အဖေ့သားကြီးသို့

0
1564

သားကြီးရေ
နေကောင်းလား။  တာဝန်တွေနဲ့ မို့ စိတ်ရော လူရော ပင်ပန်းရောပေါ့။ သားကြီးကတော့ တာဝန်တွေနဲ့ ဆိုတော့ အဖေတို့ကို သတိရဖို့ အချိန်ရပါ့မလား မသိဘူး ။ အဖေ တို့ကို သတိမရနိုင်ရင် လည်း ခွင့်လွှတ်ပါတယ်။ဒါနဲ့ ပြောရဦးမယ် သားတို့ လည်း သိပြီးရောပေါ့။ ဟိုကျောင်း သား သပိတ် ကို ဖြိုခွင်းလိုက်တဲ့ ကိစ္စ။

ဒီတစ်ချီတော့ အကိုင်အတွယ် ကြမ်းသလိုပဲနော်။ သားတို့ မွန်ပြည်နယ်မှာတော့ အေးအေး ဆေးဆေးပဲ မဟုတ်လား။ အရာရာ သတိရှိပေါ့ကွာ။ အထက် လူကြီးပေးတဲ့ တာဝန်ကိုတော့ ကျေပွန်အောင် ထမ်းဆောင် ရမှာပေါ့။ ဒါပေမယ့် အလိမ္မာတော့ ရှိရ မယ်နော်။
ပြောသာ ပြောရတာ သားတို့ ရဲဝန် ထမ်းဘ၀က တာဝန်တွေ အမိန့်တွေကို သေမလောက် ကြောက်ရတယ်ဆိုတော့ အဖေ ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် ပြည်သူနဲ့ တိုက်ရိုက် ထိတွေ ဆက် ဆံတဲ့ အခါ မချေမငံ မပြောမိဖို့၊ မရိုမသေ မပြော မိဖို့ သတိထား ပေါ့ကွာ။ ပြည်သူဆိုတာ သားတို့ အဖေတို့ရဲ့ ကျေးဇူးရှင်လို့လည်း ပြောလို့ရတယ်ကွ။ သားတို့ကို ပေးထားတဲ့ လစာတွေ၊ အဆောင် အယောင်တွေဆိုတာ တကယ်တော့ ပြည်သူ့ အခွန်ငွေတွေဆိုတာ သား နားလည်မှာပါ။ အဖေတို့က ပင်စင် စားဆိုတော့ အခုထိ အဲဒီ အခွန် ငွေတွေကို စားနေရတုန်းပဲ။
သားတို့ကျတော့ တာဝန်နဲ့ ဝတ္တရား ဆိုတာ ပါလာပြီနော်။ အဲဒီတာဝန်တွေ ဝတ္တရားတွေလည်း ကျေပါစေ၊ ဒါပေမယ့် ပြည်သူကို နာအောင်လုပ်ပြီးမှ အထက်ကို တာဝန်ကျေအောင် လုပ်ပြရတာကြီး က သိပ်မနိပ်ဘူးပေါ့ကွာ။ သားတို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က       ကျောင်းသား သပိတ်ကို ဖြိုခွင်း လိုက်တဲ့ ကိစ္စကြီးက တစ်နိုင်ငံလုံး အုန်းအုန်းကြွကြွ ဖြစ်ကုန်တယ်နော်။ တော်သေးတာပေါ့ကွာ၊ အဖေ့သားသာ ပဲခူးတိုင်းဘက်မှာ တာဝန် ကျနေရင်တော့ အဲဒီဖြိုခွင်းတဲ့ အထဲမှာ ပါနေမလားပဲ။

writting-letter
