သေနတ်နဲ့ မပစ်တော့ပဲ တုတ်နဲ့ရိုက်တာကို တိုးတက်မှုအဖြစ် ပြောသင့်သလား

0
647

ကျောင်းသားဆန္ဒပြပွဲ
အကြမ်း ဖက်ဖြိုခွဲခံရခြင်း

လက်ပံတန်းက ကျောင်းသား ဆန္ဒပြပွဲကို မတ်လ ၁၀ ရက်နေ့မှာ အာဏာပိုင်တွေဖက်က အင်အားသုံးပြီး အကြမ်းဖက် ဖြိုခွဲလိုက်တဲ့အတွက် အား လုံး အထိတ်တလန့် ဖြစ်သွားကြပါတယ်။ ဒီမိုကရေစီခေတ်မှာလည်း ရဲတပ်ဖွဲ့ဝင် တွေက ဒီလိုရိုက်ခွင့် ရှိတုန်းလား။ အာဏာရှင်ခေတ်နဲ့ ဒီမိုကရေစီခေတ် ကြားမှာ ရဲတွေနဲ့ အာဏာပိုင်တွေရဲ့ လုပ်ရပ်နဲ့ စိတ်ဓာတ်က ဘာမှ မပြောင်း လဲသေးဘူးလားလို့ မေးခွန်း ထုတ်လာ ကြပါတယ်။


ဒါပေမယ့် တချို့ ဆန်းစစ် သူတွေ ကတော့ အရင်ခေတ်ကလို စစ်တပ်ကို မသုံးဘူး။ သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းတာ မလုပ်ဘူး။ ရဲအင်အား သက်သက်ကိုသာ သုံးပြီး နံပါတ် တုတ်နဲ့ ရိုက်တာလောက်ပဲ လုပ်ခဲ့တယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ၂၇ နှစ်နဲ့စာရင် စိတ်ဓာတ် မပြောင်းသေးပေ မယ့် လုပ်ဟန်တော့ နည်းနည်းပြောင်းလဲ လာတယ်။ သေနတ်နဲ့ ပစ်တဲ့ခေတ်ကနေ တုတ်နဲ့ ရိုက်တဲ့ခေတ်ဆီ တဆင့်တိုးတက် လာတယ်လို့ ” ရွဲ့”  ပြောကြပါတယ်။

article-htk-v40
ဒါဖြင့် လွန်ခဲ့တဲ့ ၂၇ နှစ်က ဘာ တွေဖြစ်ခဲ့သလဲ။ အကျဉ်းရုံး ပြန်ကြည့် မယ်ဆိုရင် မဆလ ခေတ် ၂၆ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် အစိုး ရ ဆန့်ကျင်ရေး ကျောင်းသားဆန္ဒပြပွဲကို လုံထိန်းရဲက ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက် စက်မှုတက္ကသိုလ်ကျောင်သား ကိုဖုန်း မော်နဲ့ ကိုစိုးနိုင်တို့ ၂ ဦးဟာ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့က ကျဆုံးခဲ့ရ ပါတယ်။ အဲဒီက အစပြုပြီး ဩဂုတ်လ မှာ တစ်နိုင်ငံလုံးအနှံ့ လူထုအုံကြွမှု ဖြစ်ရာကနေ ၈ လေးလုံး အရေးတော် ပုံဆိုပြီး သမိုင်းတွင် ခဲ့ပါတယ်။ ဒီဖြစ်စဉ် ၂ ခုဟာ အချိန်ကာ လအားဖြင့် ၂၇ နှစ်ကွာသွားပြီဆိုပေမယ့် တူညီချက်တွေ အများကြီး ရှိနေဆဲပါ။ ပထမအချက်က မတ်လပထမ သတင်း ပတ်မှာဖြစ်တာ တူညီနေပါတယ်။ ဒုတိ ယအချက်က အာဏာပိုင်တွေရဲ့ ကျောင်းသားတွေအပေါ် အကြမ်းဖက် နှိပ်ကွပ်ရေး သဘောထားက တူညီနေ ပါတယ်။ တတိယအချက်ကတော့ ကျောင်းသားတွေ၊ တက်ကြွလှုပ် ရှားသူတွေနဲ့ စီးပွားရေးအဆင်မပြေတဲ့ ပြည်သူအများစုရဲ့ အစိုးရအပေါ် မကျေ လည်မှု တိုးပွားလာခြင်းတွေက တူညီ နေပါတယ်။

 

