ဝယ်လင်တန် ကကြီးခခွေး

0
656

ဝယ်လင်တန်ကျောင်းသား အပိုင်း (၃)

ရည်းစားစကား ပြောပြီးမှ မိတ်ဆက်သလိုဖြစ်သွားပါက တောင်းပန်ပါ၏။ ၀ယ်လင်တန်ကျောင်းသား အခန်းဆက် ရေးနေသည်မှာ နှစ်ပတ်ရှိပြီ။ ၀ယ်လင်တန်ဆိုသည်မှာကား ဘယ်လို အရာတုန်း။

(က)

တကယ်တော့ ထားဝယ်မြို့တည်ပြီးသည့်အချိန်၊ တနင်္သာရီကမ်းရိုးတမ်းလည်းရှိနေသည့်အချိန်၊ ယင်းအချိန်ထိ ထိုနယ်လေး ဖြစ်မလာသေး။ ရခိုင်နှင့် တနင်္သာရီကို ဗြိတိသျှတို့ သိမ်းပြီးသည့် ၁၈၂၀ ကျော် ခုနှစ်များအထိပင် ထိုနယ်ကလေးမှာ ၀ယ်လင်တန်ဖြစ်မလာသေး။ နယူးဇီလန် ဖြစ်မလာသေး။

world map texas new zealand
ကမ္ဘာ့မြေပုံ ညာဘက်အောက်ထောင့်က ကျွန်းသေးသေးလေး နယူးဇီလန်။

ကမ္ဘာပေါ်တွင် လူသားတို့ နောက်အကျဆုံးခြေချခဲ့ရာနေရာဟု ယူဆကြသော ထိုကျွန်းကလေးပေါ်တွင် ထိုအချိန်ထိ မွာရီဟုခေါ်သော ကျွန်းနေတိုင်းရင်းသားတို့သာ ရှိသေးသည်။

ထုံးစံအတိုင်း ၁၈၄၀ ကျော်ခန့်တွင် ဗြိတိသျှတို့ ကျွန်းတွေကို သိမ်း (ကိုလိုနီပြု) သည်။ ထိုနောက် ကျွန်းသား တို့နှင့် ဗြိတိသျှတို့ အကြား ၀ိုင်ထန်ငီ ဟုခေါ်သော စာချုပ်ချုပ်သည်။

စာချုပ်အရ ယခုနယူးဇီလန် ဖြစ်လာသောနေရာကို ဗြိတိသျှ ဘုရင်မကြီး၏ နယ်မြေအဖြစ် ကျွန်းသားတို့က အသိအမှတ်ပြုသည်။ ဘုရင်မကြီး အနေနှင့်လည်း ကျွန်းသားတို့ ကျွန်းကို ထိန်းချုပ် စီမံခွင့်ပြုသည်။ မြေယာများ မတရား သိမ်းဆည်းခြင်း မပြုရ စသည့် အချက်များ ပါဝင်သည်။ (တကယ်တော့ ထိုမျှ မရိုးရှင်းပါ။ အသေးစိတ်ကို နောက်ပိုင်း အခန်းများတွင် ဆက်ရေးပါမည်)

ထိုအချိန်မှ စကာ နယူးဇီလန်ဖြစ်လာတော့သည်။

ယခုအချိန် သိုးနှင့် နွားများ အဓိက မွေးမြူထားရာ နယ်မြေရိုင်းကြီးမှာ အဲဒီအချိန်တုန်းက ဘာတွေများ ရှိနေမည်နည်း စိတ်ကူးကြည့်သည်။ အသိမ်းပိုက်ခံ မွာရီတိုင်းရင်းသားတို့ ရင်ထဲမှာကား ဘာတွေ ရှိမည်နည်း စိတ်ကူးကြည့်သည်။

ကိုယ်တွေကို ဗြိတိသျှတွေ လာသိမ်းတုန်းကလို တိုက်ပွဲများ နည်းနည်းပါးပါး ရှိမည်လော၊ လူတွေကော အထိန့်တလန့်ရှိမည်လော၊ မြောက်ဖြူတွေလို့ သူတို့တတွေကို ခေါ်ကြမည်လော။

နယူးဇီလန်ဟု ဆိုလိုက်လျှင် ခဏခဏ နောက်ပြောင်လေ့ရှိကြတဲ့ ‘လန်’ အုပ်စုဝင် ဖင်လန်၊ အင်္ဂလန်၊ နယ်သာလန်တို့ နားမှာ ရှိတာလား တွေးမိတတ်ကြသည်။

