ထောင်မှ တစ်ပါး အခြားမရှိတော့ဘူးလား

0
647

လူငယ်တွေကို ထောင်ထဲ မထည့်သင့်ဘူးတဲ့ဗျို့။

“လူငယ်တွေကို အကျဉ်းထောင်ထဲ ထည့်နေတာကို ပြန်စဉ်းစားသင့်ပါပြီ။ဒါဟာ ပြစ်မှုကျူးလွန်တဲ့ လူငယ်တိုင်းအတွက် တကယ်ပဲ သင့်တော်တဲ့ ဖြေရှင်းနည်း ဖြစ်ပါသလား။ လူငယ်တွေကြောင့် ဖြစ်ရတဲ့ ပြစ်မှုအားလုံးရဲ့ ၁၀ ရာခိုင်နှုန်း နီးပါးက လွဲရင် ကျန်တာတွေက ပြောပလောက်အောင် အပြစ်မကြီးလေးပါဘူး။ ဒါကြောင့် အကျဉ်းထောင်တွေဆီကို အနာဂတ်ရဲ့ သားကောင်းတွေ ထည့်သွင်း ပိတ်လှောင်ခံနေရတာကို လူ့အဖွဲ့အစည်း တစ်ရပ်လုံးအနေနဲ့ ဒီကနေ့ ပြန်စဉ်းစား သုံးသပ်ပြီး ပိုကောင်းတဲ့ နည်းလမ်းကို ရှာကြဖို့ အချိန်တန်ပါပြီ”

ဒီစာပိုဒ်က နယူးဇီလန်နိုင်ငံက “ပြစ်မှုနှင့် ပြစ်ဒဏ်များကို ပြန်လည် စဉ်းစားကြပါစို့” (Rethinking Crime and Punishment) ဆိုတဲ့အဖွဲ့က လူငယ်တွေအတွက် ပိုမို ကောင်းမွန်တဲ့ တရားစီရင်ရေး ဆိုင်ရာနဲ့ ပြန်လည် ထူထောင်ရေးဆိုင်ရာ နည်းလမ်းတွေ ဖန်တီးနိုင်ဖို့ လူထုနဲ့ တရားရေး ဆိုင်ရာ တာဝန်ရှိသူတွေကို လှုံ့ဆော်ထားတဲ့ စာပါ။

ဒီအကြောင်းအရာက ကျွန်တော်တို့ လက်ရှိတက်နေတဲ့ ဗစ်တိုးရီးယားတက္ကသိုလ်က အင်္ဂလိပ်စာ သင်ခန်းစာရဲ့ တစ်စိတ် တစ်ပိုင်းလည်း ဖြစ်ပါတယ်။

_772409_curfew300
Photo-BBC

အကျဉ်းထောင်တွေက လူငယ်တွေအတွက် အကောင်းဆုံး မဟုတ်ဘူးဆိုတာကို ကြားတော့ ကျွန်တော် အတော်ပဲ အံ့သြမိပါတယ်။ ပြစ်မှုကျူးလွန်တဲ့ ဘယ်သူ့ကို မဆို ဥပဒေအရ အပြစ်ပေးရမှာပဲ မဟုတ်ဘူးလား။

တပ်အပ်ပြောနိုင်တာပေါ့။  ဒါက ကျွန်တော်တို့ အရိုးစွဲနေတဲ့ တရားဥပဒေ။

ခိုးမှု၊ လုယက်မှု၊ ဖောက်ထွင်းမှု၊ မုဒိမ်းမှု၊ လူသတ်မှု။ သွားတော့ အားလုံးထောင်ထဲ။

ဒါပေမယ့် ဒီနယူးဇီလန်မှာကတော့ တမျိုးရယ်ဗျာ။ လူငယ်တွေ ပြစ်မှုတစ်ခုခုကျူးလွန်ရင် တရားရုံးကို အရင်မတက်ရဘူး။ တရားရုံးမတက်ခင်မှာ “မိသားစုဆွေးနွေးပွဲ” (Family Group Conference) လုပ်ရတယ်လို့ ဆိုပါတယ်။ ဒီဆွေးနွေးပွဲမှာ အမှုကျူးလွန်တဲ့ လူငယ်ပါမယ်။ မိသားစုဝင် တစ်ဦးဦး ပါမယ်။ ကြားခံ ညှိုနှိုင်းပေးတဲ့ သူပါမယ်။ ခံရတဲ့သူပါမယ်။ အားလုံးမျက်နှာချင်းဆိုင်တွေ့ကြတယ်။ ပြီးတော့ ဒီအမှုကို ဘာကြောင့်ကျူးလွန်ရသလဲ ဆို တဲ့အကြောင်းအရင်းကို ရှာတယ်လို့ သိရတယ်။ တော်ရံအမှုဆို ဒဏ်ဆောင်တာ၊ လူမှုရေးလုပ်ခိုင်းတာ၊ တောင်းပန်တာလောက်နဲ့ပြီးစေတယ်။

