စွမ်းအားရှင် ဘာလဲ တာဝန်လက်ပတ်နီ ဘယ်လဲ

0
631

အခုတစ်လော အွန်လိုင်း မီဒီယာ မှာရော၊ ပုံနှိပ်မီဒီယာမှာပါ အတော်လေး ရေပန်းစားခဲ့တဲ့ သတင်းဓာတ်ပုံ တစ်ပုံက တော့ ဘယ်ဘက်လက်မောင်းမှာ ဆေးမှင် ကြောင် ဗရပွထိုးထားပြီး တာဝန် လက်ပတ်နီ ပတ်ထားတဲ့ ဥပဓိရုပ် ကောင်းကောင်းနဲ့ ပုဂ္ဂိုလ်တစ်ဦးက ဆန္ဒပြကျောင်းသူလေး တစ်ဦးကို ညာဘက်လက်နဲ့ လည်ပင်းကို သိုင်းဖက်ပြီး ဖမ်းဆီးလာတဲ့ ပုံပဲ ဖြစ်ပါတယ်။

Myanmar-student-protestအခုလို ဥပဓိရုပ် တည်ကြည် ခန့်ညား လွန်းတဲ့ ပုဂ္ဂိုလ်လေးဟာ စွပ်ကျယ်ချိုင်းပြတ် နဲ့ ကွာတားဘောင်းဘီကို ဆင်မြန်းထားပါ တယ်။ အားနွဲ့တဲ့ မိန်းကလေးတစ်ဦးကို ထီမထင်မျက်နှာပေးနဲ့ ဖမ်းဆီးလာတာ တွေ့ ရတော့ ဆရာကြီး ရွှေဥဒေါင်း လေးစား အားကျခဲ့တဲ့ ဂျန်းတဲလ်မန်းဆိုတာ သူလို ရုပ်ထွက်ကောင်းတဲ့ ပုဂ္ဂိုလ်များလားလို့ အတွေးနယ်ချဲ့မိပါတယ်။ တစ်လက် စတည်းပဲ အဆိုပါ ပုဂ္ဂိုလ်ရဲ့ တာဝန်က ဘာလဲ၊ ဒီတာဝန်ကို ဘယ်သူကပေးတာလဲ၊ ဒီပုဂ္ဂိုလ် လေးကရော ဘယ်အာဏာပိုင် အဖွဲ့ အစည်း ဝင်လဲ၊ တာဝန်လက်ပတ်နီပတ် ထားရုံနဲ့ မိန်းကလေးတစ်ဦးကို ကာယိနြေ္ဒ ပျက်အောင် ဖမ်းဆီး ပိုင်ခွင့် ရှိသလားလို့ မိမိဘာသာ မေးခွန်းထုတ်နေမိပါတယ်။

အဆိုပါ တာဝန် လက်ပတ်နီတွေနဲ့ မလှမ်းမကမ်းမှာတော့ ကူညီပါရစေလို့ တစာစာ ကြွေးကြော်ခဲ့ကြတဲ့ မြန်မာနိုင်ငံ ပြည်သူ့ရဲ တပ်ဖွဲ့ဝင်တွေပါ။

အခုလို မီဒီယာပေါင်းစုံမှာ ပလူပျံနေ တဲ့ သတင်းဓာတ်ပုံရဲ့ နောက်ကြောင်းရာဇဝင် ကို ခြေရာခံ ကြည့်တော့…..

