မြိတ်တွင် စိတ်ကြွဆေးပြား ၃၀၀၀ ကျော် ဖမ်းဆီးရမိ

0
937

မြိတ်မြို့နယ်တွင် ဧပြီလ ၃ ရက်နေ့ ည ၁၂ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မြိတ်ကမ်းနားအလယ်လမ်းရှိ ပုလဲဖြူ အဆင့်မြင့် ဧည့်ရိပ်မွန်တွင် တည်းခိုနေထိုင်သူ အမျိုးသားတစ်ဦးကို သတင်းအရ ဝင်ရောက်စစ်ဆေးရာမှ WY စာတမ်းပါ စိတ်ကြွရှုးသွပ် ဆေးပြား ၃၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့သည်ဟု မြိတ်ခရိုင်မှုခင်းအကူ အဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ယင်းအမျိုးသားသည် မူးယစ်ဆေးဝါးများ ရောင်းချ သုံးစွဲလျက်ရှိကြောင်း သတင်းကျော်စောသဖြင့် ခရိုင်မှုခင်းအကူအဖွဲ့မှ ရဲအုပ်နှင့်အဖွဲ့၊ အမှတ်(၄)နယ်မြေရဲကင်းမှ ဒုရဲအုပ်ဦးစီးအဖွဲ့တို့နှင့် သက်သေများဖြစ်ကြသည့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးဘက်မှ တာဝန်ရှိသူများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ စစ်ဆေးခဲ့ရာ အဆိုပါ အမျိုးသားထံမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရှုးသွပ်ဆေးပြား(၃)ပြား၊ ဆေးပြားရှုရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးရောင်းချရာမှ ရရှိသည့်ငွေဟု ယူဆရသော ငွေ ၅၇၀၀၀ ကျပ်နှင့် ဆင်းကတ် ၂ ကတ်ပါ လက်ကိုင်ဖုန်းတစ်လုံးတို့နှင့်အတူ ဖမ်းဆီးမိခဲ့သည်ဟု မှုခင်းအကူအဖွဲ့ထံမှ သိရသည်။

၎င်း ထွက်ဆိုချက်အရ ၎င်းနေထိုင်သည့် မြိတ်တောင်ကျေးရွာ အေးချမ်းသာယာရပ်ကွက် မြေနီလမ်းရှိ နေအိမ်မှ ပန်းရောင် စိတ်ကြွရှုးသွပ်ဆေးပြား(၁၉၈)ပြား၊ အစိမ်းရောင် ဆေးပြား(၂)ပြား စုစုပေါင်းဆေးပြား(၂၀၀)ပြားစီပါရှိသည့် ပလတ်စတစ် ကပ်ခွာအိတ်(၁၄)အိတ် စုစုပေါင်း စိတ်ကြွရှုးသွပ်ဆေးပြား (၂၈၀၀)ပြားနှင့် ပန်းရောင်ဆေးပြား(၁၉၆)ပြား အစိမ်းရောင်ဆေးပြား (၄)ပြား စုစုပေါင်း (၂၀၀)ပြားတို့ကိုလည်း ဖမ်းဆီးခဲ့မိကြောင်း မှုခင်းအကူအဖွဲ့ရှိ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

မူးယစ်ဆေးဝါးများကို ကိုယ်တိုင်သုံးစွဲရန်နှင့် ဖြန့်ဖြူရောင်းချရန်အတွက် လက်ဝယ်ထားရှိ ရှာဖွေတွေ့ရှိသူ အထက်ပါ အမျိုးသားကို မြို့မရဲစခန်းမှ ပုဒ်မ ၁၅/၁၆(ဂ)/၁၉(က)/၂၀(က)/၂၁ တို့ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။