မုဒိမ်းမှုတို့ လူသတ်မှုတို့လို ဆိုးဆိုးဝါးဝါး တွေတော့ မပါဘူးပေါ့။

ကျွန်တော်တို့ ကြားဖူးတာက လူငယ်တစ်ယောက် ခိုးလို့ ဖမ်းမိခဲ့ရင် ရဲဖမ်းမယ်။ ထောင်ကျမယ်။

ကျွန်တော်ငယ်ငယ်က သူငယ်ချင်း တစ်ယောက်ဆို ခိုးလို့ ဆိုပြီး ဖမ်းသွားတာ ထောင်ထဲ မထည့်ဘဲ စစ်တပ်ထဲ ထည့်လိုက်တယ်။ ရပ်ကွက်ထဲက လူတွေဆိုတာ ပျော်မဆုံး မော်မဆုံးပေါ့။ သူခိုး တစ်ကောင်တော့ အေးပြီပေါ့။

အင်္ဂလန်နိုင်ငံက လေ့လာမှုတစ်ခုမှာတော့ လူငယ်တွေ ဘာကြောင့် ပြစ်မှုကျူးလွန်ကြသလဲဆိုတာ ထောက်ပြထားတာ အတော်ကောင်းပါတယ်။

သက်တူရွယ်တူတွေ ဆွဲဆောင်လို့၊ ကျောင်းမနေရလို့၊ မိဘတွေ ဆင်းရဲလို့၊ စားစရာ မရှိလို့၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေလို့၊ ကိုယ်ပိုင်လွတ်လပ်ခွင့် မရှိတဲ့ လူ့အသိုင်းအ၀ိုင်း ဒါမှမဟုတ် မိသားစုမှာ ကြီးပြင်းလာရလို့၊ အရက်နဲ့  မူးယစ်ဆေးတွေ အလွယ်တကူ ရရှိသုံးစွဲနိုင်တဲ့ ပတ်ဝန်းကျင်ဖြစ်နေလို့၊ မငြိမ်းချမ်းတဲ့ လူ့ပတ်ဝန်းကျင်မှာနေထိုင်ရလို့ … စသဖြင့် စုံလှတယ်ဗျာ။

အဲဒီဟာတွေ ဖတ်မိတော့ သွေးထွက်အောင် မှန်ပါလားဆိုပြီး ဖြစ်မိတယ်။

ခဏခဏ ခိုးလို့ အဖမ်းခံရပြီး စစ်တပ်ထဲ အပို့ခံလိုက်ရတဲ့ ကျွန်တော့် သူငယ်ချင်းက ၂ တန်းလောက်နဲ့ကျောင်းထွက်ခဲ့ရတာ။ မိဘတွေက အိမ်ထောင်ကွဲ။ တွေ့ကရာနေ၊ ထမင်းလည်း မယ်မယ်ရရ စားရတယ် မရှိ။ ဒီလို ကလေးမျိုးတွေ ကျွန်တော်တို့ တိုင်းပြည်မှာ ဘယ်လောက်များ ရှိနေမလဲ။ အုပ်ချုပ်သူ အစိုးရ မင်းများ ဒါကို ဘယ်လို ဖြေရှင်းနေသလဲ။ ကျွန်တော်တို့  လူ့အဖွဲ့အစည်းကရော ဒီကိစ္စမျိုးတွေကို ဘယ်လောက် အလေးထားလေ့ရှိကြသလဲ။ ရန်ကုန်မှာတော့ ငှက်အော်စမ်းလို လူငယ်သင်တန်းကျောင်းတွေရှိပါရဲ့။ သန်လျှင်ဘက်က လူငယ် ပြန်လည်ထူထောင်ရေးစင်တာတွေဆီကို သွားရောက်လေ့လာဖူးတယ်။ အစိုးရက ဦးဆောင် လုပ်ကိုင်နေတဲ့ ဒီလုပ်ငန်းတွေမှာ ပုဂ္ဂလိက ပူးပေါင်းပါဝင်မှုတွေ တွေ့ရလို့လည်းဝမ်းသာရပါသေးတယ်။ ဒါပေမယ့်စနစ်ချင်းတော့ မတူဘူးပေါ့။

