နှစ် ၂၀ ကျော်ကြာ မကျင်းပဖြစ်သည့် ဓမ္မာစရိယနှင့် ပထမပြန် စာမေးပွဲဂုဏ်ပြုဆုပေးပွဲ ပြန်ကျင်းပ

0
973
ဓါတ်ပုံ - ရဲထွဋ်

ထားဝယ်ဒေသတွင် နှစ်ပေါင်း ၂၀ ကျော်ကြာ မကျင်းပဖြစ်သည့် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ အောင်မြင်သည့် သံဃာတော်များနှင့် သီလရှင်များအား ဂုဏ်ပြုဆုပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၅ ခုနစ် မတ်လ ၂၄ ရက်နေ့တွင် ပြန်လည် ကျင်းပ နိုင်ခဲ့ကြောင်း ဦးဆောင်စီစဉ်သူများထံမှ သိရသည်။


၂၀၁၄ ခုနစ်က အစိုးရ ဓမ္မာစရိယ နှင့် ပါဠိပထမပြန် စာမေးပွဲ အောင် မြင်သည့် သံဃာတော် ၁၄ ပါးနှင့် သီလရှင် ၃ ပါးတို့အား ထားဝယ်မြို့ရှိ ဆွမ်းလောင်း အဖွဲ့များ စုပေါင်းကာ ဂုဏ်ပြုဆု ချီးမြှင့်ပွဲ အခမ်းအနားကို သာသနာ ဗိမ္မာန်တော်တွင် ကျင်းပခဲ့ ကြောင်း ဦးဆောင်စီစဉ်သည့် ဆရာ တော်တစ်ပါးဖြစ်သည့် ဦးကုသလက မိန့်ကြားသည်။

ဓါတ်ပုံ - ရဲထွဋ်
ဓါတ်ပုံ – ရဲထွဋ်

” နောက်ဆုံးလုပ်ဖြစ်တဲ့အချိန်က ၁၉၉၀ ဝန်းကျင်လောက်ကပဲ” ဟု မြို့မ ကျောက်ရပ်ကျောင်း ဆရာတော် ဦးကုသလက မိန့်ကြားသည်။
၂၀၁၀ ခုနစ်မှ စတင်၍ ထားဝယ် မြို့ရှိ ဆွမ်းလောင်းအသင်းများ စုပေါင်း ၍ စာဖြေသံဃာတော်များနှင့် သီလရှင် များကို ဆွမ်းကပ်ခြင်းနှင့် အောင်မြင် သည့်သူများအား ဆွမ်းကပ်ခြင်းတို့ကို ပြုလုပ်ခဲ့ရာမှ ယခုနှစ်မှ စတင်၍ ဂုဏ်ပြုဆု ပေးအပ်ပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးကုသလက မိန့်သည်။
” ရည်ရွယ်ထားတာကတော့ ကြာပါပြီ။ ရန်ပုံငွေအခက်အခဲကြောင့် အရင်နှစ်တွေက အခုလိုမလုပ်နိုင်ခဲ့ဘူး”  ဟု စုပေါင်းဆွမ်းဝေယျာဝစ္စအဖွဲ့မှ ဒု – ဥက္ကဌ(၂) ဦးအောင်ကျော်က ပြော သည်။
ဆွမ်းလောင်းအဖွဲ့များ စုပေါင်း၍ ဓမ္မာစရိယ ၃ ကျမ်းအောင် ၁ ပါးလျှင် ဂုဏ်ပြုဆုငွေ ကျပ်နှစ်သိန်း၊ ဓမ္မာစရိယ ၂ ကျမ်းအောင် ၁ ပါးလျှင် ဂုဏ်ပြုဆု ငွေ ကျပ် ၁သိန်းခွဲ၊ ပထမပြန် အကြီး တန်အောင် ၁ပါးလျှင် ကျပ်တစ်သိန်း၊ ပထမပြန် အလတ်တန်း အောင် တစ်ပါးလျှင် ၇ သောင်းနှင့် ပထမပြန် အငယ်တန်းအောင် တစ်ပါးလျှင် ကျပ် ၅ သောင်းနှင့် သင်္ကန်း တစ်စုံစီတို့ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အစိုးရဓမ္မာစရိယ နှင့် ပါဠိ ပထမ ပြန် စာမေးပွဲကို နှစ်စဉ် မတ်လ နောက်ဆုံးအပတ်နှင့် ဧပြီလ ပထမ အပတ်တို့တွင် ကျင်းပလေ့ရှိကြောင်း သိရသည်။
ယခုနှစ်တွင် မတ်လ ၂၅ ရက် နေ့မှ ဧပြီလ ၇ ရက်နေ့အထိ ဖြေဆို ရမည်ဖြစ်ပြီး စာဖြေ သံဃာနှင့် သီလရှင် ၁၅၂ ပါး   ဖြေဆိုကြမည်ဖြစ်ကြောင်း စုပေါင်း ဆွမ်းဝေယျာဝစ္စအဖွဲ့ထံမှ  သိရသည်။