မော်လမြိုင်ဆန္ဒပြပွဲ ကျောင်းသားပူးပေါင်းမှုနည်း

0
734
ဖမ်းဆီးခံကျောင်းသားပြည်သူများ လွှတ်ပေးရေး မော်လမြိုင်တွင် ဆန္ဒထုတ်ဖော်စဉ် ဓာတ်ပုံ -ယဉ်စနိုင်း

ဖမ်းဆီးခံထားရသည့် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်မှောက် ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား အမြန်ဆုံး လွှတ်ပေးရန်နှင့် အကြမ်းဖက်မှုကို ကန့်ကွက်ကြောင်း မတ်လ ၂၈ ရက်နေ့က မော်လမြိုင်မြို့တွင် ပြုလုပ်သည့် ဆန္ဒပြပွဲတွင် ကျောင်းသားများ ပူးပေါင်းမှု အားနည်းခဲ့ကြောင်း မွန်ပြည်နယ် ကျောင်းသားသမဂ္ဂ တာဝန်ခံ မင်းဟံတလမွန်ထံမှ သိရသည်။

ဆန္ဒပြ အင်အား ၅၀ ၀န်းကျင်တွင် ကျောင်းသား ၂ ဦးသာ ပါဝင်ပြီး မြို့ခံများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် တက်ကြွ လှုပ်ရှားသူ အများစု ပါဝင်ပူးပေါင်းခဲ့ကြောင်း မင်းဟံတလမွန်က ပြောသည်။

ဖမ်းဆီးခံကျောင်းသားပြည်သူများ   လွှတ်ပေးရေး မော်လမြိုင်တွင် ဆန္ဒထုတ်ဖော်စဉ် ဓာတ်ပုံ -ယဉ်စနိုင်း
ဖမ်းဆီးခံကျောင်းသားပြည်သူများ လွှတ်ပေးရေး မော်လမြိုင်တွင်
ဆန္ဒထုတ်ဖော်စဉ်
ဓာတ်ပုံ -ယဉ်စနိုင်း

“ကျောင်းသားတွေကို မတရားရိုက်နှက် ဖမ်းဆီးနေတာကို ဘကြီးတို့က လက်မခံနိုင်လို့၊ ဖမ်းချင်လဲ သားသမီးချင်း ကိုယ်ချင်းစာ၊ လူသားချင်း စာနာထောက်ထားပြီး ဖမ်းပါ၊ လူလိုဖမ်းပါ” ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် မော်လမြိုင်မြို့ခံ ဦးလှဝင်းအောင်က ပြောသည်။

လက်ပံတန်းဖြစ်စဉ်၏ ဂယက်နှင့် သပိတ်မှောက်ကျောင်းသားများအား သွယ်ဝိုက် ဖိအားပေးမှုများ ရှိနေခြင်းကြောင့် ကျောင်းသားများ ကြောက်နေသည့် အခြေအနေမျိုးဖြစ်နေကြောင်း မင်းဟံတလမွန်က မှတ်ချက်ပြုသည်။

အထက်ပါ ဆန္ဒပြပွဲအတွက် မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မတ်လ ၂၆ ရက်နေ့က ခွင့်ပြုချက်ပေးထားကြောင်း ၎င်းက ပြောသည်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်လှုပ်ရှားမှုတွင် ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား အမြန်ဆုံး လွှတ်ပေးရန်နှင့် အကြမ်းဖက်မှုကို ကန့်ကွက်ကြောင်းကို မတ်လ ၂၇ ရက်နေ့က ရန်ကုန်၊ မန္တလေးအပြင် မြို့အတော်များများတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။