မော်လမြိုင် ဆန္ဒပြပွဲ ကျောင်းသား ပူးပေါင်းမှုနည်း

0
722

ဖမ်းဆီးခံထားရသည့် အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ် မှောက် ကျောင်းသားများနှင့် ဝန်းရံ ပြည်သူများအား အမြန်ဆုံး လွှတ်ပေး ရန်နှင့် အကြမ်းဖက်မှုကို ကန့်ကွက် ကြောင်း မတ်လ ၂၈ ရက်နေ့က မော်လမြိုင်မြို့တွင် ပြုလုပ်သည့် ဆန္ဒ ပြပွဲတွင် ကျောင်းသားများ ပူးပေါင်းမှု အားနည်းခဲ့ကြောင်း မွန်ပြည်နယ် ကျောင်းသားသမဂ္ဂ တာဝန်ခံ မင်းဟံတလမွန်ထံမှ သိရသည်။


ဆန္ဒပြ အင်အား ၅၀ ဝန်းကျင်တွင် ကျောင်းသား ၂ ဦးသာ ပါဝင်ပြီး မြို့ခံများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် တက်ကြွ လှုပ်ရှားသူ အများစု ပါဝင် ပူးပေါင်းခဲ့ကြောင်း မင်းဟံတလမွန်က ပြောသည်။” ကျောင်းသားတွေကို မတရား ရိုက်နှက် ဖမ်းဆီးနေတာကို ဘကြီးတို့ က လက်မခံနိုင်လို့၊ ဖမ်းချင်လဲ သားသမီးချင်း ကိုယ်ချင်းစာ၊ လူသား ချင်း စာနာထောက်ထားပြီး ဖမ်းပါ၊ လူလိုဖမ်းပါ ” ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ သည့် မော်လမြိုင်မြို့ခံ ဦးလှဝင်းအောင် က ပြောသည်။
လက်ပံတန်းဖြစ်စဉ်၏ ဂယက်နှင့် သပိတ်မှောက် ကျောင်းသားများအား သွယ်ဝိုက် ဖိအားပေးမှုများ ရှိနေခြင်း ကြောင့်    ကျောင်းသားများ ကြောက်နေ သည့် အခြေအနေမျိုး ဖြစ်နေကြောင်း မင်းဟံတလမွန်က မှတ်ချက်ပြုသည်။
အထက်ပါ ဆန္ဒပြပွဲအတွက် မော် လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မတ်လ ၂၆ ရက်နေ့က ခွင့်ပြုချက်ပေးထားကြောင်း ၎င်းက ပြောသည်။
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်လှုပ်ရှားမှုတွင် ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား အမြန်ဆုံး လွှတ် ပေးရန်နှင့် အကြမ်းဖက်မှုကို ကန့်ကွက် ကြောင်းကို မတ်လ ၂၇ ရက်နေ့က ရန်ကုန်၊ မန္တလေးအပြင် မြို့အတော် များများတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။