ဒီနေရာမှာပြောချင်တာက ထောင်ချအပြစ်ပေးတဲ့အယူအဆ ကိစ္စပါ။ ကျွန်တော်တို့တိုင်းပြည်မှာ လူငယ်တွေ ဘယ်လောက်များများ ထောင်ထဲ အထည့်ခံထားရပြီလဲ။ သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ သူတို့ခံစားနေရတဲ့ ပြစ်ဒဏ်တွေကကော တရားမျှတမှု ရှိပါရဲ့လား။

တိုင်းပြည်ရဲ့ အနာဂတ်ကို ဖန်တီးမယ့်သူတွေကို ထောင်ထဲ ထည့်သိပ်ထားတာဟာ ဒီနိုင်ငံ ရှေ့အလားအလာကောင်းဖို့ မမြင်။ ထောင်ထဲမှာ အမျိုးစုံလှတဲ့သူခိုးကြီး၊ သူဝှက်ကြီးတွေနဲ့လည်း တွေ့နိုင်တယ်လေ။ ဒီလိုနဲ့ ထောင်ထဲမှာ အလိုလို တပည့်ဖြစ်၊ ထွက်လာရင် အလိုလို သူခိုးလေး၊ သူဝှက်လေးတွေ ဖြစ်မလာနိုင်ဘူးလားဗျာ။

ဒီလိုပြောလို့ “ဒါဆိုရင် ထောင်ထဲက လူဆိုးလေးတွေ အကုန်လုံးကို အပြင်ထုတ် ပေးလိုက်ရမှာလား” လို့ မေးစရာ ရှိပါတယ်။ ပြောချင်တာက စောစောက အပေါ်မှာ ပြောခဲ့သလို “မိသားစု စကားဝိုင်း” လို မျိုးများ လူငယ်တွေအတွက် လုပ်ပေးကြည့်လို့ ရနိုင်မလားပေါ့။ လူငယ်တစ်ယောက် ပြစ်မှုကျူးလွန်မိရင် သူဘာကြောင့် ဒီအမှုကို ကျူးလွန်ရသလဲဆိုတဲ့ဇာစ်မြစ်ကို ရှာဖွေပြီး အကောင်းဆုံးဖြစ်နိုင်မယ့် နည်းလမ်းတစ်ခုခုကို တိုင်ပင်ပြီးရှာဖွေတာမျိုးပေါ့။

နောက်တစ်ဆင့်က ငွေကြေးအရ ဒဏ်ကြေးတပ်တာ၊ ဒီနိုင်ငံမှာကျင့်သုံးနေသလိုမျိုး ရပ်ရွာအဖွဲ့အစည်းတွေမှာ စုစုပေါင်း ဘယ်နှစ်နာရီ လုပ်အားပေးရမယ်ဆိုပြီး ဒဏ်ပေးတာတွေဆိုတာမျိုးပေါ့။ ထားဝယ်က ကရင်အဖွဲ့အစည်းတွေမှာတော့ ဒီလိုဒဏ်ပေးတဲ့စနစ်မျိုး ရှိတယ်လို့ ကြားရတယ်။

သိပ်များ မျော်လင့်ချက် ကြီးသလို ဖြစ်နေမလား။ အားလုံးသိတဲ့အတိုင်းပဲလေ။ ကျွန်တော်တို့ဆီမှာက ခိုးတာ လုတာအသာထား တစ်တိုင်းလုံးတစ်ပြည်လုံး မွဲပြာကျနေလို့ အခြေခံအကျဆုံးဖြစ်တဲ့ ပညာရေးကိစ္စလေး ပြင်ကြမယ်ဟေ့ဆိုတဲ့ လူငယ်တွေကို ထုလိုက် ထောင်းလိုက် ရိုက်လိုက် ပုတ်လိုက်ကြတာ ကမ္ဘာကိုကျော်ကရော မဟုတ်လား။