မတ်လ ၅ရက်နေ့မှာရန်ကုန် မြို့ရဲ့ အချက်အချာ နေရာတစ်ခုဖြစ်တဲ့ မြို့တော် ခန်းမရှေ့မှာ လက်ပံတန်းမှာ ပိတ်မိနေတဲ့ ကျောင်းသား သပိတ်တပ်ကြီးကို ထောက်ခံ တဲ့ ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဆို ပါ ဆန္ဒပြပွဲမှာ တက္ကသိုလ်ကျောင်းသား တွေနဲ့ ၈၈ မျိုးဆက်တချို့ ပါဝင်ခဲ့ကြပြီး များမကြာမီ ရဲတွေ ရောက်ရှိ လာပါတယ်။

မြန်မာရုပ်ရှင် ဇာတ်ကားတွေထဲမှာ တော့ ဇာတ်လိုက် မင်းသားကြောင့် လူဆိုး တွေ ဖလက်ပြမှ ရဲတွေ အပြေးတစ်ပိုင်း ရောက်ချလာတတ်ပေမယ့် ရုပ်ရှင်ပိတ်ကား ပြင်ပမှာတော့ ဆန္ဒပြပြီဆိုတာနဲ့ စက္ကန့် မဆိုင်းဘဲ ရဲတွေ ရောက်ချလာတတ်ပါ တယ်။ တော်တော် တာဝန်ကျေပွန်ကြပါ ပေရဲ့။ ဒီလို ဆန္ဒပြကျောင်းသားတွေနဲ့ ရဲ တွေ တစ်ဖက်နဲ့ တစ်ဖက်အကဲ ခတ်နေတုန်း ဆန္ဒပြကျောင်းသားတွေက ကြွေးကြော်သံ တွေ ဟစ်ကြွေးခဲ့လေတော့ တာဝန်ရှိသူ တွေက လူစုခွဲကြဖို့ ပြောပါတယ်။ ဒီအချိန်မှာ တာဝန်လက်ပတ်နီ ပတ်ထားကြတဲ့ အရပ်ဝတ် စွမ်း အားရှင်တွေ ရောက်ရှိလာပြီး ဆန္ဒပြ ကျောင်းသားတွေကို တရကြမ်း ဝင်ရောက် ရိုက်နှက် ဖမ်းဆီးကြပါတယ်။ အခုလို အရပ်ဝတ် စွမ်းအားရှင်တွေ ဝင်ရောက် ရိုက်နှက်ကြတော့မှ ရဲတွေ သက်ဝင်လှုပ်ရှား လာကြပြီး ဆန္ဒပြ ကျောင်းသားတွေကို ဝင်ရောက် ရိုက်နှက် ဖမ်းဆီးပါတော့တယ်။

ဒီနေရာမှာ တစ်ခုထူးဆန်းတာက လက်နက်ဆိုလို့ အပ်တိုလေး တစ်ချောင်း တောင် ကိုင်ဆောင်မထားတဲ့အပြင် ဘာ တစ်ခုမှ ဖျက်လို ဖျက်ဆီး မလုပ်တဲ့ ဆန္ဒပြ ကျောင်းသားတွေကို ရဲတွေက အတင်း ဝင်ရောက် ရိုက်နှက်ဖမ်းဆီးကြပေမယ့် မိတ္ထီလာနဲ့ မန္တလေးမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေမှာ မြင်မြင်သမျှ ရိုက်နှက်မီးရှို့ဖျက်ဆီး နေကြတဲ့ လက်နက် ကိုင် အဖျက်သမားတွေကိုတော့ ရဲလေးတို့ က အထက်အမိန့်မရလို့ လက်ဖျားနဲ့ တောင် မတို့ဘဲ ဒီအတိုင်း လက်ပိုက်ကြည့်နေ လိုက်ကြသတဲ့။

အကယ်၍ မီးသတ်ရဲဘော်တွေလည်း ရဲတွေရဲ့ ထုံးနှလုံးမူပြီး အထက် အမိန့်မရ လို့ မီးမငြိမ်းသတ်ဘဲ လက်ပိုက်ကြည့် နေကြရင် ခက်ရချည်ရဲ့။ တကယ်တော့ ခွင့်ပြုချက် မယူဘဲဆန္ဒပြလို့ ဖမ်းတာဆီး တာ ရဲအလုပ်ပါ။ ဒါတောင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ရဲပင်ဖြစ်လင့်ကစား ရိုက်နှက်ဖမ်းဆီးခွင့် မရှိပါဘူး။ အခုတော့ ရဲတွေလုပ်ရမယ့် အလုပ်ကို အရပ်ဝတ် စွမ်းအားရှင်တွေက ဦးစီးဦးဆောင်လုပ်ခဲ့ ကြလေတော့ ဒီမိုကရေ စီစနစ်ကို ဖော်ဆောင် နေပါတယ်ဆိုတဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ရဲ့ စကားကို ကျွန်တော်တို့ ယုံရခက် ခက်ကြီးပါ။