တကယ်တော့ အဲဒီရဲ့ ဆန့်ကျင်ဘက် အရပ်မှာဆို ပိုနီးပါသည်။ ကမ္ဘာ့မြေပုံ အောက်ဆုံး အရှေ့ဘက်စွန်းသို့သာ သွားလိုက်ပါ။ သြစတေးလျတိုက် အရှေ့တောင်ဘက်တွင် ဂဏန်းလက်မပိုင်းကျိုးလေးကဲ့သို့သော ကျွန်းတန်းကလေး တွေ့လိမ့်မည်။ ယင်းသည် နယူးဇီလန်ပင်ဖြစ်သည်။

နယူးဇီလန်သားတွေကို ကီဝီဟု ခေါ်လေ့ရှိသည်။ ကီဝီဆိုသည်မှာ နယူးဇီလန် ကျွန်းဖွား ငှက်တစ်မျိုးကလာခြင်းဖြစ်သည်။ ယင်းငှက်သည်ပင် နိုင်ငံ၏ သင်္ကေတဖြစ်ရာ နယူးဇီလန်ဒါတွေကို ကီဝီဟု ခေါ်ကြသည်။

နယူးဇီလန်တွင် ယခုတော့ ရွေ့ပြောင်းအဖြူတွေ များနေလေပြီ။ နိုင်ငံ၏ ၆၅ အထိပင်ရှိနေပေပြီ။ မွာရီတိုင်းရင်းသားကတော့ ၁၅ ရာခိုင်နှုန်းနီးပါး၊ အာရှသား ၁၂ ရာခိုင်နှုန်းနီးပါး၊ ပစိဖိတ်သား ၇.၅ ရာခိုင်နှုန်းရှိသည်။ ကျန်တာကတော့ ရောရာ။ ချင်း၊ ရခိုင်၊ ရှမ်း၊ ကချင်၊ ကယားစသည့် မြန်မာမှလာသူ တွေလည်း ထောင်ဂဏန်းရှိသည်။ ၁၉၈၈ နောက်ပိုင်း ရောက်လာသော ထားဝယ်တွေလည်း နည်းနည်းပါးပါးရှိသည်။

(ခ)

ဝယ်လင်တန်မှာ နယူးဇီလန်၏ လက်ရှိ မြို့တော်ဖြစ်သည်။ ပင်လယ်ပတ်လည်ဝိုင်းနေသော တောင်ကုန်းများပေါ်တွင် အဓိကတည်ထားသော မြို့ကလေးတွင် ဂုဏ်ပုဒ်များစွာရှိသည်။ ကမ္ဘာ့တောင်ဘက် အကျဆုံး တိုင်းပြည် မြို့တော်၊ ကမ္ဘာ့အအေးဆုံး တိုင်းပြည်မြို့တော် အနည်းငယ် စာရင်းပေါက်သူ၊ စစ်တမ်းတွေအရ နေထိုင်ရန် အကောင်းဆုံး မြို့တော်များစာရင်းလည်း ၀င်သူ၊ သွားလည်ဖို့ အကောင်းဆုံးမြို့တော်များ စာရင်းလည်း ပေါက်သူ၊ လေသန့်သန့်၊ ရေသန့်သန့်ရှိသော မြို့တော် . . . စသည်ဖြင့်။ (ဘုံဘိုင်ခေါင်းမှရေကို တစ်မြို့လုံး သောက်ကြသည်)

အမြင့်ဘယ်နေရာက ကြည့်ကြည့် မရိုးနိုင်သော ရှုခင်းကို တွေ့ရတတ်သည်။ တောင်ကြီးမြို့ကို ပင်လယ်ဝိုင်းထားသလိုမျိုးလေး။ သို့သော် တောင်ကြီးနှင့် နည်းနည်းကွာသည်က ၀ယ်လင်တန်မှာက တောင်ရိုးတောင်တန်းများပေါ် ပို အခြေခံထားသည်။ တောင်ကြီးက တော်ပေါ်က မြေပြားကို ပို အခြေခံထားသလိုမျိုးလေး။

တိုင်းပြည်တစ်ခု၏ မြို့တော်ဆိုသော်လည်း လူဦးရေက ခပ်ပါးပါး။ တောင်ကြီးမြို့ နှစ်ဆလောက် လူဦးရေရှိသည်။ ထားဝယ်မြို့ လူဦးရေထက်တော့ သုံးဆကျော်ရှိမည်။ လူဦးရေကား လေးသိန်းဝန်းကျင်သာ။ ရန်ကုန်မြို့ရှိ ငါးသန်းသော လူဦးရေနှင့် နှိုင်းယှဉ်နိုင်သည်။

