စိန်ခေါ်သူများ အလိုရှိသည်

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ဝယ်လင်တန်ကျောင်းသား အပိုင်း (၂)

‘ဗုဒ္ဓေါ၊ေ-ာက်ကျိုးနဲ’။

ဆောင်းပါး ခေါင်းစဉ်တစ်ခုကို အတတ်နိုင်ဆုံး မြန်မာမှုပြုထားခြင်းဖြစ်သည်။ မူရင်းခေါင်းစဉ်က သာဆိုးမလားပင်။

‘Holy Fuck’ ဟူ၏။ တည့်တည့်ပြန်ပါက နှမနားမခံသာဖြစ်ပေလိမ့်မည်။

ထိုသို့သော ခေါင်းစဉ်တပ် ဆောင်းပါးကိုကား ၀ယ်လင်တန်မြို့၊ ဗစ်တိုးရီးယားတက္ကသိုလ် ကျောင်းသားသမဂ က အပတ်စဉ်ထုတ်သော စာစောင်တွင် ပုံနှိပ်ဖော်ပြထားခြင်း ဖြစ်သည်။

IMG_1297

ဖော်ပြပါ ခေါင်းစဉ်မှာ ခေါင်းစဉ်ကြီးဖြစ်ပြီး ဒုတိယ ခေါင်းစဉ်သေးက ‘လူဖြူအမျိုးသားများသာ အုပ်ချုပ်နေသော ဗစ်တိုးရီးယား တက္ကသိုလ်’ ဟုပေးထားသည်။

အတင့်ရဲလှချည်လား အမောင်တို့။ အိမ်း . . . ဖစုတို့တိုင်းပြည်မှာ ဆိုရင်တော့ . . . ။ အအေးမိသဖြင့် အသံဝင်နေသဖြင့် ပြောရင်း ပြောရင်း အသံတိုးဝင်သွားရသော ရောဂါသည်လို တွေးရင်းတွေးရင်း အတွေးတွေ တိမ်ဝင်သွားသည်။

ဆောင်းပါးပါ အဓိက အကြောင်းအရာမှာ ဗစ်တိုးရီးယား တက္ကသိုလ်ကောင်စီတွင် လူဖြူ အမျိုးသားများ ကြီးစိုးနေပြီး အမျိုးသမီးများကို နေရာ နည်းပါးခြင်း၊ ဒေသခံဌာနေတိုင်းရင်းသား မွာရီနှင့် ပစိဖိတ်သားတို့ အတွက် နေရာမရှိခြင်း အကြောင်းကို စာရင်းဇယားများ၊ ပြောဆို ရှုပ်ချချက်များနှင့် တကွရေးသားထားသည်။

ယင်းမှာ ကမ္ဘာအရပ်ရပ်မှ ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်းသား နှစ်သောင်းကျော် တက်ရောက်သင်ကြားနေပြီး သက်တမ်း ၁၁၈ နှစ်ရှိပြီ ဖြစ်သော ဗစ်တိုးရီးယားတက္ကသိုလ် (တကယ်တော့ ရန်ကုန် တက္ကသိုလ်ထက် ၁၉ နှစ်ပိုနောက်ကျသည်) ကောင်စီကို ကျောင်းသားထုတ် Salient အမည်ရ အပတ်စဉ် စာစောင်တွင် ဝေဖန်ထားခြင်းဖြစ်သည်။

ကျောင်းကောင်စီကို အဖွဲ့ဝင် ၁၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ယင်းတွင် အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၆ ဦးပါဝင်သည်။ ဒေသခံဌာနေတိုင်းရင်းသား မွာရီနှင့် ပစိဖိတ်သားတို့အတွက်တော့ နေရာမရှိ။ နယူးဇီလန်နိုင်ငံအတွင်းတွင် ဥရောပသား လူဖြူ လူဦးရေ ၇၅ ရာခိုင်နှုန်းနီးပါး၊ မွာရီတိုင်းရင်းသားက ၁၅ ရာခိုင်နှုန်းနီးပါး နှင့် ပစိဖိတ်သား ၇.၅ ရာခိုင်နှုန်းနီးပါးရှိသော်လည်း ဌာနေတိုင်းရင်းသားတို့ နေရာမရကြောင်း ရှင်းလင်း ဖော်ပြထားခြင်းဖြစ်သည်။

ဒါသည်ပင် ပညာရေးကောင်းသည်ဟု နာမည်ကျော်သော နယူးဇီလန်နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်တစ်ခု၏ ဖြစ်ပျက်နေပုံဖြစ်သည်။

“အတင့်ရဲလှချည်လား”