အဆိုပါ မင်းမဲ့စရိုက်ဆန်ဆန် အကြမ်း ဖက်မှုဟာ တစ်နည်းပြောရရင် တရားဥပဒေ ကို စောင့်ကြပ်တဲ့ နတ်သမီးကို အလိုမတူပဲ မုဒိမ်းပြု ကျင့်ခြင်းပါပဲ။ ဖြစ်ချင်တော့ အဲဒီနေ့ က မြို့တော်ခန်းမရှေ့မှာ မီဒီယာသမားတွေ ရောက်ရှိနေကြတော့ စွမ်းအားရှင်တွေရဲ့ လုပ်ရပ်ဟာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားခဲ့ရပါတယ်။ အခုလို စွမ်းအားရှင်တွေ လက်ချက်မှန်း ဒီလောက် သိသာထင်ရှား နေတာတောင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က မိမိတို့ အစိုးရလက်ထက်မှာ စွမ်းအားရှင် မရှိပါဘူးလို့ ကျားကျားမီးယပ် လုပ်ခဲ့ ပါတယ်။ ဒါဖြင့် ဒီတာဝန် လက် ပတ်နီတွေဟာ စွမ်းအားရှင် မဟုတ်ရင် ဘာလဲလို့ မီဒီယာသမားတွေ ဆက်လက် မေးမြန်းတော့ ရန်ကုန် တိုင်းအစိုးရ အဖွဲ့ သာ သိပါလိမ့် မယ်လို့ ဘော်လီဘော ပုတ်ခဲ့ပါ တယ်။

ကောင်းပါပြီ။ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က မိမိတို့ အစိုးရအဖွဲ့က သား အဖြစ်မှအမွေပြတ်စွန့် လွှတ်ကြောင်း အတိအလင်း ကြော်ငြာခဲ့တဲ့ တစ်နေ့ရှစ်ထောင် တန် ရိုက်စား စွမ်းအားရှင် ဘာလဲ…. ဘယ် လဲဆိုတာ ကျွန်တော်တို့ အနည်းငယ် တီးခေါက် ကြည့်ရအောင်။

ရှေးဦးစွာ စွမ်းအားရှင် ဆိုတဲ့ အသုံး အနှုန်းကို တရားဝင် တင်သွင်း လာသူက တော့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ ဖြစ်ပြီး ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်နေ့မှာ ပြုလုပ်တဲ့ နအဖ သတင်းစာရှင်းလင်းပွဲ(၇/၂၀၀၆)မှာ “မီးသတ်၊ ကြက်ခြေနီ၊ ရယက စသဖြင့် ဒီပုဂ္ဂိုလ်တွေဟာ လစာရိ က္ခာတစ်ပြားတစ်ချပ် မှ မယူဘဲ သီးခြား စေတနာအလျှောက် အကူအညီပေးနေတဲ့ စွမ်းအားများဖြစ်တဲ့ အတွက် ဒီပုဂ္ဂိုလ်တွေကို စွမ်းအားရှင်လို့ နိုင်ငံတော်က စကားလုံးရွေးချယ်သတ်မှတ် ပြီး ဂုဏ်ပြုခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်” လို့ တရားဝင် ပြောကြားခဲ့ပါတယ်။ အခုလို ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက စွမ်းအားရှင်ဆိုတာ နယ်နယ်ရရ မဟုတ်ဘဲ နိုင်ငံတော်ဂုဏ်ပြုခံ တပ်ဖွဲ့တစ်ခုလို့ ဘယ်လောက်ပဲ အနေကဇာ တင်ပေးခဲ့ပါစေ ဒီသတင်းစာ ရှင်းလင်းပွဲ မတိုင်မီ၂၀၀၃ ဒီပဲယင်း အရေးအခင်းမှာ လက်သံပြောင်ခဲ့ကြတဲ့ သင်းတို့ရဲ့ လုပ်ရပ် ကို တစ်နိုင်ငံလုံးက အော့နှလုံးနာခဲ့ ကြပါ တယ်။

