ဆိုလာပြား တပ်ဆင်ခ ရပ်ကျေးအုပ်ချုပ်ရေးမှူး ငွေတောင်းဟုဆို

0
761

ကော့သောင်းခရိုင် ကရသူရိမြိုကနယ်၊ တောဝိုင်းမော်ကျေးရွာတွင် တိုင်းဒေသကြီး အစိုးရ၏ ရန်ပုံငွေဖြင့် အခမဲ့ တပ်ဆင်ပေးသည့်
ဆိုလာပြားများအတွက် တပ်ဆင်ခဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးက ငွေတောင်းခဲ့သည်ဟု ယင်းကျေးရွာသူကျေးရွာသားများက ပြောသည်။

တင်ဒါအောင်ထားသည့် မြန်မာ့ မန္တလာသီရိ ကုမ္ပဏီမှ မတ်လ ၁၂ ရက်နေ့က တပ်ဆင်ပေးခဲ့ပြီးနောက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးက သယ်ယူစရိတ်ဟုဆိုကာ
ဆိုလာပြား ရသည့် အိမ်တစ်အိမ်တွင် ငွေကျပ်တစ်သောင်း ကောက်ခံခဲ့သည်ဟု၎င်းတို့က ပြောသည်။

“ကရသူရိ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကုမ္ပဏီက အခမဲ့ တပ်ဆင်ပေးတယ်၊ ငွေပေးစရာ မလိုဘူးလို့ ရွာသားတွေကို မဲစနစ်နဲ့ ဆိုလာပြားတွေ ခွဲပေးတုန်းက
ပြောခဲ့တယ်”ဟု ယင်းရွာသား ဦးစိုးအောင်က ဆိုသည်။ဆိုလာပြား တပ်ဆင်ထားသည် အိမ်တိုင်း ပေးရမည်ဖြစ်ပြီး မပေးနိုင်သူများကို
ပြန်ဖြုတ်သိမ်းသည်အထိ လုပ်ခဲ့သည်ဟု ယင်းရွာသား နောက်တစ်ဦးဖြစ်သည့် ဦးဇော်မြင့်က ပြောသည်။

အဆိုပါကိစ္စ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းရာ ဆိုလာပြားများ ရွာအရောက် သယ်ယူစရိတ်နှင့် အလုပ်သမားစရိတ် ကုန်ကျသည့်အတွက်
ကောက်ခံခြင်းဖြစ်သည်ဟု ပြန်လည် ဖြေကြားသည်။ သို့သော် တင်ဒါအောင်ထားသည့် ကုမ္ပဏီကမူ ဆိုလာပြား သယ်ယူစရိတ်နှင့် တပ်ဆင်စရိတ်များကို ကုမ္ပဏီကသာ အကုန်အကျ ခံခဲ့သည်ဟု မြန်မာ့ မန္တလာသီရိ ကုမ္ပဏီ၏ မန်နေဂျာ ဦးထွေးအောင်က ရှင်းပြသည်။တောဝိုင်းမော်ကျေးရွာသည် ရေလုပ်ငန်းဖြင့် အဓိက အသက်မွေးပြီး အိမ်ခြေ ၈၀၊အိမ်ထောင်စု ၈၀ ကျော် ရှိသည်။