ပညာရေးသည် နိုင်ငံတော်၏ အသက်သွေးကြော

0
599

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မီဒီယာ စာမျက်နှာများပေါ်တွင် လူစိတ်ဝင်စားမှု အရှိဆုံး အကြောင်းအရာမှာ အမျိုးသား ပညာရေးဥပဒေကြမ်းကို ကျောင်းသားများ က လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြမှုနောက်ဆက်တွဲ  ဖြစ်စဉ်များ အကြောင်း ဖြစ်သည်။ သို့သော် အများအားဖြင့် စိတ်ဝင်စားပုံ၊ ခံယူချက်၊ ရပ်တည်ချက် များက မတူကြ။ တချို့အကောင်း မြင် သည်။ တချို့ အဆိုးမြင်သည်။


ပညာရေး၏ လွှမ်းမိုးမှု

education နိုင်ငံတစ်နိုင်ငံမှ ရေးဆွဲပြဋ္ဌာန်း လိုက်သည့် ပညာရေးဥပဒေသည် ထိုနိုင်ငံ မှ နိုင်ငံသားအားလုံးနှင့် နိုင်ငံတော် တစ်ခုလုံးကို တိုက်ရိုက် လွှမ်းမိုးသည်။ ဥပမာဆိုရလျှင် မွေးကင်းစကလေးသည် အတွေးအခေါ် အမြော်အမြင် ရင့်ကျက်မှု ရှိသော (သို့မဟုတ်) အတွေးအခေါ် သိမ်ဖျင်းသော မိဘတို့၏ ကောင်းမွေ ဆိုးမွေကို ခံစားရသည်။ ထိုကလေး လူလားမြောက်၍ ပညာသင်ကြား သည့်အရွယ်တွင် ပြဋ္ဌာန်းထားသော ပညာရေးကို သင်ယူရလေသည်။ ပညာ သင်ယူပြီးမြောက်၍ လုပ်ငန်းခွင်ဝင်သည့် အသက်အပိုင်း အခြားတွင်လည်း နိုင်ငံ ဝန်ထမ်းအဖြစ် သော်လည်းကောင်း၊ ကိုယ်ပိုင်စီးပွားရေးအဖြစ် သော်လည်း ကောင်း အသက်မွေးရာတွင် မိမိသင်ယူခဲ့ ပြီးသည့် ပညာရေး အတွေးအခေါ် အမြော်အမြင်များဖြင့် စဉ်းစားဆုံးဖြတ်၊ ဝေဖန်ပိုင်းခြား ရလေသည်။ နိုင်ငံ့ ခေါင်းဆောင်အဖြစ် တတ်အားသရွေ့ ပါဝင်တာဝန် ထမ်းရွက်ရသည်မျိုးလည်း ရှိမည်။ ထိုမှတစ်ဆင့် အရွယ်လွန်ပြီး မကွယ်လွန်မီ အချိန်အထိ မိမိသင်ယူခဲ့ သော ပညာရေးအတွေးအခေါ်ကို အသုံးချ ၍ တရားဓမ္မတို့ကို ရှာဖွေပြီး ဝေဖန်သုံးသပ် ကျင့်ကြံအားထုတ်လျက် ဘ၀ကူး ကောင်းရန် အတွက် ကြိုးပမ်းကြရလေသည်။
ဆိုရလျှင် မွေးကင်းစမှသည် ကွယ်လွန် သည်အထိ လူတစ်ဦး၏ ဘ၀တစ်လျှောက် လုံး ပညာရေးမှ လွှမ်းမိုးထားသည်ဟု ဆိုရမည်။
အတွေးအခေါ် အမြော်အမြင် ရှိ သော၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြား နိုင်စွမ်းရှိသော အဆင့်အတန်း မြင့်မား သည့် ပညာရေးစနစ်ဖြင့် ရင်းနှီးသင်ယူခွင့် ရသောသူသည် နိုင်ငံ့ခေါင်းဆောင် ဖြစ် လာလျှင် နိုင်ငံတော်ကို တိုးတက် ကောင်းမွန် စွာ တည်ဆောက်နိုင်မည် ဖြစ်သည်။ ယင်းသို့မဟုတ်ဘဲ ဆန့်ကျင် ဘက်ဖြစ်ပါ က နိုင်ငံတော်တစ်ခုလုံးအပြင် လူမျိုးရော ဘာသာပါ မကျန် မွဲပြာကျ ဖို့သာရှိသည်။