အဖေလည်း ဒီဗွီဘီက လွှင့်နေ တာကို မြင်ရတာ စိတ်မချမ်းသာ လိုက်တာ ကွာ။ ကျောင်းသားတွေ ဆိုတာက သားရဲ့ ညီလေးတွေ၊ ညီမလေးတွေ အရွယ်လောက် ပဲ ရှိတာကို။ သားတို့ ရဲတပ်ဖွဲ့ကလည်း ကွာ မညှာမတာ ရိုက်လိုက်ကြတာ။ တချို့ ဆို အရာရှိတွေ တားတာ ဆီးတာတောင် မနာခံဘူး။ ကျောင်း သားတွေဆိုတာက သားတို့ ရဲတပ်ဖွဲ့ ရဲ့ ရန်သူတွေမှ မဟုတ် တာ။ ပြီး တော့ သူတို့မှာ ဘာလက်နက်မှ မပါဘူး မဟုတ်လား။ ကျောင်း သားလေး တွေက သူတို့ လိုချင်တောင့်တတဲ့၊ နိုင်ငံတော်အတွက် အမှန်တကယ် အကျိုး ပြုမယ့် ပညာရေး စနစ်ကို ပြုပြင်ပေးဖို့ တောင်းဆိုကြ တယ်ဆို။ ဒီလောက်ထိ အရိုက်ခံကြ ရမယ်လို့ အဖေတောင် မထင်မိဘူး။ ရက်စက်လိုက်ကြတာကွာ။ လူဆိုး ဂိုဏ်းကြီးတစ်ခုကို ဖြိုခွင်းနေတာ ကျနေတာပဲ။
အညံ့ခံနေတဲ့ တချို့ကျောင်းသားလေး တွေဆိုရင် ရဲတပ်ဖွဲ့ဝင် လေးယောက် လောက်က နံပါတ်တုတ်တွေနဲ့ ဝိုင်းရိုက် နေတာကလည်း မြင်ရတဲ့သူတိုင်း စိတ်မချမ်းသာကြ ဘူး သားရယ်။ သူတို့ ဝိုင်းရိုက်နေတဲ့ ပုံစံက ရုပ်ရှင်တွေထဲက ဂျက်လီတို့၊ ဂျက်ကီချမ်းတို့တွေတောင် တော်ရုံနဲ့ လွတ်မယ့်ပုံ မရှိဘူး။ပြီးတော့ ရှိသေးတယ်။ ပြန်လွတ် လာတဲ့ ကျောင်းသားတွေက မီဒီယာတွေ ပေါ်မှာ ရှင်းပြထားတာကို ဖတ်ရတာ စိတ်မောလူမောပဲ သားရေ့။ အချုပ်ကား ပေါ်ကို မတက်ခင် ရဲတပ်ဖွဲ့ သုံးဆယ် လောက်က ဟိုဖက်ဒီဖက် ၁၅ ယောက် လောက် နေရာယူပြီး ကြားထဲက ဖြတ် သွားစေပြီးတော့ ဝိုင်းရိုက်ကြတယ်ဆိုပဲ။ အဖေယုံတောင် မယုံချင်ဘူးကွာ။
ပြီးတော့ ကျောင်းသားတွေကို မကဘူး အဲဒီမှာရှိတဲ့ မီဒီယာတွေ သတင်း ထောက်တွေကိုလည်း လိုက်ရိုက်၊ လိုက်ဖမ်း ကြတယ်ဆိုပဲကွ။ သားလည်း သိပါတယ်။ မီဒီယာဆိုတာ အဖေတို့ နိုင်ငံက အခု တည်ဆောက်နေပါတယ်၊ ကျင့်သုံး ဖော် ဆောင်နေပါတယ် ဆိုတဲ့ ဒီမိုကရေစီ စနစ် မှာ မပါမနေရ စတုတ္တမဏ္ဍိုင်လေကွာ။ အဲဒါကြီးကို သားတို့ တပ်ဖွဲ့က ဘယ်ချိန် အချိန်က အညှိုးထားနေလည်း မသိဘူး။ မီဒီယာတွေ ပေါ်မှာလည်း သတင်းသမား တွေ ဖြေထားတဲ့ စကားတွေ၊ ကြုံတွေ့ရတဲ့ ဟာတွေကို ဖတ်ရတာ တော်တော် မလွယ် ဘူးပဲ။
ဒါပေမယ့် မီဒီယာတွေက တာဝန် ကျေပါတယ်။ ဒီလောက် ရိုက်ထု၊ ဖမ်းဆီး နေတဲ့ ကြားထဲက အဖေတို့ ပြည်သူတွေ အဖြစ်မှန်ကို တိုက်ရိုက် ကြည့်နိုင်အောင် ရုပ်သံတွေနဲ့ ချိတ်ဆက် ရိုက်ကူး ထုတ်လွှင့် ပေးနေရှာ သေးတယ်။
အခုခေတ် မီဒီယာဆိုတာကြီး ကလည်း သိပ်မြန်တယ်နော်။ ကောင်းတာ လုပ်လုပ်၊ မကောင်း လုပ်လုပ် အင်တာနက် ဆိုလား ဖေ့စ် ဘွတ်ဆိုလား အဲဒီ အပေါ်ကို သတင်းကရောက် သွားပြီး၊ တိုင်းသိ ပြည်သိ၊ ကမ္ဘာသိတောင် ဖြစ်သွားတယ် တဲ့။ အရင်ကလို သတင်းတွေကို အမှောင်ချလို့ မရတော့ဘူးပေါ့။