ဆက်လက်ပြီး နိုင်ငံတော် ဂုဏ်ပြုခံ စွမ်းအားရှင်တပ်ဖွဲ့ဟာ ၂၀၀၇ ရွှေဝါရောင် သံဃာအရေးအခင်းမှာ အဓိကရုဏ်း နှိမ်နှင်း ရေးတပ်ဖွဲ့ ဝင်တွေနဲ့ ပူးပေါင်းပြီး လက်သံ ပြောင်ခဲ့ကြတော့ တစ်နိုင်ငံလုံးက အော့နှလုံး နာရုံမက စက်ဆုတ်မုန်းတီးခဲ့ကြပါတယ်။

ဗိုလ်မှူးချုပ်ခင်ရီက စွမ်းအားရှင်ဆိုတာ မီးသတ်၊ ကြက်ခြေနီ၊ ရယကတွေကို အခြေခံ ပြီး ဖွဲ့စည်းထားတာ ဆိုပေမယ့် ဒီစွမ်းအားရှင် တွေထဲမှာ အများစုဟာ ချဲထီဒိုင်၊ ဘောလုံးပွဲ ဒိုင်၊ နှစ်လုံးဒိုင်၊ မာဆတ်ပိုင်ရှင်နဲ့ လူဆိုးစာရင်း ပေါက် ထောင်ထွက်တွေ၊ အခြေမဲ့ အနေမဲ့ တွေ၊ ရပ်ကွက်လူမိုက်တွေ အမြောက်အမြား ပါဝင်နေတာ တွေ့ရပါတယ်။

အခုလို အာဏာပိုင်တွေကို မလွန်ဆန်ရဲ သူတွေကို အဓိကရုဏ်း နှိမ်နှင်းရေး သင်တန်းတွေပို့ချပေးပြီး လူထုအုံကြွမှု ဖြစ်တိုင်း ဆန္ဒပြ ပြည်သူတွေကို စွမ်းအားရှင် တွေ အသုံးပြုပြီး နှိမ်နှင်းခဲ့ပါတယ်။ ဒီလို အရပ်သားချင်း နှိမ်နှင်းခိုင်းခြင်းအားဖြင့် ဆူပူမှုကို မလိုလားတဲ့ ပြည်သူတွေက ဆူပူမှု ဖြစ်ပွားအောင် လှုံ့ဆော်ဖန်တီးသူတွေကို ဝင်ရောက်ဟန့်တားရာမှ ဆူပူ အကြမ်းဖက်မှု တွေဖြစ်ပွား၊ ရဲတပ် ဖွဲ့ မှ မလွှဲသာမရှောင်သာ အင်အားသုံးလို့ အစိုးရထုတ် သတင်း စာတွေမှာ ဝါဒဖြန့် လို့ရသွားတာပေါ့။ ဒါတွေအပြင် စွမ်းအားရှင်တွေဟာ ဆန္ဒပြ ပြည်သူတွေကြား ဝင်ရောက်ရောနှောနေပြီး ရဲတပ်ဖွဲ့ ဝင်တွေကို ဆဲရေးတိုင်းထွာပြီး ရန်စ သလို ခဲတွေနဲ့ ပစ်ပေါက်ပြီး တမင် တကာ ပြဿနာရှာကြတော့ ဒီလို အကြမ်းဖက်လုပ် ရပ်တွေကြောင့် ဆူပူမှုတွေ မဖြစ်ပွားအောင် ရဲက လူစုခွဲရတာပါလို့ အကြောင်းပြချက် ကောင်းကောင်း ရသွားတာပေါ့။

