မွှေးရှောင် ကျောက်မီးသွေး စီမံကိန်းနှင့် ဆက်စပ်သူများ ရွာထဲမဝင်ရန် ကင်းချ

0
615

မြိတ်မြို့နယ်  တုံးဗျောကျေးရွာ အုပ်စု မွှေးရှောင်ကျေးရွာတွင် တည် ဆောက်မည့် ကျောက်မီးသွေးစက်ရုံ စီမံကိန်းနှင့် ဆက်စပ်သူများကို မတ်လ ပထမ အပတ်ကစပြီး ကျေးရွာအတွင်း အဝင်ခံတော့မည် မဟုတ်ဘဲ ရွာထိပ် တွင် ကင်းစစောင့်နေသည်ဟု ယင်း ကျေးရွာနေ ဒေသခံတချို့က ပြောသည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန် ပိုင်းက ကျောက်မီးသွေးစက်ရုံနှင့် ဆက် နွယ်သည့် အဖွဲ့ တစ်ဖွဲ့ မှ မြေတိုင်းတာ ခြင်းနှင့် ရေအနက် တိုင်းတာခြင်းကို လာရောက်ပြုလုပ်ခဲ့သော်လည်း ရွာသူ၊ ရွာသားများကို အသိမပေးခဲ့သဖြင့် ယင်းသို့ ရွာထိပ်တွင် ကင်းစစောင့်ခြင်း ဖြစ်သည်ဟု ယင်းရွာသားများက ပြော သည်။ ” ရွာကိုလာပြီး မှတ်တိုင်၊ အုတ် တိုင် စိုက်တာတို့ လုပ်မှာကို စိုးရိမ်တဲ့ အတွက်ကြောင့်ပါ” ဟု မွှေးရှောင်ရွာ သားတစ်ဦးဖြစ်သူ ဦးအောင်ဖိုးက ပြော သည်။သို့သော် မွှေးရှောင်ကျောက်မီး သွေးစက်ရုံ စီမံကိန်း တာဝန်ခံ ဦးသန်းမြင့် ကမူ ရေအရင်းအမြစ်ဦးစီးဌာနမှ မြစ် ကြောင်း အဝင်အထွက်နှင့် ပတ်သက်ပြီး ရေကြောင်း တိုင်းတာခြင်းသာဖြစ်ပြီး ရွာထဲတွင် တိုင်းတာခြင်းမဟုတ်ဟု တုန့်ပြန်သည်။

coal-in-myeik
” ကင်းချတဲ့အပေါ်မှာ ဘယ်လိုမှ မမြင်ပါဘူး။ စီမံကိန်းကိစ္စနဲ့ ရွာကို လာမယ်ဆိုရင် သက်ဆိုင်ရာ အုပ်ချုပ် ရေး၊ ဌာနဆိုင်ရာနဲ့ ရွာသားတွေကို အကြောင်းကြားပြီးမှ လာမှာပါ” ဟု ဦးသန်းမြင့်က ဆိုသည်။ ကြိုတင်အကြောင်း မကြားပါက ရွာထဲသို့ အဝင်ခံမည်မဟုတ်ဘဲ ကြိုတင် အကြောင်း ကြားပါက လူမှုရေးအရ ဧည့်ခံမည်ဖြစ် ကြောင်း ဦးအောင်ဖိုးက ရှင်းပြသည်။
” ဒါပေမယ့် တိုင်းတာ တာတွေ ကိုတော့ ခွင့်ပြုမှာမဟုတ်ဘူး” ဟု ဦးအောင်ဖိုးက ဆိုသည်။စီမံကိန်းအတွက် လိုအပ်သည် များကို ဆက်လုပ်ကိုင်ရန် ရှိသော်လည်း မည်သည့်အချိန်တွင် စတင်လုပ်ကိုင် မည်ကို မသိသေးဟု စီမံကိန်း တာဝန်ခံ ဦးသန်းမြင့်က ပြောသည်။
ပြီးခဲ့သည့်နှစ် ဩဂုတ်လ ၂၀ ရက်နေ့က တုံးဗျောငယ်ကျေးရွာရှိ ရွှေ ဘုန်းပွင့် ဘုန်းတော်ကြီးကျောင်းတွင် စက်ရုံကို တာဝန်ယူ တည်ဆောက်မည့် ဗင်း(န်)တေ့(ခ်ျ)ကုမ္ပဏီက ဒေသခံ ရွာသားများနှင့် တွေ့ဆုံပြီး စီမံကိန်း အကြောင်း ရှင်းပြခဲ့သည်။
ယင်းရှင်းလင်းပွဲတွင် စက်ရုံ  တည်ဆောက် ရန်အတွက် မြေဧက ၃၀၀၀ ကျော်ကို လျာထားကြောင်း ဗင်း(န်)တေ့(ခ်ျ)ကုမ္ပဏီမှ မန်နေဂျာ ဦးကျော်မိုးနိုင်က ပြောခဲ့ပြီး မွှေးရှောင်ရွာအပြင် ပတ်ဝန်းကျင် ရွာ ၁၀ ရွာခန့်မှ ဒေသခံအများစုမှာ ကျောက်မီးသွေး စက်ရုံလုံးဝအလို မရှိ ကြောင်း ကန့်ကွက်ခဲ့ကြသည်။
အဆိုပါ ကျောက်မီးသွေးစက်ရုံကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဗင်း(န်)တေ့(ခ်ျ)၊ ကျော်ကျော်ဖြိုး ကုမ္ပဏီတို့နှင့် ထိုင်းနိုင်ငံမှ Ratchaburi Electricity Generating Holding Public Co.,Ltd, Blue Energy & Environment Co.,Ltd တို့ ပူးပေါင်းဆောင်ရွက် သွားမည်ဟု သိရသည်။ စက်ရုံတည်ဆောက်မည့် လျာထား နေရာကို ဒေသခံများက ကမ်းဗဒူးကွင်း ဟုခေါ်ဆိုကြပြီး မွှေးရှောင်၊ သပြေပင်၊ သထာ၊ ဝါရစ်၊ အနောက်တရဖုံ ကျေးရွာတို့မှ ရွာသူရွာသားများမှ ဘိုးဘွား စဉ်ဆက် လုပ်ကိုင်စားသောက် လာခဲ့ သည့် လယ်ယာမြေများနှင့် ဥယျာဉ် ခြံမြေများ ဖြစ်သည်ဟု ဒေသခံ တစ်ချို့ က ဆိုသည်။