သင်္ကြန်ကာလ ကာမစိတ်ကြွဆေးနှင့် တားမြစ်ဆေးဝါးများ ရောင်းချမှု ကွမ်းယာဆိုင်များပါ စစ်ဆေးမည်

0
867

မွန်ပြည်နယ်တွင် သင်္ကြန်လာလအတွင်း ကာမစိတ်ကြွဆေးဝါးများ တားမြစ်ဆေးဝါးများ ရောင်းချမှု မရှိစေရန်အတွက် ဆေးဆိုင် များအပြင် ကွမ်းယာဆိုင်များကိုပါ စစ်ဆေးသွားမည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“လမ်းဘေး ကွမ်းယာဆိုင်တွေ ချောင်ကျို ချောင်ကြား လမ်းကျို လမ်းကြားမှာ ဖွင့်ထားတဲ့ ကွမ်းယာဆိုင်တွေအပြင် အခြား လမ်းမပေါ်မှာ ရောင်းနေတဲ့ ကွမ်းယာဆိုင်တွေကိုပါ စီမံချက်ချပြီးတော့ ထပ်မံ စစ်ဆေးသွားဖို့ ဆောင်ရွက်ထားပါတယ်” ဟု အထက်ပါ ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး မျိုးကြည်က ဆိုသည်။

ကာမစိတ်ကြွဆေးနှင့် တားမြစ်ဆေးဝါးများကို ဆေးဆိုင်များထက် ကွမ်းယာဆိုင်များက ရောင်းချမှု ပိုများသည်ဟု ဧပြီလ ၃ ရက်နေ့က မွန်ပြည်နယ်ရဲတပ်ဖွဲ့ရုံးတွင် ကျင်းပခဲ့သည့် သင်္ကြန်ကာလ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး အစည်းအဝေး၌ တက်ရောက်သူတစ်ဦးက တင်ပြခဲ့သည်။

“လာစစ်တာတော့ မရှိသေးဘူး၊ ရှောင်တခင် စစ်တာတော့ ဖြစ်နိုင်ပါတယ်၊ ကွမ်းယာဆိုင် အားလုံး လိုက်စစ်ဖို့ကတော့ မဖြစ်နိုင်ပါဘူး၊ မော်လမြိုင်မှာ ကွမ်းယာဆိုင်တွေ အများကြီးဘဲ”ဟု မော်လမြိုင်မြို့လယ်တွင် ကွမ်းယာဆိုင် ဖွင့်ထားသည့် ကိုမျိုးအောင်က ပြောသည်။

ယင်းသို့ ရောင်းချသည်မှာ ကွမ်းယာ သီးသန့်ရောင်းသည့် ဆိုင်များထက် စတိုးဆိုင်ပါ တွဲဖွင့်ထားသည့် ဆိုင်များတွင် ရောင်းချနိုင်ချေပိုများသည်ဟု ကိုမျိုးအောင်က ထင်ကြေးပေးသည်။

သင်္ကြန်မတိုင်ခင်နှင့် သင်္ကြန်ကာလအတွင်း ကာမစိတ်ကြွးဆေးဝါးများ၊ တားမြစ်ဆေးဝါးများ ရောင်းချမှုမရှိစေရန် ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ စည်ပင်ဝန်းထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပြီး မွန်ပြည်နယ်အတွင်းရှိ ဆေးဆိုင် များကို စစ်ဆေးလျက်ရှိသည်။

မွန်ပြည်နယ်တွင် ဆေးဆိုင်ပေါင်း ၁၅၉ ဆိုင်ရှိပြီး၊ လက်ရှိတွင် ၃၈ ဆိုင်ခန့် စစ်ဆေးထားပြီးဖြစ်ကြောင်း စစ်ဆေးမှု အနေအထား အရ ကာမစိတ်ကြဆေးဝါးနှင့် တားဖြစ်ဆေးဝါးရောင်းချမှု မတွေ့ရှိသေးကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။