ဝန်ထမ်းလစာတိုးသည့် အပေါ် လူထုအမြင်

0
531

ကော့သောင်း

ကိုညီ
ရွှေပြည်သာရပ်ကွက်
ဝန်ထမ်းတွေ ချောင်ချောင်ချိချိ ဖြစ်အောင်လုပ်ပေးတဲ့အတွက် ဝမ်းသာပါတယ်။ ယခုလိုလစာတွေ တိုးပေးလိုက်ပြီဆိုတော့   ကျောင်းဆရာမတွေလည်း ကျူရှင်လခတွေကို ပြန်လျှော့ပေးစေချင် တယ်။

ဌာနဆိုင်ရာတွေလည်း လာဘ်ပေးလာဘ်ယူမှုတွေ လျှော့နည်း လာစေချင်တယ်။ ဝန်ထမ်း အားလုံးတော့မဆိုလိုပါဘူး။ လစာက တိုးလာတယ်၊ ဒါပေမယ့် လာဘ်ပေးလာဘ် ယူမှုတွေကရှိတုန်းပဲဆို တစ်ဖက်သတ်ကြီးလိုဖြစ်နေမယ်ထင်တယ်။ ကုန်ဈေးနှုန်းတွေကိုလည်း ထိန်းချုပ်ပေး စေချင်တယ်။ ကျွန်တော်တို့ ပြည်သူတွေအတွက်       ကတော့ လစာတိုးလာရင် ကုန်ဈေးနှုန်းမြင့်တက်လာတာက အလေ့အထလို အမြဲဖြစ်နေတော့ ကုန်ဈေးနှုန်းကို ထိန်းချုပ်ပေးထား ရင်တော့ ကျေနပ်ပါပြီ။

 

ကိုကျော်
အိမ်တွင်း တစ်နိုင်တစ်ပိုင်ပရိဘောဂ လုပ်ငန်းလုပ်ကိုင်သူ
ရွှေဇင်ယော်ရပ်ကွက်
လူနည်းစုအတွက်တော့ အကျိုးရှိနိုင်ပါတယ်။ ကျန်တဲ့ပြည်သူ တွေအတွက်ကတော့ သိပ်မထူးတဲ့အပြင် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်မည် ထင်တယ်။ အခွန်အခတွေများ တိုးကောက်မှာလားလဲ စိုးရိမ်မိတယ်။ လစာတိုးသည့် အသံကြားတာနဲ့ ကုန်ဈေးနှုန်းတွေလည်း လိုက်တိုး လာတဲ့အတွက် စိုးရိမ်မိတယ်။ အိမ်တစ်အိမ်မှာ တစ်လဝင်ငွေ တစ်သိန်း လောက်ပဲရှိတဲ့ မိသားစုတွေရှိတယ်။ အဲဒီ မိသားစုမျိုးဆို မိသားစု စားဝတ်နေရေး ရပ်တည်ဖို့ တော်တော်ရင်ဆိုင်ရလိမ့်မယ်။ အကောင်းဆုံးက ကုန်ဈေးနှုန်းကို ထိန်းချုပ်နိုင်တဲ့စနစ် ကောင်းကောင်း တွေကို ဖော်ထုတ်ပေးစေချင်တယ်။
အကောင်းဘက်က တွေးရရင်တော့ ဝန်ထမ်းတွေ လစာတိုးတဲ့ အတွက် ဝမ်းသာပါတယ်။ သူတို့လည်း ပြည်သူတွေထဲက ပြည်သူတွေပဲ ဆိုတော့လေ။ လစာတွေ ဖူလုံအောင်ပေးမယ်ဆိုရင်တော့ လာဘ်ပေး လာဘ်ယူမှုတွေ ကင်းရှင်းသွားပြီး ဂုဏ်သိက္ခာပိုင်းမှာလည်း မြင့်လာမှာ အမှန်ပါ။ ခုကြား သိရသလောက်တော့ ပြည်သူတွေအတွက်ကတော့  ဒုံရင်းပါပဲ သိပ်မထူးခြားတဲ့အပြင် ကုန်ဈေးနှုန်းမြင့်လာမှာကိုပဲ စိတ်ပူမိတယ်။

 