သားတို့ ရဲတပ်ဖွဲ့ကို ဟိုတ လောက ပြည်သူ့အကျိုးပြုအဖွဲ့ ဆိုပြီး နာမည် ပြောင်းဖို့ သင်တန်းတွေလည်း ပေးနေပြီ ဆိုပြီး မီဒီယာ တွေပေါ်မှာ အဖေ တွေ့ လိုက်ရ သလိုပဲ။ အခု ဖြစ်နေပုံ ကြည့်ရတာ တော့အလွဲကြီး လွဲနေပြီ သားရေ။ သားတို့ လုပ်ပုံက ကျောင်းသားလေးတွေကို အခုလို ရိုက်နှက်ဖမ်းဆီး ဖြိုခွင်းလိုက်တာဟာ ပြည်သူတွေရဲ့ အသည်းနှလုံးကို နင်းချေ လိုက်သလို ဖြစ်နေပြီ သား . . . ။
သားတို့လည်း ပြန်စဉ်းစားပေါ့။ ကျောင်းသား တွေဆိုတာ နေရာ တိုင်း၊ အိမ်တိုင်းမှာ ရှိကြတာပါ။ သားမှာ လည်း ကျောင်းသား ညီငယ် လေး နှစ်ယောက် ရှိသလို သားတို့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေမှာ လည်း ကျောင်းသားလေး တွေ ရှိကြ တာပဲ။ ကိုယ်ချင်း စာကြည့်ပေါ့။ သားတို့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသား စုဝင် ကျောင်းသားလေးတွေကို အခုလို ဖမ်းဆီး ရိုက်နှက်ကြမယ် ဆိုရင် ဘယ်လိုနေကြ မလဲကွာ။
အဖေ ကြားဖူးတာက စစ်ဖြစ် နေတဲ့ ကာလမှာတောင် စစ်ရှုံးလို့ စစ်သုံ့ပန်း ဖြစ်သွားတဲ့ အကျဉ်းသား တွေကိုတောင် ဒီလို နှိပ်စက် ရိုက် နှက်ကြဖို့ နိုင်ငံတကာ မှာ ပြဋ္ဌာန်း ထားတဲ့ ဥပဒေတွေက ခွင့်မပြု ဘူး။ လူလူချင်းပဲကွာ စာနာ ကြည့်ကြ ပေါ့။ မယုံရင် ငါ့သားမှာရှိတဲ့ နံပါတ်တုတ် နဲ့ ကိုယ်ခေါင်းကိုကိုယ် ဖြေးဖြေးလေး ပုတ်ကြည့်စမ်းပါ။ နာတယ် မဟုတ်လား။ မင်းရဲ့ အငယ်ဆုံးကောင်က ဘာပြောတယ် မှတ်လဲ။ အဖေ အဲဒါ လူဆိုးတွေကို ရဲက လိုက်ရိုက်နေတာ လားဟင်တဲ့။ အဖေ ဘယ်လိုဖြေရ မလဲကွ။ ကျောင်းသားတွေက လူဆိုး တွေမှ မဟုတ်တာ။ မင်းရဲ့ညီ အလတ် ကောင်ကတော့ စာမေးပွဲနဲ့မို့ စာကျက်နေ လို့ တီဗွီကြည့်ခိုင်း မထားဘူး။ ဒါတောင် အခန်းထဲက လှမ်းမေးလိုက်သေးတယ်။ အဖေတဲ့ ကိုကြီးတို့ ရဲတပ်ဖွဲ့က ကျွန်တော် တို့ ကျောင်းသားတွေကို ဘာလို့ အတင်း လိုက်ရိုက် နေတာလဲတဲ့.. ဒီသား နှစ်ယောက်ကို အဖေဘယ်လို အဖြေ ပေးရမှန်း မသိဘူး ဖြစ်သွားတယ် ကွာ။
