နွေရာသီတွင် မြို့နယ်မီးသတ်မှ သောက်သုံးရေနေ့စဉ် လှူဒါန်းမည်

0
710

မြို့နယ် မီးသတ်ဦးစီးဌာနမှ ကော့သောင်းမြို့ပေါ် ၁၀ ရပ်ကွက်သို့ သောက်ရေ၊ သုံးရေများကို ဧပြီလ ပထမ အပတ်မှ စတင်ကာ နေ့စဉ်လှူဒါန်းရန် စီစဉ်နေကြောင်း မြို့နယ်မီးသတ်ဦးစီး ဌာနထံမှ သိရသည်။


လက်ရှိတွင် ရေတွင်းတချို့ ရေစတင် ခမ်းခြောက်စပြုလာပြီး ရေစရှားလာ သောကြောင့် ရေအခက်ခဲဖြစ်သည့် ရပ်ကွက်အတွင်း နေအိမ်များကို သောက်ရေ၊ သုံးရေ အခမဲ့ပေးဝေ လှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ် မီးသတ်ဦးစီးမှူး ဦးဖြိုးမင်းဇော် က ပြောသည်။
” ရေကို ၈မိုင် ကျေးရွာကနေ သွားသယ်ပြီး တစ်နေ့ကို ရေဂါလံ ၁၂၀၀ ကနေ ၂၄၀၀ကြား နေ့စဉ်ရပ်ကွက် အလှည့်ကျပေးဖို့စီစဉ်ထားပါတယ်” ဟု ၎င်းကဆိုသည်။
ရေအခက်ခဲရှိသည့် ရပ်ကွက်လမ်း ထိပ်တွင် မီးသတ်ကားများ ရပ်နားပေး ထားကာ ရေအသုံးလိုသည့်နေအိမ်များ က မည်သူမဆို လာရောက်သယ်ယူ နိုင်ရန် စီစဉ်သွားမည်ဟု သိရသည်။
မီးသတ်ဦးစီးဌာန အနေဖြင့် ရေအခမဲ့ ဖြန့်ဝေ လှူဒါန်းမှုကို ကော့သောင်းတွင် ပထမအကြိမ်ပြုလုပ် ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိ ကော့သောင်းတွင် ရေဈေးများ မြင့်တက်နေပြီး ရေ တစ်ယူနစ် ၂၅၀၀ ကျပ်နှင့် ရေကားမှ ရေတစ်ပီပါ ၈၀၀ ကျပ် ပေါက်ဈေး ရှိနေသည်ဟု ဒေသခံများထံမှသိရသည်။