ယင်းဝါကန် ရေအရည်အသွေးနှင့် သူတို့ အတွေး၊ မျှော်လင့်ချက်

0
546

ကိုမင်းစွမ်၊
ရေကားဖြင့် ရေပေးဝေရေး လုပ်ငန်းလုပ်ကိုင်သူ၊
အေးရိပ်ငြိမ်ရပ်ကွက်။

ကျွန်တော်ကတော့ ရေကားနဲ့ ရေဝယ်ယူပြီး ရပ်ကွက်ထဲမှာ ပြန် ရောင်းချပေးတာပါ။ ခုဒီနှစ်ထဲ မှာတော့ တွင်းရေနဲ့ ရောင်းတဲ့ ရေစက်ကနေတဆင့် ယူရောင်း နေတုန်းပါပဲ။ ပြီးခဲ့တဲ့ တစ်နှစ်လောက်က မြို့တစ်မြို့လုံး ရေပြတ်သွားတာ ကြုံဖူးတယ်။ အဲဒီအချိန်က ယင်းဝါရေလှောင်တမံက ရေတစ်ခုပဲရှိတော့ အဲဒီ ကပဲ ဝယ်ရောင်းရပါ တယ်။ အဲဒီအချိန်တုန်းက ဝယ်နေကြ ဖောက်သည်တွေက နောက်နေ့တွေမှာ ဒီရေဆိုမလိုချင်ဘူးဖြစ်လာတယ်၊ ဘာဖြစ်လို့လဲ မေးကြည့်တော့ ဒီရေက ယားသလို ခံစားရတယ်လို့ ပြောကြတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်တော့ တာဝန်ရှိသူတွေက ဒီရေလှောင်ကန်ကို ပြန်လည်သန့်ရှင်းရေး လုပ်ပေးရင်၊ ပြီးတော့ အောက်ခြေကို ကွန်ကရစ်ခင်းပေးမယ်၊ မိုးတွင်းဆို နောက်ဘက် တောင်ကကျတဲ့ ရေထဲက အမှိုက်တွေကို မပါနိုင်အောင် လုပ်ပေးနိုင်မယ်ဆိုရင်တော့ ရေတွေက ဒီထက်ပိုကောင်းလာနိုင်မယ် ထင်ပါတယ်။ ဒီနှစ်တော့ ရေတော့ ရှားစပြုလာပြီ၊ မရှိရင်တော့လည်း ဒီကန်က ရေပဲဝယ်သုံးရမှာပေါ့။
yin-war-water
 

ဦးသိန်းနိုင်
စည်ပင်အင်ဂျင်နီယာမှူး
ကော့သောင်းမြို့နယ်
စည်ပင်သာယာရေး ရုံး

မြို့လူထုအနေနဲ့ ယင်းဝါ ရေလှောင်တမံကို သုံးရေအဖြစ်သာ ဝယ်ယူပြီး သောက်ရေ၊ ချိုးရေ အဖြစ် မဝယ်ယူပါဘူး။ ရေက သန့်ရှင်းပါတယ်။ ယခုအချိန်တွေ မှာတော့ မဝယ်ကြသေးပါဘူး။ ရေရှားပါးတဲ့ ကာလရောက်မှ ဝယ်ယူကြတာ များပါတယ်။ ယင်းဝါရေလှောင်တမံကို ဂျပန်နိုင်ငံက (JIဃဗ)အဖွဲ့က လာရောက် ကြည့်ရှူစစ်ဆေးခဲ့တာ ၂ ကြိမ် ရှိပါပြီ။ လက်ရှိမှာတော့ လုပ်ငန်း လုပ်ကိုင် ဖို့ကို အသိအကျ မပြောနိုင် သေးဘူး။ ကုန်ကျမယ့် ဘဏ္ဍာငွေပမာဏနဲ့ ပထဝီ အနေအထားကို သူတို့အဖွဲ့က စစ်ဆေးဆောင်ရွက်နေပါတယ်။ ယင်းဝါရေလှောင် တမံ အကျယ်အဝန်းက ၁၂ ဧက လောက်ရှိပြီး ကိုးနဝင်းတောင် ထိပ်မှာလဲ ရေဂါလံ ၄ သောင်းဆန့် ရေကန်ကြီးတစ်ကန်ကိုလဲ တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်နဲ့ တည်ဆောက် ထားပြီး ဖြစ်ပါတယ်။ ယခု ရေလှောင်တမံကိုလည်း ပြန်လည် ပြင်ဆင်ဖို့ ကုန်ကျစရိတ်တွေ၊ နည်းပညာတွေ တွက်ချက် တင်ပြထားပါတယ်၊ ပြီးစီးသွားရင်တော့ မြို့နယ်တွင်း ပုဂ္ဂလိက ရေပေးဝေရေးများထက် တဝက်နီး ပါးလောက် လျော့တဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးနိုင်ဖို့လည်း ရည်ရွယ်ချက်ရှိပါတယ်။