လူပြောင်းပေမဲ့ Mindset မပြောင်း သေး
အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း တူညီချက်တွေရှိသလို မတူညီမှုတွေလဲ အများကြီးပါ။ ပထမအချက်က ဒီနေ့ ဆန္ဒပြနေတဲ့ ကျောင်းသားတွေဟာ လွန်ခဲ့တဲ့ ၂၇ နှစ်က ဆန္ဒပြခဲ့တဲ့ ၈၈ မျိုးဆက်တွေ မဟုတ်တော့ပါ။ အသက် ၂၀ ဝန်းကျင် ၂၀၁၅ မျိုးဆက် ကျောင်း သားလေးတွေသာ ဖြစ်ပါတယ်။ ဒီလို ပါပဲ ဒီကျောင်းသားတွေကို ရိုက်နှက် ဖမ်းဆီးခဲ့သူတွေဟာလဲ လွန်ခဲ့တဲ့ ၂၇ နှစ်က ဆန္ဒပြပွဲတွေကို နှိမ်နင်း ပစ်ခတ်ခဲ့တဲ့ စစ်သားတွေ၊ ရဲသားတွေ မဟုတ်တော့ပါဘူး။ မျိုးဆက်သစ် ကျောင်းသားတွေနဲ့ မျိုးဆက်သစ် ရဲသားတွေသာ ဖြစ်ပါတယ်။
နှစ်ဖက်စလုံးက ဒီလို မျိုးဆက် သစ်တွေ ဖြစ်နေပါရဲ့နဲ့ ဘာကြောင့် မျိုးဆက်ဟောင်းက လမ်းကြောင်းအတိုင်း ရိုက်နှက် ဖြိုခွဲတဲ့ဖက်ဆီ ဦးတည်သွား ရတာလဲဆိုတာကတော့ စဉ်းစားစရာပါ။ ပိုဆိုးတာက ဒီလိုအကြမ်းဖက်ရိုက် နှက်တာမျိုး မဖြစ်အောင်၊ အဓိကရုန်းတွေကို စနစ်တကျ ကိုင်တွယ် တတ်အောင် EU (ဥရောပသမဂ္ဂ) ကနေ မြန်မာရဲတွေကို မကြာသေးခင်ကမှ သင်တန်းပေးထားခြင်းပါပဲ။ ဒီလို နိုင်ငံတကာ အဆင့်မီ သင်တန်းပေး ထားတဲ့ကြားက ဘာကြောင့် အခုလို ဆိုးဆိုးဝါးဝါး ဖြစ်သွားရတာလဲ။
ဖြစ်နိုင်ခြေတခုကတော့ ကျောင်း သားတွေရော၊ ရဲတွေပါ မျိုးဆက်သစ် တွေဖြစ်ပေမယ့် ရဲတွေကို အမိန့်ပေး နေတဲ့၊ ပြည်ထဲရေးဌာန၊ နယ်/လုံ ဌာန တွေကို ကိုင်ထားတဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက ပုဂ္ဂိုလ်တွေဟာ အရပ် သားတွေ မဟုတ်ဘဲ စစ်ဗိုလ်တွေ   ဖြစ်နေဆဲ။ ခေတ်သစ် နည်းနာတွေ အစား ခေတ်ဟောင်းက စဉ်းစားချက် အတိုင်း သွားနေဆဲဖြစ်ပြီး ၂ ဖက်စလုံး အနိုင်ရနိုင်တဲ့ Win-Win အဖြေရှာနည်း ကို နားမလည်သေး။ တဖက်သတ် အနိုင်ယူတဲ့နည်း၊ ချေမှုန်းရေးနည်းကို သာ အားသန်နေဆဲ၊ ဒီနည်းတခုတည်း ကိုသာ လုပ်တတ်နေဆဲ ဖြစ်တာကြောင့် လို့ တွက်ဆ မိပါတယ်။တစ်နည်းအားဖြင့် ပြောမယ်ဆို ရင်တော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်မယ်လို့ ကြွေးကြော်ပြီး တက်လာတဲ့ သမ္မတဦးသိန်းစိန်အစိုးရ သက်တမ်း ၅ နှစ်ပြည့်ခါနီးတဲ့အထိ အရပ်သား စစ်စစ်တွေဆီ အာဏာမလွှဲနိုင်သေး။ စစ်ဖက်က အရာရာကို ကြီးစိုးထားဆဲ ဖြစ်တဲ့အတွက် အခုလို အကြမ်းဖက်မှုတွေ သမိုင်းတပတ် ပြန်လည်လာတယ်လို့ ယူဆနိုင်ပါတယ်။