မင်းလည်း စဉ်းစားကြည့်ပေါ့။  ကျောင်းသားတွေ တောင်းဆိုတဲ့ ဒီ အမျိုးသား ပညာရေး ကိစ္စကြီးက တကယ် ဖြစ်သွားမယ်၊ တကယ်ပဲ ကောင်းလာမယ် ဆိုရင် ဘယ်လောက်ထိ အကျိုးပြုလိုက် မလဲ။ အခုဆို သားရဲ့ ညီလေး အငယ်ကောင် နောက်နှစ်ဆို   ကျောင်းနေရတော့မယ်။ ဘာပဲပြောပြော ဒီပညာရေး စနစ် ကြီးကို အမှီပြုပြီးတော့ အဖေတို့ သား အငယ်ဆုံး လေးရဲ့ ပညာရေးအတွက် အဖေတို့ ရှိတာလေးနဲ့ ရင်းနှီးမြှုပ်နှံ ရပြန်တော့ မယ်ကွာ။ အခုတောင်မှ အငယ်ဆုံးလေးက အဖြူစိမ်းလေးဝတ်ပြီး လွယ်အိတ် တကား ကားနဲ့ သိပ်ပျော်နေတယ်ကွ။ ဟိုကောင် အလတ်ကောင်ကတော့ ဆယ်တန်းအောင် ပြီးရင် တက္ကသိုလ် တက်ရဖို့ကို တွေးပြီး   ပျော်နေတယ်။ အဖေတို့လို ပင်စင်စား မိဘတွေဆို သားသမီးကိုပေးဖို့ လုပ်ငန်း အမွေ မရှိဘူး။ အလတ်ကောင် ကျောင်း ပြီးရင် ဒီလိုပဲ ဝန်ထမ်းဝင်လုပ်ခိုင်း ရတော့မယ် ထင်တယ်ကွာ။
သားကျောင်းပြီး ဘွဲ့ရတော့ ရဲတပ်ဖွဲ့ထဲဝင်ဖို့ တောင်းဆိုတော့ အဖေတို့ သားကို ခွင့်ပြုခဲ့ပါတယ်။ တကယ်ဆို သားကို အဖေက ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းလေး လုပ်စေချင် တာ။ အဖေတို့ မှာလည်း အမွေပေးဖို့ လုပ်ငန်းက မရှိ၊ သားကလည်း ရဲလုပ် ဖို့ ဝါသနာပါနေတော့ နောက်ဆုံး သားဆန္ဒအတိုင်း ဖြစ်သွားတာပေါ့။ အဖေ ကျေနပ်ပါတယ်။ ဂုဏ်လည်း ယူပါတယ်။ ဒါပေမယ့် နှမြောတော့ နှမြောမိတယ်ကွာ။
အခုဆို သားတို့ရဲတပ်ဖွဲ့ကို ပြည်သူတွေ တော်တော် ချဉ်နေကြပြီ ။ အဖေ့ သူငယ်ချင်း တစ်ယောက် ဆိုရင် အဖေ့သားက ရဲတပ်ဖွဲ့က ဆိုတာတောင် မေ့သွားပုံရတယ်။ အဖေ့ ရှေ့မှာတင် စိတ်မထိမ်းနိုင်ဘဲ ပြစ်ပြစ် နှစ်နှစ်တွေ ပြောတယ်ကွ။  အဖေ့ ရင်ထဲမှာ မချိ လိုက်တာ သားရယ်။ အချို့ဆို ရဲတပ်ဖွဲ့ ဝင်တွေကို ဈေးမရောင်းကြနဲ့တော့တဲ့။  ငါး ခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်ဆိုတာ အဲဒါကို ပြောတာ ထင် တယ်။ အခုဟာက ငါးခုံးမက တစ် ကောင်တည်း မဟုတ်ဘူး၊ အကောင် ခြောက်ဆယ် လောက်ရှိမယ် ထင်တယ်။ အချို့ဆိုရင် အနောက် နိုင်ငံက အကြမ်းဖက် အဖွဲ့ အစည်း တွေနဲ့ နှိုင်းလိုနှိုင်း၊  IS အဖွဲ့တွေ ထက်ဆိုးတယ်လို့ ပြောသူက ပြောကုန် ကြပြီကွာ။
