သုဝဏ္ဏဘူမိမြို့ဟောင်းတူးဖော်ရန် ကျပ် သန်း ၈၀ သုံးမည်

0
763

သုဝဏ္ဏဘူမိမြို့ဟောင်း ပြန်လည် တူးဖော်နိုင်ရန် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ ရေးနှစ်တွင် ပြည်ထောင်စု ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ရံပုံငွေ ကျပ်သန်း ၈၀ ချပေးထားသည်ဟု မွန်ပြည်နယ် စီမံ / စီးပွားဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

ယင်းမြို့ဟောင်း တူးဖော်ရန် ပြီးခဲ့ သည့် ဘဏ္ဍာနှစ်က တင်ပြခဲ့သော် လည်း ခွင့်ပြုချက်မရခဲ့ဘဲ ယခုနှစ်မှ ခွင့်ပြုချက် ရခဲ့သည်ဟု ဒေါက်တာ မင်းနွယ်စိုးက ပြောသည်။ရရှိသည့် ရန်ပုံငွေအပြင် စုဆောင်း ထားသည့် ရံပုံငွေများကိုပါ ထည့်ပေါင်း သုံးစွဲကာ လာမည့်ပွင့်လင်းရာသီတွင် စတင် တူးဖော်သွားမည်ဟု သိရသည်။

” တူးဖော်ရင်း တွေ့ရှိတာတွေကို တပြိုင်တည်း ထိန်းသိမ်းရေးပါ လုပ် သွားဖို့ စီစဉ်နေတယ် ” ဟု ဒေါက်တာ မင်းနွယ်စိုးက ဆိုသည်။
ယခု အကြိမ်တူးဖော်သည့်အခါ ပြယုဂ်ကောင်းသည့် နေရာများဖြစ်သည့် မြို့ရိုးတလျှောက်၊ မြို့အဝင်ပေါက်၊ နန်းတော်စသည့် နေရာများကို ရွေးတူး မည်ဟု သိရသည်။
သုဝဏ္ဏဘူမိ မြို့ဟောင်း တူးဖော် နိုင်ရန်အတွက် သုဝဏ္ဏဘူမိ စာတမ်း ဖတ်ပွဲနှင့် အလုပ်ရုံ ဆွေးနွေးပွဲတရပ်ကို ၂၀၁၃ ခုနှစ် ဇွန်လခန့်က မော်လမြိုင် တွင် ကျင်းပခဲ့ပြီး၊ ဝင်က၊ အရပ်သည်မ နှင့် သထုံတဝိုက်ကို သုဝဏ္ဏဘူမိမြို့ ဟောင်းတည်နေရာအဖြစ် သတ်မှတ် ထားခဲ့ကာ ယင်းဆွေးနွေးပွဲမှ သတ်မှတ် ခဲ့သည့် နေရာအတိုင်း မြို့ဟောင်း တူးဖော်မှုကို ပြည်ထောင်စုဘက်ဂျက် ကျပ်သိန်း ၂၀၀ ဖြင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလအတွင်းက စတင် တူးဖော်ခဲ့ သည်။
တူးဖော်မှုတွင် ဘာသာရေး အဆောက်အအုံဟု ယူဆရသည့် အဆောက်အအုံ၊ မြို့ရိုးဟု ယူဆရသည် အဆောက်အအုံအပြင် အဆောက် အအုံအတွင်း လက်ရေးစင်အုပ်ချပ်များ၊ ဂဝံရုပ်ကြွများ၊ အုတ်ခွက်ဘုရား အကျိုး အပဲ့များ၊ ဆီမီးခွက်များ၊ ဆားထည့်အိုး၊ သိုလှောင် အိုးခြမ်းကွဲများ၊ ဒင်္ဂါး ပြားများ စသည့်ပစ္စည်း အမျိုးပေါင်း ၁၀၀ ကျော် ကို တွေ့ရှိခဲ့သည်ဟု တူး ဖော်ရေးအဖွဲ့က ပြောသည်။
ယင်းတူးဖော် တွေ့ရှိထားသည့် ပစ္စည်းများကို မော်လမြိုင်မြို့ရှိ မွန်ယဉ် ကျေးမှုပြတိုက်တွင် ပြသ ထိန်းသိမ်း ထားပြီး အဆောက်အအုံများကိုလည်း အမိုးအကာဖြင့် စနစ်တကျ ထိန်းသိမ်း ထားသည်။
သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်ရေး လုပ်ငန်းကို ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရှေး ဟောင်းသုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန တို့က ဦးဆောင် တူးဖော်ကြ သည်။မြို့ဟောင်းတစ်ခုကို တူးဖော်ရာ တွင် အချိန်ကြာမြင့်စွာ သုတေသနပြု တူးဖော်သွားရမည်ဟု ရှေးဟောင်း သုတေသန ဦးစီးဌာန ညွှန်ကြား ရေးမှူး ချုပ် ဦးကျော်ဦးလွင်က ပြောခဲ့ သည်။
သုဝဏ္ဏဘူမိသည် မြန်မာနိုင်ငံ အောက်ပိုင်း မွန်လူမျိုးတို့၏ ရာမည ဒေသရှိ စစ်တောင်းမြစ်ဝ ပတ်ဝန်းကျင်မှ တောင်ဘက် သံလွင်မြစ်ဝ ပတ်ဝန်းကျင် ထိကို သုဝဏ္ဏဘူမိနေရာဟု မွန်သမိုင်း မှတ်တမ်းအရ သိရသည်။ပထမဝီအနေအထားအရ ပဲခူးတိုင်း ဒေသကြီး အရှေ့ပိုင်း ဝေါမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် မော်လမြိုင်ခရိုင် မြောက်ပိုင်းဒေသ များကို ခြုံငုံ၍ သုဝဏ္ဏဘူမိ ဧရိယာဟု မွန်သမိုင်း မှတ်တမ်းတွင် ဖော်ပြထား သည်။