 

မီဒီယာ တင်ပြပုံအပြောင်းအလဲ
၂၇ နှစ်တာ ဒီမိုကရေစီအရေး တိုက်ပွဲအတွင်း အသိသာဆုံး အပြောင်း အလဲကတော့ မီဒီယာတွေရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၇ နှစ်ကဆိုရင် စက်မှုတက္ကသိုလ်က ကျောင်းသားတွေ ဆန္ဒပြနေတာကို ရန်ကုန်မြို့တွင်းက တခြားကျောင်းက ကျောင်းသားတွေတောင် သိဖို့ မလွယ်ပါ။ နယ်မြို့တွေဆို ပိုဆိုးပေါ့။ ဩဂုတ်လ ၈ ရက်နေ့မှာ တနိုင်ငံလုံး အတိုင်းတာနဲ့ ဆန္ဒပြမယ်ဆို တာကိုတောင် လန်ဒန်မှာ အခြေစိုက်တဲ့ ဘီဘီစီ သတင်းဌာန (လှိုင်းတိုရေဒီယို) ကနေ တဆင့် အချိန်းအချက် လုပ်ခဲ့ရ တယ် မဟုတ်ပါလား။
အခုတော့ အဲဒီလို မဟုတ်တော့။ ဆန္ဒပြကျောင်းသားတွေ လက်ထဲမှာ အင်တာနက်ပါတဲ့၊ Facebook အပါအဝင် လူမှုမီဒီယာတွေ သုံးနိုင်တဲ့ လက်ကိုင် တယ်လီဖုန်း ကိုယ်စီနဲ့ ဖြစ်နေပြီ။ ဖြစ်ပျက်နေတဲ့ သတင်းတွေကို မိနစ်ပိုင်း အလိုက် တနိုင်ငံလုံးဆီ၊ တမ္ဘာလုံးဆီ ဖြန့်နေနိုင်တဲ့ အခြေအနေ။ တစ်ခါ ပုဂ္ဂလိကပိုင် သတင်းစာ၊ ဂျာနယ်၊ အွန် လိုင်း မီဒီယာတွေက သတင်းသမား တွေလည်း ဆန္ဒပြကျောင်းသားတွေ ချီတက်ရာ လမ်းတစ်လျှောက်နဲ့ ဖြိုခွဲခံ ရတဲ့အချိန်အထိ ကျောင်းသားတွေနဲ့ အတူရှိနေပြီး မိနစ်ပိုင်းအလိုက် သတင်း တွေကို တင်ပြနေနိုင်ခဲ့ပါတယ်။

article-htk-v40-2
ဒီလို မီဒီယာတွေ ရှိနေတဲ့ကြား ထဲကနေ   ကျောင်းသားတွေကို အကြမ်း ဖက်ရိုက်နှက်ဖြိုခွဲတာ၊ သတင်းထောက် တွေကိုပါ ဆွဲရိုက်၊ ဆွဲဖမ်း လုပ်ခဲ့တဲ့တာ ကတော့ အံ့ဩစရာပါပဲ။ တဖက်ကနေ ပြန်ပြောမယ်ဆိုရင်လည်း သတင်း ထောက်တွေ ဒီလိုရှိနေလို့၊ မီဒီယာ လွတ်လပ်ခွင့်နဲ့ လူမှုမီဒီယာတွေ ဒီလောက် ပွင့်လင်းနေလို့သာ အရင်ခေတ် ကလို    သေနတ်နဲ့မပစ်ပဲ တုတ်နဲ့ရိုက်တာ လောက်နဲ့တင် အာဏာပိုင်တွေဖက်က ကျေနပ်လိုက်ရတဲ့ သဘောလို့လည်း ပြောနိုင်မယ် ထင်ပါတယ်။