ဒါသည်ပင် ပညာရေး ဖြစ်သည်။

စကားပုံများစွာကို အလွတ်ကျက်ပြောပေလိမ့်မည်။ ‘ယနေ့ လူငယ် နောင်ဝယ် လူကြီး’၊ ‘ပညာရေးဖြင့် . . . ဖြစ်သော တိုင်းပြည် တည်ဆောက်အံ့’ စသည်ဖြင့် ဆိုင်းဘုတ်များ ကပ်၊ နှုတ်ကရွတ်၊ တကယ်ကော ယင်းသန္နိဌာန်ဖြင့် အလုပ်လုပ်ကြပါ၏ လော အားလုံးသိပေလိမ့်မည်။

တက္ကသိုလ်ကောင်စီကို ပစ်ပစ်နစ်နစ် ဝေဖန်ထားသော စာစောင်ကို ထုတ်ဝေသည့် ဗစ်တိုးရီးယား တက္ကသိုလ် ကျောင်းသား သမဂကို ၁၈၉၉ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ခေတ်အဆက်ဆက် ကျောင်းသား အခွင့်အရေးတောင်းသည်။ နစ်နာမှုများကို ဖြေရှင်းရန် တောင်းဆိုသည်။ အားကစားလှုပ်ရှားမှုမျိုး ကဲ့သို့သော လှုပ်ရှားမှုများ ဦးဆောင် ကျင်းပသည်။ ပြီးခဲ့သည့် ကိုးနှစ်က နယူးဇီလန် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ကျောင်းသားသမဂက အဓိက တာဝန်ယူ စီမံခဲ့သည်။

ယင်းသည်ပင် ကျောင်းသားတို့အတွက် လေ့ကျင့်ကွင်းဖြစ်သည်။

စီးပွားရေး သမားသည်လည်း တက္ကသိုလ်မှ ထွက်သည်။ ကွန်ပျူတာ ပရိုဂရမ်ရေးသူလည်း တက္ကသိုလ်မှ ထွက်သည်။ ဒီဇိုင်နာလည်း တက္ကသိုလ်မှ ထွက်သည်။ အင်ဂျင်နီယာများသည်လည်း တက္ကသိုလ်မှ ထွက်သည်။ နိုင်ငံရေးသမားသည်လည်း တက္ကသိုလ်မှ ထွက်သည်။ စီးပွားရေး ပညာရှင်သည်လည်း တက္ကသိုလ်မှ ထွက်သည်။ စစ်ဗိုလ်သည်လည်း တက္ကသိုလ်မှ ထွက်သည် (စစ်တက္ကသိုလ်သည်လည်း တက္ကသိုလ်ဖြစ်သည်)။ ရှေ့နေ၊ တရားသူကြီး အားလုံးလည်း တက္ကသိုလ်မှ ထွက်သည်။ . . . တက္ကသိုလ်မှ ထွက်သည်။

တက္ကသိုလ်ကျောင်းသားတို့ ဆိုသည်မှာ များမကြာမီ အဖုံဖုံသော လူ့လောက အတွင်း ၀င်ရောက်ရတော့မည် ဖြစ်ရာ နယ်ပယ်မျိုးစုံအတွက် လေ့ကျင့်ကွင်းကို တက္ကသိုလ်တွင် ဖန်တီးပေးနိုင်ရန်လိုသည်။ အားကစားလည်း လိုက်စားတတ်ရမည်၊ အနာဂတ်လက်တွဲဖော်လည်း တွေ့ချင်တွေ့မည်။ အနာဂတ် လုပ်ဖော်ကိုင်ဖက်၊ စီးပွားဖက် လည်း တွေ့ချင်တွေ့မည်။

ဒါတွေသည်ပင် တက္ကသိုလ်က ပေးသော အရာများဖြစ်သည်။ လူငယ်တို့ လူလောကကြီးထဲ မ၀င်မီ တက္ကသိုလ်က လူ့လောက သေးလေးတစ်ခု ဖန်တီးပေးထားရန်လိုသည်။ မှားခွင့်ရှိသော လောကသေးသေးလေး။

အိုကေ ဆိုတော့ ဗစ်တိုးရီးယား တက္ကသိုလ်တွင် ယဉ်ကျေးမှုနှင့် လူမှုရေး ဆိုင်ရာ ကလပ် (အဖွဲ့) ပေါင်း လေးဆယ်နီးပါးရှိသည်။ နိုင်ငံအလိုက် ကျောင်းသား အဖွဲ့များမှ စာရေးသူများ အဖွဲ့၊ အစားအသောက် အဖျော်ယမကာ အဖွဲ့များ အထိရှိသည်။ ဘောလုံး၊ လက်ဝှေ့၊ ကြက်တောင် စသည်တို့မှ ဘာအားကစားတွေမှန်း မသိသော ကလပ်များအထိ အားကစား ကလပ်ပေါင်း ၂၅ ခုရှိသည်။

အဖြူအစိမ်း ယူနီဖောင်းအလွန် လောကသေးလေးထဲ ၀င်မည့်သူများအတွက် ပတ်ဝန်းကျင်ပေါင်းစုံ ဖန်တီးပေးထားသည်။

အဲမေ့လို့ တခါတခါ နိုင်ငံရေးပါတီများက တက္ကသိုလ်နယ်မြေထဲ ဟောပြောပွဲတွေ လုပ်တတ်သေးသည်။ စိတ်ပါပါက ပါတီအသီးသီး၏ လူငယ်ကွန်ရက်များတွင် ၀င်ပေါင်း၊ ၀င်လုပ်နိုင်သည်။

“တက္ကသိုလ်ကျောင်းသားတွေ နိုင်ငံရေးပါတီတွေကို နားလည်ဖို့၊ သဘောပေါက်ဖို့ လိုတယ်၊ ဒါမှ နောက်ဆို အကဲဖြတ်တတ်မှာ”

ယင်းကား ဗစ်တိုးရီးယား တက္ကသိုလ်မှ တက္ကသိုလ်ဆရာမတစ်ဦး၏ မြန်မာနိုင်ငံမှလာသော ကျောင်းသားများကို ရှင်းပြချက်ဖြစ်သည်။

ယင်းအပြင် လက်ရှိ ကမ္ဘာကြီး အနေအထားပေါ် ထင်ဟပ်သော လှုပ်ရှားမှုများလည်း တက္ကသိုလ်အတွင်း တွေ့ရလေ့ရှိသည်။ အရှေ့လယ်ပိုင်းတွင် စွာနေသော အစ္စလာမ်မစ်နိုင်ငံတော် အစွန်းရောက်သူများ (ISIS) တို့ကို တိုက်ခိုက်ရေး အီရတ် စစ်သားများကို သင်တန်းပေးရန် လက်ရှိ နယူးဇီလန် အစိုးရက စီစဉ်ခြင်းကို ကန့်ကွက်သည့် လှုပ်ရှားမှုများ ပြီးခဲ့သည့် လက တက္ကသိုလ်အတွင်း လုပ်လိုက်သေးသည်။

IMG_1288

နယူးဇီလန်တွင် (တစ်နာရီ လုပ်အားခ မြန်မာကျပ်ငွေ တစ်သောင်းခွဲနီးပါးရှိသော) အနိမ့်ဆုံး လုပ်ခသတ်မှတ်မှု နည်းပါးနေခြင်းအပေါ် မကျေနပ်နေသော အဖွဲ့များက လက်မှတ်ထိုးလှုပ်ရှားမှု လုပ်ရာတွင်လည်း ကျောင်းသားများ၏ အကူအညီကို ယူသည်။

ကျောင်း ကြေညာသင်ပုန်းများတွင်လည်း အမျိုးမျိုးသော ပြင်ပ ကြေညာချက်များတွေ့ရတတ်သည်။ ခေတ်မမီတော့ဟု ယူဆထားခဲ့သော ဆိုရှယ်လစ်ဆိုင်ရာ ဟောပြောပွဲ ဖိတ်စာများလည်း ကပ်ထားတတ်သည်။

လေ့လာရာတွင်လည်း စာချည်းပဲ မဟုတ်။ အနည်းဆုံး တစ်ပတ်တစ်ခု လက်တွေ့နယ်ပယ်တွင် လုပ်ကိုင်နေသော ပညာရှင်များ လာရောက်ပို့ ချတတ်သည်။ ဥပမာ ယခုတစ်ပတ် အင်္ဂလိပ်ဘာသာလေ့လာနေသော ကျောင်းသားများကို မှုခင်းနှင့် ပြစ်ဒဏ်များ အကြောင်း ရဲအရာရှိဟောင်းတစ်ဦးက လာပို့ချသည်။

ယင်းသည်ပင် စာအုပ်ထဲကအကြောင်းအရာများ နှင့် လက်တွေ့ နယ်ပယ်ကို ပေါင်းကူးပေးသော အစီအစဉ်များအနက် ကောင်းမွန်သင့်တော်သည့် အစီအစဉ် ကောင်းဖြစ်သည်။

ဝန်ကြီးချုပ်များ၊ ဒါမှမဟုတ် ၀န်ကြီးဝန်လေးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးများ တက္ကသိုလ်တွင် ထိုသို့သော အမေးအဖြေ အပါအ၀င် နှစ်နာရီစာ ပို့ချမှုတစ်ခု အပတ်တိုင်းလုပ်နိုင်ပါက လုပ်ရဲသည့် သတ္တိရှိပါက အဘယ်မျှ ကောင်းလိုက်မည်နည်း တွေးမိသည်။