နောက်ပြီး အခုလည်း ဒီကျောင်းသားတွေကိုထောင်ထဲ ထည့်ဖို့လုပ်နေပြန်ပြီ။

အဲတော့ ကျွန်တော်တို့ မွေးရပ်မြေကြီးမှာတော့ သိပ်ကြီး တော့လည်း မျှော်လင့်လို့ မရဘူးပေါ့။ ဒါပေမယ့် မျှော်လင့်မိပါတယ်။ မျှော်လင့်တယ်ဆိုတာ လူငယ်တွေကို ယုံလို့လေ။ ကျွန်တော်တို့လူငယ်တွေဆိုတာက လုပ်စရာမရှိလို့သာ မိဘပိုက်ဆံလေးတောင်းလိုက် လက်ဖက်ရည်ဆိုင်လေး ထိုင်လိုက်။ ကျောင်းလေးပြီး ဘွဲ့လေးရ ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်လိုက် ဘီယာဆိုင်လေး ထိုင်လိုက်လုပ်နေကြတာ။ တကယ်တမ်းလုပ်စရာကိုင်စရာ ရှိရင်တော့ အင်တိုက်အားတိုက်လုပ်ကြမယ်ဆိုတာ ယုံတယ်။

လုပ်စရာ ကိုင်စရာလေး ရှိလာအောင်ကလည်း လူငယ်တွေ ကိုယ်တိုင် တီထွင်ကြံဆ ကြိုးစား ရှာဖွေရမှာ ဖြစ်သလို တိုင်းပြည်အုပ်ချုပ် မင်းလုပ်ကြတဲ့ အစိုးရမင်းများမှာလည်း လုပ်စရာကိုင်စရာတွေ ပေါ်လာတဲ့အခင်းအကျင်းကို ဖန်းတီးဖို့ အများကြီးတာဝန်ရှိပါတယ်။

နောက်တစ်ခုက ပြဿနာဖြစ်နိုင်တဲ့အခင်းအကျင်းတွေကို ထိန်းချုပ်သင့်တယ်။

လူငယ်တွေကို ပြစ်မှုကျူးလွန်တဲ့သူတွေဖြစ်အောင် လုပ်နေတာ ကွမ်းယာဆိုင်တွေပါတယ်။ ဂိမ်းဆိုင်တွေပါတယ်။ အင်တာနက်ဆိုင်တွေ ပါတယ်။ ထန်းရည်ဆိုင်တွေ အရက်ဆိုင်တွေပါတယ် . . စသည်ဖြင့်အများကြီး။

ဒီနေရာမှာ ပြောချင်တဲ့ ပြစ်မှုဆိုတာက ခိုးမှု၊ လုယက်မှု မဟုတ်တော့ ဘူးဗျ။ လူ့အဖွဲ့အစည်းရဲ့ “စံနှုန်း” တွေကို ကျူးလွန်တဲ့ ပြစ်မှု။

နောက်တစ်ခုက ကြောက်ကြီးထနေတဲ့ အာဏာပိုင်လက်တစ်ဆုပ်ရဲ့ လိုတမျိုး၊ မလိုတမျိုး စည်းမျဉ်းတွေကို ဖောက်ဖျက်မှု။ ကျွန်တော်တို့ လိုချင်လွန်းလှချည်ရဲ့ ဆိုတဲ့၊ ၁၉၈၈ တတည်းကနေ ဒီနေ့အထိ အုပ်ချုပ်သူအစိုးရ အဆက်ဆက်ဆီမှာ အမြုပ်တစီစီ ထွက်လောက်အောင် အော်အော် တောင်းနေခဲ့တဲ့ “ဒီမိုကရေစီစံနှုန်း” တွေကို တောင်းတဲ့ အမှုတဲ့လေ။

မူလတန်းအရွယ် ကလေးတွေ ကွမ်းယာဆိုင်မှာလာပြီး “ရူဘီဆေးလိပ် ၁၀၀ ဖိုးပေးပါ” လို့ပြောရင် မရောင်းဘဲ ပြန်လွှတ် လိုက်တဲ့ ဆိုင်များ ရှိပါသလား။ အဲဒီကလေးက တစ်နေ့ လူငယ်ဖြစ်လာမှာ။

ကျောင်းစိမ်းမချွတ် လွယ်အိတ်တန်းလန်းနဲ့ ကလေးတွေ ကွန်ပြူတာဂိမ်းဆိုင်မှာ ထမင်းမစားဟင်းမစား ဂိမ်းလာဆော့ နေတာကို မဆော့နဲ့ဆိုပြီး ပြန်လွှတ်လိုက်တဲ့ဆိုင်များ ရှိပါသလား။