တချိန်တည်းမှာပဲ ပြန်ကြားရေးဝန် ကြီးဌာန၊ သမ္မတရုံးနဲ့ ကြံ့ခိုင်ရေးပါတီက လွှတ်တော်အမတ် တချို့ကလည်း လူမှု မီဒီယာ Facebook ကိုသုံးပြီး ဆန္ဒပြ ကျောင်းသားတွေနဲ့ အများပြည်သူရဲ့ အမြင်တွေကို ဝေဝါးသွားအောင်၊ အ ချင်းချင်း သဘောထားကွဲအောင် အစိုးရဘက်ကအမြင်တွေကို ရေးသားပြီး တန်ပြန်ထိုးနှက် နိုင်ခဲ့ပါတယ်။
တစ်နည်းအားဖြင့် ပြောမယ် ဆိုရင်တော့ ဒီနေ့ကာလ ပဋိပက္ခတွေ၊ တိုက်ပွဲတွေဟာ အရင်ခေတ်ကလို ဆန္ဒပြပွဲ ဖြစ်နေတဲ့နေရာ၊ တိုက်ပွဲ ဖြစ်နေတဲ့ စစ်မြေပြင်တခုတည်းကတင် အဆုံးအဖြတ်ပေးတာ မဟုတ်တော့။ မီဒီယာပေါ်မှာ၊ အထူးသဖြင့် အွန်လိုင်း မီဒီယာ၊ ဆိုရှယ်မီဒီယာတွေပေါ်က လူထုဆန္ဒ သဘောထားတွေကို စနစ်တ ကျ အသုံးချတတ်ရေးကလည်း အရေးကြီး လာပါတယ်။

အဲဒီတော့ ဘာဖြစ်လဲ၊
ဘာဆက်လုပ်ကြမလဲ
ဒီမေးခွန်းကိုတော့ အားလုံး အသေ ချာ စဉ်းစားပြီး အဖြေရနိုင်တဲ့ လမ်းကြောင်း တစ်ခုအထိ ရောက်အောင် အကျယ်တဝင့် ဆွေးနွေးသင့်ပါတယ်။ အခုချိန်ထိ တွေ့နေရသလောက်ကတော့ နှစ်ဖက် စလုံးရဲ့ အနေထားဟာ Back to Squire One  မူလအခြေနေဆီ နောက်ပြန် ဆုတ်သွားကြပြီး မကျေလည်မှုတွေ၊ ခံစားချက်တွေပေါ် အခြေခံကာ လွန်ခဲ့တဲ့ ၂၇ နှစ်က သွားခဲ့တဲ့ လမ်းဟောင်းကြီး အတိုင်း ပြန်သွားကြမယ်ဆိုတဲ့ ပုံမျိုး မြင်နေရပါတယ်။

တချိန်တည်းမှာပဲ လွှတ်တော်ထဲ ဝင်ပြီး အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရင်း နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်၊ တိုင်းပြည် တိုးတက်လာအောင် ဆောင် ရွက်မယ်ဆိုတဲ့ နိုင်ငံရေးပါတီတွေ၊ ပါတီခေါင်းဆောင်တွေအပေါ် ဝေဖန် မှုတွေ၊ အားမလို အားမရဖြစ်မှု တွေကလည်း တိုးလာနေပါတယ်။ ကျောင်းသားဆန္ဒပြပွဲ ဖြိုခွဲခံရမှုအပေါ် ဒီပါတီကြီးက ဘာမှ အသေအချာ မကာကွယ်ပေးတဲ့အတွက် ဒီပါတီဟာ လူထုကို ကိုယ်စားပြုသေးရဲ့လားဆိုပြီး တောင် မေးခွန်း ထုတ်လာနေကြပါတယ်။ဒါပေမယ့် တဖက်ကနေ ပြန်ကြည့် မယ်ဆိုရင်လည်း မြန်မာ့အတိုက်ခံ ပါတီဟာ နိုင်ငံတကာက အတိုက်ခံ ပါတီတွေလို လက်ရှိအစိုးရအပေါ် ” အ ယုံအကြည်မရှိ အဆို”  တင်ပြီး ပါလီမန်ထဲကနေ သပိတ်မှောက် ထွက် သွားနိုင်တဲ့ အခြေအနေ မရှိသေးပါ။

