အဝေးမြင်၊ အနီးမြင် ပြသနာ

0
590

ကိစ္စရပ်တစ်ခုတွင်ဖြစ်စေ၊ လုပ်ငန်းတစ်ခုတွင်ဖြစ်စေအမြဲလိုလို ကြုံရသည့် ပြသနာ တစ်ရပ်ရှိသည်။
အခြားမဟုတ်။ အဝေးမြင်ခြင်းနှင့် အနီးမြင်ခြင်း ဖြစ်သည်။ အလုပ်ရှင်နှင့် အလုပ်သမား၊ မိဘနှင့်သားသမီးမှအစ၊ နိုင်ငံတော်သမ္မတနှင့် အကြံပေး(သို့မဟုတ်) ထောက်ပြ ဝေဖန်သူများအဆုံး ယင်းပြသနာ ကြုံ ကြရသည်။


ယင်းတို့တွင် မည်သူကအနီးမြင်ပြီး မည်သူက အဝေးမြင်တတ်သည်ကို ပုံသေတပ်အပ် မပြောနိုင်ပေ။ တစ်ဦးချင်းစီ၏ လေ့လာမှု၊ တစ်ဦးချင်းစီ၏ ရင့်ကျက်မှု၊ ဖြန့်ကျက်တွေးမှုအပေါ် မူတည်ပြီး ကွာခြားသွားသည်။

ဥပမာပြောရလျှင် အလုပ်သမားတစ်ဦးသည် အလုပ်သမားတစ်ဦးကဲ့သို့ သာ အနီးမြင်နေပါကသူ၏ ဘ၀သည် အလုပ်သမား အဆင့်ကတက်တော့ မည်မဟုတ်ပေ။ အလုပ်သမားတစ်ယောက်သည် အလုပ်ရှင်နေရာက ပြောင်းကာ အဝေးမြင် မြင်တတ်ရန်လည်း လိုအပ်သည်။

ယင်းသည် သူဘ၀၏ တက်လမ်းနှင့် အောင်မြင်မှုအတွက် အထောက်အပံ့ ဖြစ်ပေမည်။

မိဘများက အရှည်သဖြင့်တွေးပြီး ပြောဆိုသည့်ကိစ္စကိုသားသမီးများကမမြင်ပေးတတ်ပါက မိမိ၏ လူမှုဘ၀တွင် ပြသနာ များ၊ မပြေလည်မှုများ၊ မကျေနပ်မှုများနှင့် နှစ်ပါးသွားရမည် ဖြစ်သည်။

ထို့အတူပင် သားသမီးများက ခေတ်အမြင်ဖြင့် အရှည်တွေးသည်ကို မိဘများကလည်း အဝေးမှုန်နေ၍ မရစကောင်းပေ။
လုပ်ငန်းခွင်များတွင် ဖြစ်စေ၊ မိသားစုများတွင် ဖြစ်စေ၊ နိုင်ငံအတွင်းတွင် ဖြစ်စေ တစ်ဖက်နှင့် တစ်ဖက် အနီးမြင်ခြင်းနှင့် အဝေးမြင်ခြင်း ကွာဟမှု နည်းနိုင်သမျှနည်းရန် လိုပေသည်။

ယင်းသို့ ကွာဟမှုနည်းမှသာလျှင် တစ်စုံတစ်ရာအတွက် အဖြေရှာသည့် အခါ အဆင်ချောစွာဖြင့် ရှာနိုင်မည်ဖြစ်သည်။
တနည်းပြောရလျှင် ပဋိပက္ခနည်းနည်း၊ သွေးထွက် ချွေးထွက်နည်းနည်း ဖြင့် အဖြေတွေ့ကြမည် ဖြစ်သည်။