မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကျေးရွာပေါင်း ၄၀တွင် ထားဝယ်နှင့် မြိတ်တက္ကသိုလ်ကျောင်းသားများက စာသင်ကြား ပေးမည်ဖြစ် ကြောင်း ကျွန်းစုမြို့နယ် ပညာရေးမှူးရုံး ဒုပညာရေးမှူး ဦးဆန်းဦးထံမှ သိရသည်။
အခြေခံစာတတ်မြောက်ရေး အစီအစဉ်အရ ကျောင်းသား ၂၀၀ကျော်က ဧပြီလ ၁ ရက်နေ့မှ မေလ ၁၅ရက်နေ့အထိ တစ်နေ့ ၃ နာရီနှုန်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း အထက်ပါ ရုံးက ပြောသည်။
ဓာတ်ပုံ – ဇော်ဇော်
“သက်ကြီးစာမတတ်သူတွေအတွက် တတ်မြောက်လာအောင် သင်ကြားပေးရတာပါ”ဟု ဦးဆန်းဦးက ဆိုသည်။
အဆိုပါ အခြေခံစာတတ်မြောက်ရေးအစီအစဉ်တွင် တက္ကသိုလ်ကျောင်းသားများနှင့် ကျေးရွာများရှိ ဒေသခံ ဆရာ ဆရာမများ ပူးပေါင်း သင်ကြားမည်ဖြစ်ကာ အသက် ၄၅ နှစ် နှင့် ၄၅ နှစ်အောက်ရှိသူများကို ပို့ချပေးသွားမည်ဟု သိရသည်။
ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် မိသားစုစားဝတ်နေရေး အခက်အခဲကြောင့် အတန်းပညာတစ်ပိုင်းတစ်စဖြင့် လုပ်ငန်းခွင်ထဲသို့ ဝင်ရောက်လုပ်ကိုင်သူဦးရေ များပြားကြောင်း ပဲ့တိုင်ကျေးရွာမှ ဒေသခံရွာသားတစ်ချို့က ပြောသည်။
ပြီးခဲ့သည့် နွေရာသီက အခြေခံစာ တတ်မြောက်ရေးလုပ်ငန်းကို ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့ နယ်တို့တွင် လုပ်ဆောင်ခဲ့သည်။