 

ရေဆေးခုံလုပ်ငန်း လုပ်ကိုင်သူ
စည်ပင်သာယာရပ်ကွက်

ဆိုင်မှာကတော့ အိမ်မှာ ရေ တွင်းရှိတော့ အိမ်ကရေနဲ့ပဲ အဆင် ပြေပါတယ်။ အဓိက ဆိုင်ကယ် ရေဆေးတာပေါ့။ ရေကမပြတ် သေးတော့ ရေလှောင်ကန်က ရေကို ယူသုံးဖြစ်မဖြစ် မသိသေးဘူး။ ဒီကန်ကြီးကတော့ မြို့အတွက် အရေးပါတဲ့ ကန်ဖြစ်တဲ့အတွက် သုံးရေရော၊ သောက်ရေရော ရအောင် လုပ်ပေးနိုင်ရင်တော့ ကောင်းမယ် ထင်တယ်။ ကန်ကို စနစ်တကျ ပြန်လည် မွမ်းမံဖို့တော့ လိုမယ်ထင်တယ်။ ကျွန်တော်လည်း သိပ် တော့ နားမလည်ဘူး။ ဒါပေမယ့် ရေနဲ့ အသုံးပြုတဲ့ လုပ်ငန်းလုပ်နေတော့ ရေပြတ်မှာတော့ စိုးရိမ်မိတယ်။

 

လက်ဘက်ရည်ဆိုင်ရှင် အမျိုးသမီးတစ်ဦး
စည်ပင်သာယာရပ်ကွက်

စားသောက်ကုန် လုပ်ငန်း ဆိုတော့ ရေကိုအဓိကထားသုံး ပါတယ်။ ရေကားက နေ့တိုင်း ခေါ်ရတယ်။ ဒါကြောင့် ရေကား ခေါ်ရင်တောင် သီးသန့် တစ်ကား တည်း ဖောက်သည် လုပ်ထား တယ်။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်က ကော့သောင်းမှာ ရေရှားသွားလို့ ယင်းဝါ ရေလှောင်တမံက ရေနဲ့ ရေကားတွေ အားလုံး ရောင်းနေရ တဲ့အချိန်က ပေါ့၊ ဝယ်သုံး ဖြစ်ပါတယ်။ ရေက ခါတိုင်း သုံးနေတဲ့ အချိန်ကနဲ့ မတူပါဘူး၊ ရေအရောင်ကိုက နည်းနည်းလေး နီသလိုလို နောက်သလိုလို ဖြစ်နေတယ်၊ သုံးရတာ အဆင်မပြေဘူး ပေါ့ရှင်။ ဒီကန်ကြီးက တကယ်တော့ မြို့အတွက် အသုံးဝင်ပါတယ်၊ သန့်သန့်ရှင်းရှင်းလေး ဖြစ်အောင် စနစ် တကျ လုပ်လိုက်ရင်။ ဖြစ်နိုင်ရင်တော့ ပြန်လည် သန့်ရှင်းရေး လုပ်စေချင်တယ်။ ခုတော့ ရေကားတွေက တွင်းရေပဲ ယူရောင်းနေတော့ ပြဿနာ မရှိသေးပါဘူး၊ ဘယ်အချိန် ဖြစ်မလဲတော့ မသိဘူး။ ဒီနှစ်က ပူလည်းပူတယ်ဆိုတော့ ရေရှားမယ် ထင်တယ်။ တွင်းရေတွေ ကုန်ခမ်းသွားရင်တော့ ဒီရေလှောင် ကန်ရေပဲ အားကိုးရမှာပါ။ တစ်ခြား မှာမှ မရှိတာ။