အင်း… သားတို့လည်း အခုဆို ဝါးလုံးရှည်နဲ့ အရမ်းခံနေရပြီပေါ့။ အခုအချိန်မှာ ငါ့သားကြီးတို့ ရဲတပ်ဖွဲ့ကို ပြည်သူတွေ ရွံမုန်း နေတာကိုတော့ အဖေ စိတ်မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် ဝါးလုံးရှည်နဲ့တော့ မရမ်းကောင်းဘူးပေါ့ ကွာ။ လောကမှာ အကောင်းနဲ့ အဆိုး ဆိုတာ ဒွန်တွဲနေတာပဲ။ သားတို့ ရဲတပ်ဖွဲ့ ထဲမှာလည်း ကောင်းတဲ့ လူတွေ အများကြီး ရှိလိမ့်မယ်လို့ အဖေတော့ ယုံတယ်ကွာ။ လက်ပံတန်းမှာ ကျောင်းသား သပိတ် ဖြိုခွင်း ခဲ့တုန်းကတောင် ကျောင်းသားတစ် ယောက်ကို ရဲတပ်ဖွဲ့ဝင်တွေ ဝိုင်း ဖမ်းချုပ် ပြီး ခေါ်လာတာကို အရှေ့က ဒုရဲအုပ် တစ်ယောက်ထင်တယ် သူဆောင်း ထားတဲ့ ဦးထုပ်ကို ချွတ်ပြီး အဲဒီ ကျောင်းသားမှာ ဆောင်းပေးထားတဲ့ပုံ ဖေ့စ်ဘွတ် ပေါ်မှာ မြင်ခဲ့ရတယ်ကွ။ အဲဒီ ကျောင်းသားလေးကို ခေါင်းမကွဲ အောင် ကာကွယ်ပေးထားပုံရတယ် သားရ။
အခုနေ ပြည်သူတွေပြောရင်၊ အပြစ်တင်ရင်လည်းခံပေါ့ သားရယ်။ ဘယ်တတ်နိုင်မလဲ။ သားတို့ ရဲတပ်ဖွဲ့က ကျောင်းသားလေးတွေ သပိတ်စခန်းကို ဖြိုခွင်းပုံကိုလည်း ကြည့်အုန်း။ ဒီဗွီဘီ ရုပ်သံ အစီအစဉ်မှာ မြင်ရတာ အဖေ တောင် ကြက်သီးထတယ်။ ဘာတဲ့။ အဲဒါကို အဖေတို့ အစိုးရ တာဝန်ရှိသူတွေက ပြော တော့ ” ဥပဒေနဲ့အညီ ဖြေရှင်း လိုက်တာပါ” တဲ့။ အဖေတော့ ဥပဒေတွေကိုတော့ သိပ်နားမလည် ဘူးသား။
ပြီးတော့ စွမ်းအားရှင် ဆိုတဲ့ တာဝန် လက်ပတ် အနီတွေ ပတ် ထားတဲ့ ဘာရုပ်ပေါက်နေမှန်း မသိ တဲ့ လူတွေကို ဘယ်မှာ သွား ခေါ် ပြီး ဘယ်လိုဖြေရှင်း လိုက်တယ်ဆို တာကိုလည်း အဖေ အခုထိ ဘဝင် မကျ ဖြစ်နေတုန်းပဲ သားရေ့။
တလောကလည်း အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရသေးတယ်။ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်က တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ဥပဒေနဲ့အညီ ဖြေရှင်းတယ် ဆိုတဲ့ စွမ်းအားရှင် ကိစ္စကို ရှင်းထားတယ်။ ဘာတဲ့။ ဒီကိစ္စကို အစိုးရက ကျင့် ထုံး ဥပဒေပုဒ်မ ၁၂၈ အရ ဆောင် ရွက်တာတဲ့။  ကိုလိုနီခေတ်က ဥပဒေဟောင်းကြီးဆိုပဲ။ ဒီအချိန် ရောက်မှ ဒီဥပဒေကို ထုတ်သုံး တတ်လိုက်တာလို့ ချီးကျူးရတော့ မလိုပဲကွ။
ရှေ့နေ ဦးကြီးမြင့်ရှင်းပြထား တာက – ဥပဒေအရ ရပ်ကွက်ထဲမှာ ဆိုးသွမ်းနေတဲ့၊ ပြည်သူ့အကျိုး စီးပွားကို နှောက်ယှက်ဖျက်ဆီးနေတဲ့ လူစုလူဝေး(လူဆိုး)တစ်စုကို ရဲတပ်ဖွဲ့က ဖြေရှင်းရာမှာ အင်အား မမျှတပါက (ရဲအင်အားက လူဆိုး အင်အား ထက်နည်းပါး နေပါက) အဲဒီ ရပ်ကွက်ထဲက လူကြီးလူကောင်းတွေကို အနည်းဆုံး    ဒုရဲ အုပ်နဲ့ အထက် အဆင့်ရှိတဲ့ သူက အကူအညီ တောင်းခံနိုင်တယ်။ ဒါပေမယ့် ရပ်ကွက်က လူကြီးလူ ကောင်းတွေဆိုတာကလည်း ကြိုတင် ဖွဲ့စည်း လေ့ကျင့်ထား တဲ့ဟာမျိုး မဖြစ်ရဘူး။ လက်နက်ကိုင် အဖွဲ့ အစည်း မဖြစ်ရဘူးလို့ ဥပဒေမှာ ပြဋ္ဌာန်းထားတာတဲ့။ ဒါတင် မကသေးဘူး တာဝန်ရှိသူရဲ့ အမိန့် အရ ဆောင်ရွက်ခဲ့ရလို့ ပုဒ်မ ၁၃၂ အရ အရေးယူလို့ မရဘူးတဲ့။ ဒါပေမယ့်လို့ အခုဖြေရှင်းပုံက အဲဒီဥပဒေနဲ့အညီ ဖြေရှင်းတယ်ဆိုနေပေမယ့် ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ မကိုက်ညီဘူးတဲ့။
ဦးကြီးမြင့် ရဲ့ ရှင်းလင်း ချက်အရ တွေးကြည့် မယ်ဆိုရင်ကွာ (၁) ရဲအင်အားက ကျောင်းသားတွေ အင်အားထက် လေးငါးဆလောက်ကို များပြားနေတယ်။ (၂) ကျောင်းသား တွေက ရမ်းကားနေတဲ့ လူဆိုးတွေလို့ သတ်မှတ်လို့ မရဘူး။ ဆုတ်ယုတ်နေ တဲ့ ပညာရေး စနစ်ကို ပြုပြင်ပေးဖို့ ငြိမ်းချမ်းစွာ တောင်းဆိုနေတယ် ဆိုတာက ပြည်သူ့အကျိုးစီးပွားကို နှောက်ယှက်ဖျက်ဆီးနေတယ် လို့ လည်း မဆိုသာပြန်ဘူး။ (၃) အကူအညီ တောင်းခံရတဲ့ ရပ်ကွက် က လူကြီးလူကောင်းတွေ ဆိုတာက လည်း ကြိုတင်စုဖွဲ့ လေ့ကျင့်ထား တဲ့ လူတွေဖြစ်နေတယ်။ အခကြေး ငွေပေးပြီး ခေါ်ထားတယ် ဆိုပြီး ကောလဟာလ သတင်းတွေလည်း ကြားနေရတယ်။ ဒါကို တာဝန်ဆိုတဲ့ လက်ပတ် အနီကြီးတွေ ကိုယ်စီပတ် ထားတာက သက်သေခံနေတယ်ဆိုတာ သားလည်း မြင်မှာပါ။ (၄) အဲဒီ စွမ်းအားရှင်ဆိုတဲ့ လူအုပ်ကြီးက အဲဒီအခင်းဖြစ် ရပ်ကွက် တစ်ခုတည်းက မဟုတ်ဘဲ အခြားအရပ်ဒေသက လူတွေလည်း ပါဝင်နေတာ။ (၅) အဲဒီ စွမ်းအားရှင်ဆိုတဲ့ အချို့ လူတွေမှာ ဝါးရင်းဒုတ်တွေ လေးခွတွေ ကိုင်ထားတာဆိုတော့။
ကဲ အဲဒီကျင့်ထုံး ဥပဒေပုဒ်မ ၁၂၈ က ပြဋ္ဌာန်းထားတာနဲ့ တစ်ခြားစီပဲ မဟုတ်လား။ အဖေတို့ ပြန်ကြားရေး ဝန်ကြီးက ပြောတဲ့ ဥပဒေနဲ့ ညီပါတယ်ဆိုတဲ့ ကိစ္စက ဥပဒေနဲ့လွဲနေတယ် ဆိုတော့ အင်း.. လွဲတာတော့ လွဲကုန်ပြီသားရေ။ လွန်တာလည်း လွန်ကုန်ပြီပေါ့ကွာ။
ပြီးတော့ ဦးကြီးမြင့် ရှင်းပြ တဲ့အထဲမှာ အဲဒီကိစ္စနဲ့ ပတ်သက် လို့ အခုလို ကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၈ နဲ့အညီ မဟုတ်လို့ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မနဲ့ အရေးယူလို့ ရတယ်တဲ့။ အဲဒီ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မတွေက ကိုယ်ထိ လက် ရောက် လုပ်တယ်၊ ထိုးတယ်၊ ကြိတ်တယ်ဆိုရင် ပုဒ်မ ၃၂၃၊ ၃၂၄၊ တို့ပေါ့၊ နောက် ဖြိုခွဲခံရတဲ့အထဲမှာ မိန်းကလေးတွေ ပါနေတယ် မဟုတ် လား ကာအိနြေ္ဒဖျက်ဆီးမှု ပုဒ်မ ၃၅၀၊ ဆဲဆိုမှု ပုဒ်မ ၂၉၀ စတာတွေနဲ့ တရားစွဲဆိုနိုင်တယ်လို့ ဆိုတယ်ကွာ။
ကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်းကို ဖြိုခွင်းလိုက်တဲ့ သားတို့ ရဲတပ်ဖွဲ့ဝင်တွေက ရက်စက်ကြမ်းတမ်းလွန်းတော့ ရဲအစစ်တွေမှ ဟုတ်ရဲ့လားလို့ ကောလာဟာလ သတင်းတွေတောင် ကြားနေရတယ်ကွ။ အဖေတောင်မှ ဒါရဲအတုပဲ ဖြစ်ပါစေလို့ ဆုတောင်းနေ မိတယ်။ ဒါပေမယ့် အဖေဆုတောင်း မပြည့်ဘူး။ ကျောင်းသားသပိတ်ကို ဖြိုခွင်းခဲ့တာဟာ ရဲအစစ်တွေပါတဲ့ အားလုံးက ရဲသင်တန်းဆင်းပြီးတော့   လေ့ကျင့်ထားတာ ဖြစ်တယ်တဲ့ကွ။ စစ်တပ်က လုံးဝမပါဘူးတဲ့။ အဲဒါကို မတ်လ ၁၄ ရက်နေ့ထုတ် Daily Eleven သတင်းစာမှာ ပဲခူးတိုင်းဒေသကြီး ဒု-တိုင်း ရဲမှူးကြီး ဝင်းစိန်က ဖြေကြား ခဲ့တာကို  ဖော်ပြထားတယ် သားရဲ့။ ပြည်သူတွေ၊ ကျောင်းသားတွေကို ဒီလောက်အထိ ဒေါသတကြီး၊ သဲကြီး မဲကြီးနဲ့ လိုက်ရိုက်ကြဖို့ သင်တန်းတွေ ပေးထား တာကို အဖေတော့ အတော် အံ့ဩမိတယ်ကွာ။ ဒါပေမယ့် သပိတ်ဖြိုခွင်းခဲ့တဲ့ အဲဒီ ရဲတပ်ဖွဲ့က အခုမှ သင်တန်းဆင်းခါစတော့ မဖြစ်နိုင်ဘူး။ လက်ရဲဇက်ရဲ အတွေ့အကြုံရှိပုံရတယ်သားရဲ့။ ဒီလောက်ထိ တတ်နိုင်နေမှတော့ကွာ အစကတည်းက မိတ္ထီလာ အရေးအခင်းတို့၊ ရခိုင်အရေးအခင်းတို့မှာ ဒီလိုနည်းနဲ့ ဖြိုခွင်း ကြပါလားလို့ တွေးမိသေးတယ်။ အဲတုန်းကတော့ သားတို့ ရဲတပ်ဖွဲ့ဝင်တွေက စာခြောက်ရုပ်လိုပဲ ရပ်ကြည့်နေကြတာပဲနော်။ အခု ကျောင်းသားတွေ ကျမှကွာ လုပ်ရက်လိုက်တာ။
ဖြစ်သင့်တာကကွာ သားတို့ ရဲတပ်ဖွဲ့ကို မြင်လိုက်တာနဲ့တင် ပြည်သူတွေရဲ့ စိတ်ထဲမှာ လုံခြုံသွားသလို၊ ရဲတွေရှိနေရင် ပတ်ဝန်းကျင်မှာ လုံခြုံသွားသလို ဖြစ်နေကြရမှာ။ အခုတော့ကွာ ရဲဆိုတာကို အဝေးက မြင်လိုက်တာနဲ့ အဖေတို့ ပြည်သူတွေကို ဘယ်အချိန်ဘဲ ထရိုက်ကြတော့မလဲဆိုပြီး စိတ်ထဲမှာ မလုံမခြုံ ဖြစ်နေကြပြီကွ။ ကူညီပါရစေ ဆိုတဲ့ စာတမ်းကိုအားနာဖို့ ကောင်းနေပြီ။
