုက်ပြဿနာနဲ့ ပတ်သက်ရင် ကျွန်တော်တို့ အရေးတကြီးလုပ်ဖို့ လို တာက စနစ်တစ်ခု။
ဟုတ်ပါတယ်။ စနစ်တကျ စီမံခန့်ခွဲမှုရှိတဲ့ အမှိုက်သိမ်းစနစ်တစ်ခုပါ။ သုံးပွင့်ဆိုင်ပေါ့။ ပြည်သူရယ်၊ အစိုးရ ရယ် လူမှုအဖွဲ့တွေရယ်။