တကယ်တော့ ဒီနည်းဟာ မြန်မာနိုင်ငံ ကို အင်္ဂလိပ်နဲ့ ဂျပန်တွေ အုပ်ချုပ်ခဲ့စဉ်က အလိုတော်ရိတွေ မွေးပြီး အိမ်ကြက်ချင်း အိုးမည်း သုတ် ခွပ်ခိုင်းတဲ့ နည်းဟောင်းကြီးကို မိတ္တူကူးခဲ့တာဖြစ်ပြီး ယနေ့ ထက်တိုင် အသုံး တည့်နေသေးတာ တွေ့  ရပါတယ်။

ကမ္ဘာမှာ စစ်အာဏာရှင်တွေ အုပ်ချုပ် မင်းလုပ်တဲ့ တိုင်းပြည်တွေမှာ အာဏာရှင် လက်ကိုင်တုတ် တပ် ဖွဲ့ တွေ ပေါ်ပေါက်လာ တာ မထူးဆန်းပါဘူး။ ဂျာမနီမှာ ဟစ်တလာ အာဏာရလာတော့ ရှပ်ညိုတပ်ဖွဲ့ ပေါ်ပေါက် လာသလို မြန်မာပြည်မှာ စစ်အာဏာရှင်တွေ အုပ်ချုပ်မင်းလုပ်တော့ စွမ်းအားရှင်တပ်ဖွဲ့ ဆိုတာ ပေါ်ပေါက်လာပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်တွေ အုပ်ချုပ်တဲ့ နအဖခေတ် က စွမ်း အားရှင်တွေကို ဝှက်ဖဲတစ်ချပ်အဖြစ် အသုံးပြုခဲ့ပြီး ဒီမိုကရေစီစနစ်ကို လက်ခံ ကျင့်သုံးနေပါတယ်လို့ ကြွေးကြော်နေတဲ့ လက်ရှိ အစိုးရလက်ထက်မှာ စွမ်းအားရှင်တွေ ကို တာဝန်လက်ပတ်နီပေးပြီး တရားဝင် ပွဲထုတ်လာတာကတော့ ပြည်သူလူထုရဲ့ ဒေါသကို တမင်ဆွပေးပြီး လမ်းပေါ်မရောက် ရောက်အောင် တွန်းပို့ နေသလိုပါပဲ။

ဒီလုပ်ရပ်ဟာ မင်းမဲ့စရိုက် ဆန်လွန်း သလို တရားဥပဒေ စိုးမိုးမှုကို မထီမဲ့မြင် ပြုရာလည်း ရောက်ပါတယ်။

ဒါကြောင့် အများထင်နေကြသလို တာဝန်လက်ပတ်နီတွေဟာ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ် ပြောသလို စွမ်းအားရှင်တွေ မဟုတ် ဘူးဆိုရင် သူတို့ဟာ ဘာလဲ၊ ဘယ်သူတွေက သူတို့ကို တာဝန်ပေး ခိုင်းစေခဲ့သလဲဆိုတာ တာဝန်ရှိသူတွေ စုံစမ်းဖော်ထုတ်ပေးဖို့ လိုပါလိမ့်မယ်။ အကယ်၍ ဒီလို အရုပ်ဆိုး အကျည်းတန်လှ တဲ့ လုပ်ရပ်ကို ဖြေရှင်းမပေးဘဲ ကိုယ့်အ ချင်းချင်းတွေမို့ ဖုံးဖိဖာထေး ပေးနေကြဦးမယ် ဆိုရင် သန့်ရှင်း သောအစိုးရ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်သလို ပြည်သူလူထု ကြည်ညို လေးစားသော အစိုးရလည်း ဘယ် တော့မှ ဖြစ်လာမှာ မဟုတ်ကြောင်း အခိုင်အမာ ပြောကြားလိုက်ချင် ပါတယ်။