ကားမကြပ်၊ လိုင်းကားများ အတောင်အသင့် အချိန်မှန်၊ စက်ဘီးစီးလိုက ရသည်၊ ဆိုင်ကယ်ရွေးချင်လည်း ရသည်။ လမ်းလျှောက်ချင်လည်း သဘော။

တိုက်ခန်းတွေက ခပ်နည်းနည်း၊ လုံးချင်းနေအိမ်များသာများသည်၊ မြို့တွင်းဟုခေါ်သော နေရာ အချို့တွင်သာ အထပ်မြင့်တိုက် အချို့ရှိသည်။ ကျန်တာကတော့ ချစ်စရာ လုံးချင်းအိမ်များဖြစ်သည်။

တကယ်တော့ ၀ယ်လင်တန်မှာ မြို့တော်ဆိုသော်လည်း နယူးဇီလန်၏ အကြီးဆုံးမြို့မှာ အော့ကလန်ဖြစ်သည်။ ၀ယ်လင်တန်၏ မြောက်ဘက်တွင် တည်ရှိသည်။ လူဦးရေ တစ်သန်းခွဲခန့်ရှိသည်။ အော့ကလန်မှာ နယူးဇီလန်၏ မြို့တော်ဖြစ်ခဲ့သော်လည်း ၁၈၆၅ ခုနှစ်မှ ၀ယ်လင်တန်ကို မြို့တော် အဖြစ်ပြောင်းလိုက်ခြင်းဖြစ်သည်။

အဓိက ကျွန်ကြီး နှစ်ကျွန်းဖြင့် တည်ဆောက်ထားသော နယူးဇီလန်တွင် ဗဟိုပိုကျသော ၀ယ်လင်တန်ကို အုပ်ချုပ်ရေးမြို့တော် အဖြစ်ရွေးလိုက်ခြင်းဖြစ်သည်။

မြန်မာပြည်မှာ ၂၀၀၅ တုန်းက နေပြည်တော်ကို ရွေ့လိုက်သလိုမျိုးလား စဉ်းစားမိသည်။ ဒါပေမဲ့ အခုတော့ ထပ်မပြောင်းတော့။

မြန်မာပြည်မှာလည်း ပြောင်းလိုက်ကြတာ၊ အင်းဝ၊ အမရပူရ၊ ဒါမှ အခု မန္တလေးဖြစ်နေတဲ့ ရတနာပုံ။

ထားဝယ်မှာကောဘာထူးလဲ။ ပြောင်းကြတာပဲ။ နောက်ဆုံးတော့ အခု မြို့ဟောင်းဖြစ်နေတဲ့ သာဂရကနေ အခု ထားဝယ်ဖြစ်နေတဲ့ သာယာဝတီဆိုပြီး ပြောင်းခဲ့တာပဲ မဟုတ်လား။

နေပြည်တော် အပြောင်းအရွေ့တွေက လူ့သမိုင်းနဲ့ အတူတူပါလာတာပဲ ထင်ပါရဲ့လေ။

ဝယ်လင်တန်ကိုတော့ ဗြိတိသျှစစ်ဗိုလ်ချုပ် တစ်ဦးနာမည်ကနေ ဆင်းသက်လာသည်ဟု ဆိုကြသည်။

အင်း . . . မြို့တွေကို လူနာမည်ပေးကြတာပဲ။ ကိုယ်တွေဆီမှာတော့ ခပ်ရှားရှားရယ်လေ။ အင်္ဂလိပ်ခေတ်တုန်းကတော့ ပေးလေ့ပေးထရှိတတ်ကြသည်။ ဥပမာ မေမြို့လိုမျိုးပေါ့။ အခုတော့ ပြင်ဦးလွင်ဖြစ်သွားရော။

လူနာမည်ကို မြို့နာမည်ပေးထားတာ ဘယ်လောက် ရှိလဲ အတွေးနယ်ချဲ့မိသည်။ အင်း ဗိုလ်ချုပ်အောင်ဆန်း ဆိုရင်ကော။ ရှိပါ့။ အောင်ဆန်းမြို့သစ်။ ဒါပေမဲ့ ယင်းမြို့ကလေးက ရန်ကုန်၏ အရိပ်အောက် ပြားပြားဝပ်နေရရှာသည်။ တကိုယ်တည်း မားမားမတ်မတ်နဲ့ ထည်ထည်ဝါ၀ါ မဟုတ်။

croppedimage600300-Kiwi-Banner
ငှက်အမည် ကီဝီကိုလည်း အစွဲပြုခေါ်ကြသည်။

နောက်တစ်မြို့ စဉ်းစားမိသည်က ဗထူးမြို့သစ်။ ရှမ်းပြည်နယ်တောင်ပိုင်းက တပ်မြို့ကလေး။ အခုတော့ ပြင်ပမှ လာနေသူ ခပ်ပါးပါးရှိနေပြီ ကြားမိသည်။