 

 

ဦးသိန်းဝင်း
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ
(အတွင်းရေးမှူး)
ယင်းဝါရေလှောင်တမံ အနီးအနားတွင် နေထိုင်သူ

ကျွန်တော် ထင်တာကတော့ ၁၉၉၀ ခုနှစ်ခန့်လောက်ကစပြီး ဒီရေလှောင်တမံ ပေါ်လာတယ် ထင်တယ်။ လက်ရှိ အိမ်မှာက တော့ ရေမီတာနဲ့ သုံးနေတော့ အဆင်ပြေပါတယ်။ ရေပြတ်သွားရင် တော့လည်း ရေကားတွေဆီက ဝယ်ရမှာပေါ့။ ပြီးခဲ့တဲ့ နှစ်နှစ် ကျော်လောက်က နွေရာသီမှာ ရေပြတ်ခဲ့ဖူးတယ်။ ကော့သောင်း မြို့ပေါ်မှာ၊ အဲဒီမှာ ဘာကြုံတွေ့ရသလဲဆိုတော့ ဒီရေလှောင်တမံက ရေနဲ့ လာရောင်းကြတဲ့ ကားတွေဆီက ဝယ်သုံးကြည့်တော့ ယားယံသလို စိတ်ထဲက ခံစားရတယ်၊ မသင်္ကာလို့ အိမ်နီးနားချင်းတွေ မေးကြည့်တော့ လည်း သူတို့လည်း ဖြစ်တယ်ဆိုတော့၊ နောက်ထပ် ဝယ်မသုံးရဲတော့ဘူး။ အဲဒီနှစ်က တော်တော်ရေရှား သွားတဲ့ နှစ်ဖြစ်လို့ တော်တော်များများ ဒီရေ ပဲ သုံးကြရတယ်။
သုံးချင်ပါတယ်၊ အားပေးချင်ပါ တယ်။ ဒီရေလှောင်ကန်ကြီးကို သန့်ရှင်းရေး ပြန်လုပ်နိုင်ရင်တော့ ကောင်းမယ်။ ပြီးတော့ ကျန်းမာရေး ဌာနတွေကလည်း ဒီကန်ထဲက ရေကို ပိုးမွှားသန့်ရှင်းမှု ရှိမရှိ စစ်ဆေးနိုင်ရင်တော့ ပိုကောင်းမယ်ထင်တယ်။

 

ဦးအောင်စိုး
ပုဂ္ဂလိကရေပေးဝေရေးလုပ်ငန်း လုပ်ကိုင်သူ
အဏ၀ါရပ်ကွက်

သောက်သုံးရေကို ကော့သောင်း မြို့နယ်၊ ၇ မိုင်နဲ့  ၈ မိုင်က သယ်ယူပြီး၊ မြို့တွင်းက မြို့လူထု ကို ရောင်းချပေးပါတယ်။ မိုးရာသီ မှာတော့ ဈေးချပြီး ရောင်းတယ်။ နွေရာသီမှာတော့ ဈေးနှုန်း အနည်း ငယ်တက်ပါတယ်။ ယင်းဝါရေ လှောင်တမံက ရေကိုတော့ ယူ မရောင်း ဖြစ်ပါဘူး။ ရေရှား တဲ့အချိန် ကြရင်တော့ ယူရောင်း ဖြစ်မယ်ထင်ပါ တယ်။ ကန်နဲ့ ပတ်သက်ပြီးတော့ ဘာမှမပြောလိုပါဘူး။ ရေပြတ် တဲ့အခါတော့ ရေယူတဲ့ ဖောက်သည်တွေ လက်ခံရင်တော့ ဒီကန်က ရေကို ရောင်းချပေးမယ်၊ လက်မခံရင်တော့ ယူမရောင်းပေး ဘူးပေါ့၊