ထားဝယ်တို့ မြိတ်တို့ အဲ . . . မြန်မာတစ်နိုင်ငံလုံးက တက္ကသိုလ်ကျောင်းတွေက အကြီးအကဲများကလည်း နိုင်ငံရေးသမားတွေ၊ ၀န်ကြီး ၀န်လေးတွေ၊ စီးပွားရေး သမားတွေ၊ ဖွံ့ဖြိုးရေး သမားတွေ၊ တက်ကြွလှုပ်ရှားသူတွေကိုဖိတ် လောကလေးထဲက ကျောင်းသားတွေကို လောကကြီး အကြောင်း ပြောဆို ဟောပြောခိုင်းရင် ဘယ်မျှ ကောင်းလိုက်မလဲ စဉ်းစားမိသည်။

အမေရိကန်သမ္မတ လာတုန်းက လူငယ်တွေနဲ့ ရန်ကုန်တက္ကသိုလ်ထဲ တွေ့သွားသည်။ အခြားနေရာက လာသူကတွေ့သွားသည် ကိုယ့်ဆီက နိုင်ငံခေါင်းဆောင်များတော့ . . . ။

အင်း နောက်ပြီး Salient လိုမျိုး တက္ကသိုလ်စာစောင်တစ်ခု ထုတ်နိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ စဉ်းစားမိသည်။ လတ်တလော ဖြစ်နေတဲ့ ကျောင်းသား လှုပ်ရှားမှုတွေ အကြောင်း အချင်းချင်းမျှလို့ရသည်၊ ဘယ်ရုပ်ရှင်ကြိုက်သလဲ အချင်းချင်း မျှလို့ရသည်၊ ကျောင်းပိတ်ရင် ဘာလုပ်ကြမလဲ အချင်းချင်း မျှလို့ရသည်။ ကျောင်းမှာက ဘယ်နားတွေ ဘာဖြစ်နေလဲ၊ ခြုံထဲမှာ ကွန်ဒုံးတွေ ဒီလိုပစ်မထားသင့်ဘူး စည်းလေး ကမ်းလေးနဲ့ ပစ်သင့်ကြောင်း အချင်းချင်း ပြောဆို ဆွေးနွေးလို့ရသည်။

အင်း . . . စိတ်ကူးလွန်သွားပြီလားလေ။ စာစောင်လောက်တော့ Dawei Watch နဲ့ တနင်္သာရီအပတ်စဉ်က အယ်ဒီတာမင်းများ တနည်းနည်းနဲ့ ကူလို့ရလောက်ကောင်းပါ၏ နော။ တစ်ပတ်တစ်စောင်မဟုတ်တောင် တစ်လ တစ်စောင်ပေါ့။ စာမျက်နှာ လေးငါးဆယ် မဟုတ်တောင် ၁၆ မျက်နှာ၊ ၁၂ မျက်နှာ ပေါ့။

အခုတော့ နောက်မျိုးဆက်များကို ၀ါးရင်းတုတ်၊ နံပါတ်တုတ်စာ ကြွေးနေသည်။ ယင်းသည် တိုင်းပြည် အနာဂတ်ကို ၀ါးရင်းတုတ်၊ နံပါတ်တုတ်စာကြွေုးခြင်း ဖြစ်ကြောင်း မေ့နေပုံရသည်။ ဗိုလ်အောင်ကျော် အမှတ်တရ ထင်ပါ့။

တကယ်တော့ ကိုယ့်ထက်တော်သော၊ ကိုယ်တွေကို စိန်ခေါ်နိုင်သော မျိုးဆက်များ တက္ကသိုလ်လောကလေးထဲတွင် ရင်းနှီးတည်ဆောက်ခြင်းသည် တိုင်းပြည် ခေတ်အဆက်ဆက် ပိုကောင်းအောင် တည်ဆောက်ခြင်း ဖြစ်သည်။

ဗစ်တိုးရီးယား တက္ကသိုလ် တစ်နေရာတွင်တော့ အောက်ပါ စာများ ကပ်ထားသည်။

“ကျွန်ုပ်တို့ မဖြေနိုင်တဲ့ မေးခွန်းတွေမေးမဲ့သူ၊ လက်ရှိ ပိုနေမြဲကျားနေမြဲ အခြေအနေကို စိန်ခေါ်နိုင်သူ၊ ကမ္ဘာကြီးရပ်သွားအောင်နဲ့ စဉ်းစားတွေးခေါ် တတ်လာအောင် လုပ်နိုင်သူကို ရှာနေပါတယ်”

မှန်ပါသည်။

‘ဗုဒ္ဓေါ၊ေ-ာက်ကျိုးနဲ’ ဟု ပြောရဲသည့် စိန်ခေါ်သူများ အလိုရှိနေသည်။

 

ဆက်လက်ဖော်ပြပါမည်။

 

ဖစု

မတ် ၂၀၊ ၂၀၁၅၊
ဝယ်လင်တန်၊ နယူးဇီလန်