မြန်မာနိုင်ငံ တောင်ဘက်တစ်ကြောမှာတော့ မြို့တွေကို လူထူးလူချွန်တွေ နာမည်ပေးဖို့ မပြောလင့် မြို့ကို တည်ခဲ့တဲ့၊ မြို့ကို စောင့်ခဲ့တဲ့သူတွေတောင်မှပဲ ခပ်မေ့မေ့ရယ်လေ။

ဥပမာ မင်းနဲလှ။ တော်တော်များများမသိကြပါ။ ထားဝယ်မြို့အခြေစိုက် မြို့ပြနိုင်ငံတည်ခဲ့သူ၊ ကလိန်အောင်မှာ အလောင်းဘုရား ကွပ်မျက်လို့ ကျသွားခဲ့ရသူ။

ဦးမြတ်ကလေး။ မြိတ်မြို့စား။ ဗြိတိသျှတွေကို တော်လှန်ခဲ့သူ။

(ဂ)

ထိုသို့သော ကမ္ဘာ့မြေပုံ အောက်ပိုင်းက ဂဏန်းလက်မနိုင်ငံလေးသို့ မြန်မာပြည်တစ်နံတလျားမှ ကျောင်းသားတစ်သိုက်နဲ့ အတူ ဒီနှစ်တွင် ပါလာသည်။ ထားဝယ်က နှစ်ယောက်ပါသည်။ တစ်ဦးက ကံပေါက်သား။ ထားဝယ်ငါးမူးပါပြီး အခြား လူမျိုးနှစ်ခု တစ်မတ်စီစပ်ထားကြောင်း အမြဲပြောလေ့ရှိသူ။ ကျန်သည့် မိဿဟာများကတော့ ရန်ကုန်၊ ရှမ်း၊ ကယား၊ ချင်းတို့မှ ဖြစ်သည်။

စုစုပေါင်း ခြောက်လနေရမည်။ ပထမသုံးလက သုံးဆောင်းခေါ် အင်္ဂလိပ်စာ၊ နောက်သုံးလကတော့ အခု ခေတ်အစားဆုံး စကားလုံး ဒီမိုကရေစီစနစ် တည်ဆောက်ပုံ အင်စတီကျူးရှင်းများ အကြောင်း သင်ရမည်။

ဆိုတော့ ယင်းအစီအစဉ်အရ ကီဝီတို့နေရာ နယူးဇီလန်၏ မြို့တော် ၀ယ်လင်တန်ရှိ အမြင်ဆုံး တက္ကသိုလ် (အမြင့်ဆုံး ဆိုလို့ တမျိုးမထင်လင့်၊ ပင်လယ်ရေမျက်နှာပြင်ဟု ယူကလည်းရနိုင်သည်၊ တောင်ပေါ်တွင် တည်ထားသည်၊ တရက်တရက် တောင်တက်ရ မသက်သာ) တွင် ခြောက်လတာ တပ်အပ်သော အဌာရသ ပညာများ သင်ရမည်။ ၁၈ ရပ်ပြည့်ချင်မှ ပြည့်ပေမဲ့ အခု ခေတ်စားနေသော အီးနှင့် ဒီ ပညာရပ်များ သင်ရမည်ဆိုတော့ မဆိုးလင့်။ အီးကား အင်္ဂလိပ်စာ ဖြစ်ပြီး ဒီကား ဒီမိုကရေစီ ဖြစ်ပေချိမ့်။

အဓိကအားဖြင့် ကမ္ဘာ့ကြီးပေါ်နှင့် အထီးတည်းကျွန်းသေးသေးလေးပေါ်ရှိ အဖြစ်သနစ်များကို တင်ဆက်နိုင်ရန် ရည်ရွယ်ရင်းဖြင့် ဆောင်းပါးများရေးဖြစ်သည်။

ဤကား ၀ယ်လင်တန်ကျောင်းသား ဖြစ်လာသည့် အကြောင်းတည်း။

ရည်းစားစကား ပြောပြီးမှ မိတ်ဆက်သလိုဖြစ်သွားပါက တောင်းပန်ပါ၏။

ဖစု
မတ်လ ၂၇ ရက်၊
ဝယ်လင်တန်၊ နယူးဇီလန်။