ပညာရေးဖြင့် နိုင်ငံတော်ကိုတည်ဆောက်ခြင်း
နိုင်ငံတစ်နိုင်ငံကို ရှေးယခင်က လူ အင်အား၊ လက်နက်အင်အားဖြင့် စစ်ပြု၍ တည်ထောင်ကြသော်လည်း ယနေ့ခေတ် တွင် ပညာရေးဖြင့် တည်ဆောက်သည်။ နိုင်ငံသားများကို ပညာရည်မြင့်မားအောင် ပြုစုပျိုးထောင်ပေးခြင်းသည် လက်ရှိ နိုင်ငံသားများ၏ လူနေမှုဘ၀၊ အတွေးအခေါ် အဆင့် အတန်းများ မြင့်မားလာပါမည်။ သက်ဆိုင်သည့် ကိုးကွယ် သည့် ဘာသာ အလိုက် ဓမ္မစာပေများ နှင့် နီးစပ်လာပြီး စိတ်နေသဘောထားများလည်း နူးညံ့သိမ်မွေ့ လာမည်။ အမှားအမှန်ကို ဝေဖန်ပိုင်းခြား နိုင်စွမ်းရှိလာမည်။ ထို့ကြောင့် ရာဇဝတ်မှု များ နည်းပါးပျောက်ကင်းပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်း သာယာလာနိုင်ပါ သည်။ ထိုမျှမက နိုင်ငံတော်၏အနာဂတ် အတွက် ထူးချွန်ထက်မြက်သော နိုင်ငံ့ ခေါင်းဆောင်လောင်းများလည်း မွေးထုတ် ပေးပြီးသား ဖြစ်မည်။ အချိန်တန်လျှင် နိုင်ငံတော်မှ   ပေးအပ် မည့် တာဝန်များကို လက်ဆင့်ကမ်း သယ်ပိုးနိုင်သည့်အသင့် အနေအထားလည်း ရရှိလာနိုင်မည်။ ယင်းသည်ပင် နိုင်ငံတော်ကို ပညာဖြင့် အဆင့်ဆင့် တည်ထောင်ဖွဲ့စည်းခြင်းဟု ဆိုနိုင် ပါသည်။

ပညာရေးဖြင့် နိုင်ငံတော်ကို ဖျက်ဆီးခြင်း
နိုင်ငံတစ်နိုင်ငံကို လက်နက် ယန္တရား များ၊ အနုမြူဗုံးများဖြင့် ဖျက်ဆီးနိုင်သည် မဟုတ်။ ပညာရေးဖြင့်လည်း ဖျက်ဆီးနိုင် သေးသည်။ နိုင်ငံသားများအား အတွေး အခေါ်ကို ဦးစားမပေးသော အဆင့်မမှီ သည့် ပညာရေးစနစ်ကို သင်ယူစေခြင်းဖြင့် ထိုနိုင်ငံသားများ အတွေးအခေါ်အမြော် အမြင်မရှိ ဖြစ်လာမည်။ အကောင်းအဆိုး ဝေဖန်ပိုင်းခြား နိုင်စွမ်းမရှိဖြစ်လာမည်။ ဘာသာရေးဆိုင်ရာ ဓမ္မစာပေ ဆုံးမစာ များနှင့်ဝေးလာပြီး စိတ်ပိုင်းဆိုင်ရာ ယုတ် ရင်းကြမ်းတမ်း လာပါမည်။ တစ်ဦးနှင့် တစ်ဦး နားလည်မှုကင်းမဲ့လာပြီး ရာဇဝတ်မှု များလည်း ထူပြောလာပါမည်။ ယင်းသည် ပင် နိုင်ငံတော်ကို ပညာရေးဖြင့် ဖျက်ဆီး ခြင်းဟု ဆိုနိုင်ပါသည်။