အဲဒီလို ဆိုင်များ ရှိတယ်ဆိုရင်တော့ သာဓု..သာဓု…သာဓု လို့ သုံးကြိမ် သုံးလီခေါ်ထိုက်ပါတယ်။

mental-health-youth-1-460x250
Photo- crimesensemag.com

ဒီနိုင်ငံမှာတော့ မရရေးချ မရ ဆိုပါတော့။ ဘီယာလေးတစ်ပုလင်း၊ ၀ိုင်လေးတစ်ပုလင်း ၀ယ်တာတောင်မှ ရှိသမျှ ကဒ်ပြားတွေ အကုန်ထုတ် ထုတ်ပြနေရတာ။ ဒါတောင် နိုင်ငံကူးလက်မှတ်ပါမသွားတဲ့အခါများမှာ မရောင်းဘူးဆိုပြီး အငြင်းခံရသေးတယ်။

ကျွန်တော့် တဦးတည်း အမြင်အရတော့ ဆေးလိပ်ကို လက်တည့်စမ်း သောက်ချင်တဲ့၊ ဂိမ်းဆိုင်မှာ တစ်နေကုန် အချိန်ဖြုန်းချင်တဲ့၊ ထန်းရေကနေ အရက်ကို တစ်ဆင့်တက်ချင်တဲ့ ကလေးတွေကို အပြစ်မပြောဘူး။ ဆယ်ကျော်သက်တွေဆိုတာ ဒီလိုပဲ တွေ့ရာမြင်ရာကို လက်တည့်စမ်းချင်ကြတာ သဘာဝပဲ။ မဟုတ်ဘူးလားဗျာ။

အဲ …. သဘာဝမဟုတ်တာက ဗူးခွံပေါ်မှာ “အသက် ၁၈ နှစ် မပြည့်သေးသူများကို မရောင်းရ”လို့ ရေးထားတာကို စာမတတ်သလို လုပ်ပြီး ကလေးတွေကို ရောင်းတဲ့ သူတွေ၊ ပိုက်ဆံရရင်ပြီးရောဆိုပြီး  လွယ်အိတ်တန်းလန်းနဲ့ ဂိမ်းဆိုင်မှာ ထန်းရေဆိုင်မှာ လက်ခံထားတဲ့ ၀ိသမ လောဘသားတွေ။

အဲလို လောဘသားတွေကြောင့် ကလေးတွေ ဆေးလိပ်စွဲလာတယ်၊ အရက်စွဲလာတယ်၊ ဂိမ်းစွဲလာတယ်၊ ဆေးချ တတ်လာ တယ်။ အဲဒီတော့ ဘာဖြစ်လဲ၊ ငွေလိုတယ်။ ဒီတော့ မိဘဆီက အကြောင်းအမျိုးမျိုးပြပြီး တောင်းမယ်။ ဒါလိမ်တတ်သွားတာပဲ။ တောင်းမရရင် ခိုးမယ်။ ဒီတော့ အိမ်တွင်းသူခိုးလေးတွေ ဖြစ်ကုန်ပြန်တယ်။ အိမ်တွင်းသူခိုးအဆင့်မှာ ရပ်သွားရင်တော့ မဆိုးလှသေးဘူးပေါ့။ အိမ်ပြင်သူခိုးတွေဖြစ်ကုန်ပြီး ဒီလို ဂျစ်ကန်ကန်လေးတွေကြီးလာရင် ကျွန်တော်တို့ရလာမယ့် လူငယ်ထုက ဘာဖြစ်လာနိုင်မလဲ။ ခုနောက်ပိုင်းမှာ လူ့အဖွဲ့အစည်းရဲ့ အဆိပ်သီးလေးတွေ များလာကြတာတွေ မြင်လာရတော့ နိုင်ငံအတွက်ပါ စိုးရိမ်ရပြန်ရောဗျာ။

အဆိပ်သီးတို့ရဲ့ ထုံးစံအတိုင်းပဲ အဲဒီလူငယ်တွေက ကျွန်တော်တို့ နေထိုင်တဲ့ လူ့အဖွဲ့အစည်းကို အဆိပ်ငွေ့တွေ လွှတ်မှာ။  ဒီတော့ အဲလိုအဆိပ်ငွေ့လွှတ်တဲ့ ပြစ်မှုတစ်ခုခုလုပ်မိတဲ့လူငယ်တွေကို ဖမ်းပြီးထောင်ချ ထားလိုက်ကြတာပေါ့။