စည်ပင်သာယာဝန်ထမ်း
ဝန်ထမ်းတွေ လစာတိုးသည့်အတွက် ဝမ်းသာပါတယ်။ ဒါပေမဲ့ အောက်ခြေ ဝန်ထမ်းအနေနဲ့ လစာတိုးတယ်ဆိုတာကိုပဲ သိရပြီး ဘယ်လောက်တိုးမယ်ဆိုတာကို လစာထုတ်မှပဲ အမှန်ပြောနိုင်လိမ့်မယ်။  ယခု သိရသလောက်က သိပ်ထူးခြားမှုမရှိတဲ့အပြင် အရင်လစာထဲ က ထောက်ပံ့ကြေးပါ ပြန်နှုတ်သွားတယ်ကြားတော့ အခြေခံ ဝန်ထမ်းတွေအတွက် သိပ်မပြောင်းလဲနိုင်သေးဘူး ထင်ပါတယ်။ အဲဒါအပြင် ဝန်ထမ်းတွေ လစာတိုးတဲ့အတွက် ကုန်ဈေးနှုန်းတွေလဲ မသိမသာတိုးလာတယ်။
ကျွန်တော်တို့ဆို သားသမီးဦးရေ ကလည်းများ၊ လကုန်လို့ လစာထုတ်တာနဲ့ ကိုယ့်ဌာနမှာ အထွေထွေစရိတ်တွေ နုတ်ယူတာ က တစ်ကြောင်းကြောင့် အောက်ခြေဝန်ထမ်းအနေနဲ့ မလူးသာမလှိမ့်သာ ပါပဲ။ လကုန်လို့လစာထုတ်ပြီးရင် အရင်လိုပဲအကြွေးတွေနဲ့ ရင်ဆိုင် နေရအုံးမယ်ထင်တာပဲ။

 

ကျောင်းဆရာမ
လက်ရှိ ဝန်ထမ်းတွေ လစာတိုးတဲ့ အနေအထားကို လေ့လာ ကြည့်တော့ အရင်ပေးထားတဲ့ ထောက်ပံ့ကြေး အားလုံးကိုပြန် နုတ်မယ်လို့သိရတယ်။ အခုတိုးမြှင့်ပေးတဲ့ လစာက အမည်လောက်ပဲ လို့ ခံစားရတယ်။ ယခင်အနေအထားနဲ့ သိပ်မပြောင်းလဲသေးပါဘူး။ ဝန်ထမ်းများ အားလုံး တန်းတူရည်တူ ရာထူးအလိုက်ပေးပေမယ့် အောက်ခြေဝန်ထမ်းတွေအနေနဲ့ သားသမီးများတဲ့ မိသားစုတွေဆို  လုံးဝ လုံလောက်မှုမရှိနိုင်တဲ့အပြင် လစဉ်အကြွေးနဲ့ ရင်ဆိုင်နေရတယ်။
လကုန်ရင် ကိုယ့်ဌာနက အခြားအထွေထွေ ကုန်ကျစရိတ်တွေ ကောက်ခံတာက တစ်ကြောင်း၊ ဆန်ဈေးနှုန်း၊ ဆီဈေးနှုန်းတွေတက်လာ ပြီး ရပ်ကွက်သာရေး နာရေး ကိစ္စတွေနဲ့ ပေါင်းလိုက်ရင်သိပ်ချောင် လည်နိုင်မှာ မဟုတ်သေးပါဘူး
ဖြစ်နိုင်ရင်တော့ ဒီထက်လုံလောက်တဲ့ အဆင်ပြေတဲ့နည်းစနစ် တွေနဲ့ လုပ်ပေးနိုင်ရင် ပိုကောင်းမယ်။

 

ထားဝယ်

 