ကျောင်းသားတွေကို ရဲက ဖြိုခွဲတဲ့ကိစ္စက အခုဆို တအုံ့နွေးနွေးနဲ့ အခုထိ မပြီးသေးဘူး သားရဲ့။ အဖေတို့ တိုင်းဒေသကြီးထဲက ထားဝယ်မှာဆိုရင် လက်ပံတန်းမှာ ကျောင်းသား သပိတ်စစ်ကြောင်းကို ဖြိုခွဲခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး   ကျောင်းသားတချို့က လောကမာရဇိန်ဘုရားကြီး ဝင်းထဲမှာ ဆုတောင်းပွဲလုပ်ကြတယ်။ အဲဒါ တိုက်ဆိုင်တာလား တမင်လား တော့မသိဘူး ရဲတွေရောက်ချလာပြီး ကျောင်းသား ခေါင်းဆောင် တွေကို ခေါ်သွားတယ်လို့သိရတယ် သားရေ။ လယ်ယာမြေအခင်းဖြစ်တဲ့အမှုမှာ ပါဝင်တာနဲ့ ဆက်စပ်တယ်လို့ ပြောတာပဲ။  ဒါပေမယ့် ည ၁၁ နာရီလောက်မှာတော့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရတယ် သား။
အင်း.. သားတို့မှာလည်း ပြည်သူ့ရဲတပ်ဖွဲ့လို့သာ ခေါ်တယ်။ တကယ်လုပ်နေရတာက ပြည်သူ့အတွက် သိပ်မရှိဘူးနော်။ လူကြီးယာဉ်တန်းအတွက် လုံခြုံရေးလိုက်ပေးနေရတာပဲ အချိန်ကုန်နေသလိုပဲကွာ။ ဒီလိုပဲ ပေါ့ကွာ ဝန်ထမ်းဆိုတာ ပေးလာတဲ့တာဝန်ကို ကျရာကဏ္ဍမှာ ကျေပွန်အောင်ထမ်း ဆောင်ရတာပဲ မဟုတ်လား။
သားတို့ဆီက အမိန့်တို့၊ ညွှန်ကြားချက်တို့ဆိုတာ ဘာမှ ပြန်ပြောခွင့်၊ ရှင်းပြခွင့်မရကြဘူးနော်။ ကောင်း၏ မကောင်း၏ တော်၏ မတော်၏ စဉ်းစားဝေဖန်ခွင့်မရှိ အထက်အမိန့်အတိုင်း တိတိကျကျ အကောင်အထည်ဖေါ် ရတာပဲဆိုတော့ အင်း… ခက်တော့ ခက်နေပြီပေါ့ကွာ။
လောလောဆယ်တော့ သားရယ် အဖေတို့ ရပ်ကွက်ထဲမှာဆို သားသိတဲ့ အတိုင်းပဲ အဖေ့သားလေးက ရဲတပ်ဖွဲ့က အရာရှိဆိုပြီးတော့ အဖေ အရင်က ကြွားခဲ့တာလေ။
အခုတော့ကွာ ရဲအရာရှိရဲ့ အဖေလို့တောင် ပြောရမှာ တွန့်နေပြီကွ။
ကဲ… အဖေနောက်ဆုံး မှာချင်တာကတော့ တကယ်လို့များပေါ့ကွာ သားတို့ကိုလည်း ရိုက်ရ၊ ထုရတဲ့ တာဝန်တွေ ပေးလာပြီဆိုရင် သားတွေးကြည့်ပေါ့။ သားတို့ နံပါတ်တုတ်နဲ့ရိုက်တဲ့ ရိုက်ချက်တိုင်းဟာ ပြည်သူတွေရဲ့ နှလုံးသားတွေ နာကျင်ရတယ် ဆိုတာကိုပေါ့။ အဖေတော့ကွာ နောက်ထပ်ဒီလို အကြမ်းဖက် ဖြိုခွင်းတာတွေ အမြင်ချင်ဘူး၊ မကြားချင်တော့ဘူးကွာ။ ဒါကို အဖေ တစ်ယောက်တည်းလားဆိုတော့ မဟုတ်ဘူးသားရဲ့။ ပြည်သူလူထု အားလုံးက အကြမ်းဖက်တာကို ဘယ်သူမှ မြင်ချင်၊ ကြားချင်မှာလည်း မဟုတ်ဘူးဆိုတာ ပြောချင်တယ်ကွာ။

အဖေ့သားကြီး ကျန်းမာပါစေ။
ပြည်သူ့အတွက်ရော နိုင်ငံတော် အတွက်ရော ပေးအပ်တဲ့တာဝန်တွေ ကျေပွန်ပါစေလို့အဖေဆုတောင်း ပေးပါတယ်။
သားရဲ့အဖေ