ဘာကြောင့်လဲဆိုရင် အတိုက်ခံ အမတ်ဦးရေက ၄၀ ဝန်းကျင်သာရှိပြီး ကြံ့ခိုင်ရေးနဲ့ စစ်တပ် အမတ်ဦး ရေက ၄၀၀ လောက်အထိရှိနေလို့ ဖြစ်ပါတယ်။ ဒီတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အမတ်ဦးရေ များများရဖို့ အရေးကသာ ဒီပါတီအတွက် အဓိက ဦးစားပေး ဖြစ်နေပုံ ရပါတယ်။တခါ အစိုးရနဲ့ အပစ်ခတ်ရပ်စဲ ရေးလုပ်ပြီး ငြိမ်းချမ်းရေး လက်မှတ်ထိုး နိုင်အောင် ကြိုးစားနေကြတဲ့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေရဲ့ အနာဂတ်ကလည်း မသေမချာ ဖြစ်လာ နေပါတယ်။ ဆွေးနွေးလိုက်၊ ပြန်တိုက် လိုက်နဲ့ အခုချိန်ထိ လုံးချာ လည်နေဆဲ ပါ။ဒါက ပြည်တွင်းအခြေအနေ။ ပြည်ပဖက်ကို ကြည့်မယ်ဆိုရင်လည်း ရှေ့မှာတင်ပြခဲ့တဲ့ နိုင်ငံရေးပါတီကြီးတွေ၊ ငြိမ်းအဖွဲ့တွေ လိုပါပဲ၊ အရင်က စစ်အစိုးရကို ပြင်းပြင်းထန်ထန်ဝေဖန် လေ့ရှိတဲ့ အမေရိကန်နဲ့ ဥရောပ သမဂ္ဂအပါအဝင် အင်အားကြီး နိုင်ငံတွေ ဟာ ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း ကစပြီး ဦးသိန်းစိန်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှ အလုပ်ဖြစ်မယ် ဆိုပြီး ပုံအော ကူညီထောက်ခံခဲ့ကြပါတယ်။ ဒါပေမယ့် လက်ပံတောင်း အရေးအခင်း အပြီးမှာတော့ သူတို့ကိုလည်း အများက ဝေဖန် လာတဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို ပြန်လည်သုံးသပ်ရမယ့် အခြေအနေအထိ ဖိအားပေးခံ လာနေ ရပါတယ်။
တခါ ပြည်ပရောက် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားသူတွေကြားမှာလည်း ဦးသိန်းစိန်အစိုးရ အလုပ်ဖြစ်မလားဆိုပြီး ဒီတိုင်း စောင့်ကြည့်နေလို့ မဖြစ် တော့ဘူး။ ဒီထက်အခြေနေတွေ ပိုဆိုး မလာအောင် ကိုယ်ရောက်နေတဲ့နိုင်ငံ ကနေ ဆန္ဒထုတ်ဖော် ဖိအားပေးမှ ဖြစ်မယ်။ ကန့်ကွက်ရှုတ်ချမှ ဖြစ်မယ် ဆိုတဲ့ အရင် စစ်အစိုးရခေတ်က လုပ်ခဲ့ဖူးတဲ့ နည်းလမ်းဟောင်းတွေ အတိုင်း လှုပ်ရှားမှုတွေ ပြန်လုပ်လာ နေကြပါတယ်။
ဒီလိုအခြေနေမှာ သမ္မတ ဦးသိန်းစိန်နဲ့ သူရဲ့အကြံပေးတွေက ဘယ်လို ဆုံးဖြတ်ကြမလဲ။ လွန်ခဲ့တဲ့ ၂၇ နှစ်က ရွေးခဲ့တဲ့ လမ်းဟောင်းအတိုင်း ချေမှုန်းရေး လမ်း၊ တဖက်သတ် အနိုင်ယူရေး လမ်းကိုပဲ ထပ်ရွေး ကြဦးမှာလား။ Win-Win နှစ်ဖက်စလုံး အရှုံးမရှိတဲ့လမ်းကို ရှာမလား။
သေချာတာ တခုကတော့ ကျွန် တော်တို့ နိုင်ငံက နိုင်ငံရေးသမားတွေ ဒီလို သမိုင်းတပတ် ပြန်လည်ပြီး သေနတ်နဲ့ ပစ်မလား၊ တုတ်နဲ့ ရိုက်မလား ငြင်းခုန် ဆွေးနွေးနေစဉ်မှာ တခြား ဖွံ့ဖြိုးပြီး နိုင်ငံတွေက နိုင်ငံရေး သမားတွေကတော့ တုတ်ခေတ်၊ ဓားခေတ်၊ သေနတ်ခေတ်၊ အချင်းချင်း ချတဲ့ ခေတ်တွေကို ရာဇဝင်ထဲမှာ ချန်ထားခဲ့ပြီး လူအခွင့်ရေးနဲ့ စီးပွားရေး ထွန်းကားတဲ့ ခေတ်သစ်ကမ္ဘာဆီ အရှိန်အဟုန်နဲ့ ခရီးနှင်နေပြီ ဖြစ်ပါ တယ်။

 

မတ်လ ၁၈ ရက်နေ့ထုတ် The Voice နေ့စဉ် သတင်းစာပါ ဆောင်းပါး ကို စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသည်။