ကိုမင်းလွင်
ဆန်နှင့်ဆန်ထွက်ပစ္စည်း ရောင်းဝယ်ရေး
ထူးထူးခြားခြားတော့ရှိမှာ မဟုတ်ပါဘူး။ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် အတိုင်းပဲ ဖြစ်လိမ့်မယ်။ အဲဒီအပေါ်မှာ လိုက်နင်းမယ့် စီးပွားရေးသမား တွေ ရှိနိုင်တယ်။ အစဉ်အလာရှိ ဖူးတယ်လေ။ လစာတိုးပေးတာက မလောက်လို့ တိုးပေးတယ်ထင်တယ်။ လုပ်ငန်းခွင် လည်ပတ်မှုမရှိ တဲ့ ဌာနတွေက ဝန်ထမ်းတွေကိုပါ လစာတိုးပေးတဲ့ အထဲပါသွားတော့  ရုံးတက် လက်မှတ်ထိုးပြီး ငွေထုတ်သွားသလိုဖြစ်နေတာပေါ့။ အဲဒီ ဝန်ထမ်းတွေကို လစာနဲ့ ထိုက်တန်တဲ့ အလုပ်အကိုင်ရှိတဲ့ နေရာဌာနတွေ ကို ပြောင်းရွှေ့ အမှုထမ်းဆောင်စေသင့်တယ်။ ကုန်ဈေးနှုန်းကတော့ အခုတောင်မှ နည်းနည်း ကစားနေပြီ။ ဒါပေမယ့် တအားတထိုးကြီး တော့ ဖြစ်စရာအကြောင်းမရှိဘူး။ ဒီရာသီနဲ့ သွားတိုက်ဆိုင်နေလို့ပါ။  နှစ်တိုင်း မိုးတွင်းစားဖို့ အိမ်ဝယ်သိုတဲ့အချိန်နဲ့ ကိုက်သွားလို့။ ကိုယ့် အထင်တော့ လစာတိုးတာနဲ့မဆိုင်ဘူး။

ဦးခင်အောင်
ဝဲကျွန်းရပ်ကွက်
အကောင်းမြင်ရမှာ အင်မတန်ခက်ခဲတယ်။ တိုးပေးတာက ကောင်းပါတယ်။ ဒါပေမယ့်တိုးရင် ဝန်ထမ်းအားလုံး တစ်ပြေးညီ တိုးသင့်တယ်။ တိုးပုံက ၆၀ ရာခိုင်နှုန်း တိုးတဲ့ဌာနဆိုင်ရာတွေ ရှိသလို ၁၅၀ ရာခိုင်နှုန်း တိုးတဲ့ ဌာနဆိုင်ရာတွေလည်းရှိတော့ ဝန်ထမ်း လောကထဲမှာတောင် ခွဲခြားဆက်ဆံတဲ့ ပုံစံမျိုးတွေ့ရတယ်။ ဒါ မဖြစ်သင့်ဘူးလို့ ထင်တယ်။
လွှတ်တော်သက်တမ်း နောက်ဆုံးအချိန်မှာဖြေရှင်းဖို့ကျန်သေးတဲ့ ဝန်ထမ်းလစာ ကိစ္စတွေအများကြီး ရှိသေးတယ်။ ဥပမာ- လခလေး တစ်ထောင်လောက်ရဖို့အရေး ဆန္ဒပြတောင်းဆိုနေတဲ့ အလုပ်သမား တွေနဲ့ လုပ်ငန်းရှင်ကြား မပြေလည်မှုပြဿနာကို ဥပက္ခာပြုပြီး အခု လူနည်းစုဖြစ်တဲ့ အစိုးရဝန်ထမ်းလခတိုးတဲ့ ကိစ္စကို အရေးတယူ ဆောင်ရွက်ခဲ့တော့ ပြည်သူတစ်ယောက်အနေနဲ့ အံ့ဩမိတယ်။

 

ဦးဝင်းထွေး
ခရိုင်ပြန်ဆက်
စားဝတ်နေရေး နည်းနည်း အဆင်ပြေလာမယ်ပေါ့။ လစာ တိုးပေးတာ ကျေးဇူးတင်ရမှာပေါ့။ ကုန်ဈေးနှုန်းကိုလည်း ထိန်းချုပ် ပေးမယ်ဆိုရင် ပြည်သူရော၊ ဝန်ထမ်းတွေပါ အဆင်ပြေပြီး အခု တိုးမြင့်လိုက်တဲ့လစာလည်း တန်ဖိုးရှိသွားမှာပေါ့။ ကုန်ဈေးနှုန်း ထိန်းညှိနိုင်မယ်ဆိုရင်တော့ အဆင်ပြေတာပေါ့ဗျာ။ ရာခိုင်နှုန်းကွာဟ တဲ့ အပေါ်မှာတော့ အပြစ်မမြင်ပါဘူး။ ထမ်းဆောင်ရတဲ့ တာဝန်အပေါ် မှာ မူတည်ပြီး တိုးပေးတာဆိုတော့လေ။ အကြီးအကဲတွေက ပိုပြီးတော့ တာဝန်ကြီးတာကိုး။