ခက်တာက အားလုံးသိကြတဲ့အတိုင်း၊ သေးသေးမွှားမွှား ကိစ္စတွေအတွက် ထောင်ထဲမှာ နှစ်ပေါင်များစွာ ထည့်ထားလို့ မရဘူးလေ။  ဒီတော့ ဘာဖြစ်လဲ။ အချိန်တန်ရင် ထောင်က ထွက်လာရတာပေါ့ဗျာ။ ဒီလိုလူငယ်တွေ ထောင်က ပြန်ထွက်လာတော့ အရင်လုပ်ဖူးတဲ့ပြစ်မှု ဒါမှမဟုတ် အရင်ထက်ဆိုးတဲ့ ပြစ်မှုတွေကို ထပ်လုပ်ကြတယ်လို့ ပညာရှင်တွေက လေ့လာတွေ့ရှိထားကြပြန်တယ်။

ထပ်လုပ်တာများ ဆန်းသလားဗျာ။ ထပ်ဖမ်းပြီး ထောင်ထဲ ထပ်ပို့ လိုက်ရုံပဲပေါ့။

ဒီလိုဆိုရင်တော့ ကျွန်တော်တို့ရဲ့  ပြဿနာဖြေရှင်းနည်းက သိပ်အလုပ်မဖြစ်သေးဘူး။ ထောင်ချတာဟာ လူငယ်တွေ ပြစ်မှုကျူးလွန်တာကို ဖြေရှင်းနိုင်ဖို့ အကောင်းဆုံးနည်းလမ်း မဟုတ်ဘူးဆိုတာ ပေါ်လွင်နေပြီ။ အဆိပ်သီးသေးသေးတွေကို အဆိပ်သီးကြီးကြီးတွေဖြစ်လာအောင် တမင်လုပ်နေသလိုဖြစ်နေပြီ။

ဒါဖြင့် ကျွန်တော်တို့ ဘာလုပ်နိုင်မလဲ။ ကျွန်တော်တို့ အားလုံးပဲ ပြန်စဉ်းစားကြရပါမယ်။

ကိုယ်က ကွမ်းယာဆိုင်ဖွင့်ထားတယ်ဆိုရင် ကိုယ့်ဆိုင်မှာကလေးတွေကို ဆေးလိပ်ရောင်းသလား ဒါမှမဟုတ် သောက်မယ့်ဆေးလိပ်ကို ကလေးတွေကို ၀ယ်ခိုင်းနေသလား။

ဂိမ်းဆိုင်ဖွင့်ထားတဲ့ မိတ်ဆွေ၊ ထန်းရေဆိုင်၊ အရက်ဆိုင် ဒါမှမဟုတ် မူးယစ်ဆေးဝါး ရောင်းဝယ်နေတဲ့သူတွေ သတိထားရမှာက ကိုယ့်ထမင်းအိုးထဲကို ဆန်ဖြည့်ပေးနေတာ လူငယ်တွေဘယ်လောက်ပါနေပြီလဲ။

ဥပဒေရေးရာကျွမ်းကျင်တဲ့ အသိပညာရှင် အတတ်ပညာရှင်များနဲ့ တရားစီရင်ရေးဆိုင်ရာ လူကြီးမင်းများ အားလုံးအတွက်လည်းစဉ်းစားစရာရှိပါတယ်။

လူငယ်တွေကျူးလွန်တဲ့ မကြီးလေးတဲ့ပြစ်မှုတွေအတွက် အကျဉ်းထောင်တွေဆီကို ပို့မယ့်အစား ဒီ့ထက်ကောင်းမွန်တဲ့ အဖြေတစ်ခုခုများ လူကြီးမင်းတို့ တီထွင်ကြံဆပေးနိုင်မလား။

အကျဉ်းထောင်တွေဆီကို အနာဂတ်ရဲ့ သားကောင်းတွေ ထည့်သွင်းပိတ်လှောင်ခံနေရတာ ကို လူ့အဖွဲ့အစည်း တစ်ရပ်လုံးအနေနဲ့ ဒီကနေ့ပြန်စဉ်းစားသုံးသပ်ပြီး ပိုကောင်းတဲ့နည်းလမ်းကို ရှာကြဖို့အချိန်တန်ပါပြီ။

ထောင်ဆိုတာ လူငယ်တွေ နုတုန်း၊ ပျိုရွယ်တုန်း အချိန်သွားဖြုန်းရမဲ့နေရာမဟုတ်ပါဘူး။ ဒါကို မူဝါဒ ချမှတ်သူတွေ၊ နိုင်ငံရေး သမားတွေ စဉ်းစားသင့်နေပါပြီ။