 

ရုံးဝန်ထမ်းတစ်ဦး
EPC
အာရုံခံစားမှုမရှိဘူး။ လစာတအား ကွာခြားပြီး တိုးပေးတာက မဖြစ်သင့်ဘူး။ ဝန်ထမ်းလောကထဲမှာ ပိုတောင်ဆိုးလာနိုင်တယ်။ လစာကမရသေးဘူး။ ကုန်ဈေးနှုန်းကတက်နေပြီ။

 

မြိတ်

 

ဒေါ်လုံးတင်
ဇေယျာသီရိ (၄) ရပ်ကွက်
မိသားစုထဲမှ ဝန်ထမ်းမရှိတဲ့အတွက် လစာတိုးတာ မတိုးတာက ဆက်စပ်မှုတော့ မရှိဘူးဆိုပေမယ့် ကုန်ဈေးနှုန်းတွေတက်လာတော့  ဝန်ထမ်းမရှိတဲ့ မိသားစုများအတွက် ဒုက္ခရောက်ရတယ်၊ နဂိုကတည်းက မနည်း လည်ပတ်နေရ၊ အခုဆိုပိုပြီး ရုန်းကန်ရမယ့် အနေအထား ဖြစ်နေပြီ၊ တက်နေတဲ hကုန်ဈေးနှုန်းတွေကို ချပေးသင့်ပါတယ်။

 

ဒေါ်သန်းမော်
ဇေယျာသီရိ (၂) ရပ်ကွက်
ဝန်ထမ်းလစာတိုးတာက ဝန်ထမ်းတွေအတွက်ပဲ အဆင်ပြေတာပါ။ ဒါပေမယ့် တစ်ဖက်က ကုန်ဈေးနှုန်း မြင့်လာနေတဲ့အတွက် မိသားစု တစ်စုမှာ တစ်လကိုအနည်းဆုံး သုံးသိန်းလောက် ဝင်ငွေရှိမှ လည်ပတ် နိုင်မယ်။ ဒါတောင် စုဆောင်းမိမှာမဟုတ်ဘူး နှစ်သိန်းလောက်ရတဲ့ မိသားစုတွေအတွက်တော့ ဘေးကြပ်နံကြပ်ဖြစ်နေလိမ့်မယ်။ ကုန်စည် ဈေးနှုန်းက တက်လာရင် တော်တော်မြန်တယ်။ ကျတယ်ကို မရှိဘူး။ အစိုးရက ဒါကိုထိန်းချုပ်ပေးဖို့လိုအပ်ပါတယ်။

 

ဒေါ်မို့ခိုင်
စိန်သုံးလုံး လက်ဖက်ရည်ဆိုင်
လစာတိုးတာကကောင်းသလား ဆိုးသလားဆိုတာကို အတိအကျ မပြောမတတ်ဘူး။ လစာမတိုးခင်တုန်းက နို့စည်တစ်ဗူးကို ၅၅၀ ကျပ်နှုန်းရှိရာကနေ လစာတိုးသံကြားတာနဲ့ ၇၀၀ ကျပ်ဖြစ်နေပြီ။ ဘေးတွဲ ဆိုင်ကယ်ကယ်ရီခလည်း အရင်က ၅၀၀ ကျပ်ပဲပေးရတယ် အခုဆို ၁၀၀၀ ကျပ်ဖြစ်နေပြီ။ ဝန်ထမ်းလစာ တိုးတိုင်း ကုန်ဈေးနှုန်း တွေက မြင့်မြင့်လာတယ်။ လက်ဖက်ရည် တစ်ခွက်ကို ၁၅၀ ကျပ်နဲ့ ရောင်းတာ တွက်ခြေမကိုက်ဘူး။ လူပင်ပန်းတာပဲ အဖတ်တင်တယ်။ ကုန်ဈေးနှုန်းသာ တည်ငြိမ်နေရင် ဒါမှမဟုတ်ကျဆင်းနေမယ်ဆိုရင် အရောင်းအဝယ်လည်း အဆင်ပြေမှုရှိလာနိုင်တယ်။  မိသားစုမှာလည်း ငွေပိုငွေလျှံလေးရှိပြီး ချောင်လည်လာနိုင်တယ်။