ပညာရေးဥပဒေကို ဘာကြောင့်ပြု ပြင်သင့်သလဲ

ပညာရေးဥပဒေကို ပြုပြင် သင့်မသင့် ဆိုသည်ကို လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့် ရှိပါသည်။ သို့သော် ယနေ့ လက်ရှိ ကျင့်သုံးနေသော ပညာရေး စနစ် သည် ခေတ်ကာလနှင့် ကိုက်ညီမှု ရှိမရှိ၊ ဆန်းသစ်တီထွင်နိုင်မှု ရှိမရှိ၊ နိုင်ငံသား များ၏ အတွေးအခေါ်၊ နိုင်ငံတကာတွင် ဝင်ဆံ့နိုင်မှု ရှိမရှိ၊ အတွေးအခေါ် စသည် တို့ကို ဦးစွာ လေ့လာသင့်ပါသည်။ ယနေ့ လက်ရှိ ပညာရေးစနစ်သည် အခြေခံ ပညာအဆင့်တွင် ဆရာ/ကျောင်းသား အပြန်အလှန် မေးမြန်းခွင့်မရှိ၊ အတွေး အခေါ်မရှိ၊ အလွတ်ကျက် အာဂုံဆောင် နိုင်သူသာ အတန်းတက်နိုင်သည့် စနစ် ဖြစ်သည်။ စာတစ်ပိုဒ်ကို နားလည် သဘော ပေါက်ရန်မလို၊ စာမေးပွဲအတွက် ခေတ္တခဏ မှတ်မိရန်သာ လိုသည်။
အဆင့်မြင့်ပညာ အဆင့်တွင် သက်ဆိုင်ရာဘွဲ့တစ်ခုကို အပ်နှင်းရန် တွက် အချိန်ကာလ အတိုင်း အတာတစ်ခု အထိ ပညာသင်ကြားလျှင် ဘွဲ့တစ်ခုကို လွယ်လွယ်အပ်နှင်းသည့် စနစ် ဖြစ်သည်။ သုတေသနပြုစေခြင်းမရှိ၊ (လက်ရှိ သုတေသန များမှာလည်း ရှိပြီးသား အဆင့်မမီသည့် စာတမ်းကို ဖြတ်၊ ညှပ်၊ ကပ်ထားသည့် စာတမ်း မျှသာ ဖြစ်သည်) ပြင်ပ ကုမ္ပဏီ၊ ဌာနဆိုင်ရာများတွင်လည်း လေ့လာခွင့် မရှိ၊ စသည့် ဘောင်ကျဉ်းသော ပညာရေး စနစ်ဖြစ်နေသည်။
ထိုကဲ့သို့ တစ်ပွဲထိုးစနစ်၏နောက် ဆက်တွဲအဖြစ် ဆင်းရဲသားပြည်သူ များအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသော ကျူရှင်စနစ် ပေါ်ပေါက်လာ ပြန်သည်။ ကျူရှင်စနစ်သည် စာမလိုက်မီသော၊ ငွေကြေးတတ်နိုင်သော ကျောင်းသား များအတွက် ကျောင်းသင်ခန်းစာ၏ နောက်မှ လိုက်ရသောစနစ်သာဖြစ် သင့်ပါ သည်။ သို့သော် ယနေ့ ကျူရှင်စနစ်သည် ကျောင်းသင်ခန်းစာ ထက်များစွာ စော၍ သင်ကြားနေပါပြီ။ အဆုံး၌ ပြည်သူများ စာမတတ်၊ အတွေးအခေါ် မတတ်သည့် အပြင် ငွေကုန်ကြေးကျ ပိုများပြီး အလုပ်အကိုင် မရှိ ဖြစ်ကြရပြန်သည်။

မြေစာရင်းဌာန (အငြိမ်းစား) ဝန်ထမ်း တစ်ဦးမှ မှတ်ချက်ပြုသည်မှာ လက်ရှိ ပညာရေးစနစ်သည် ပြုပြင် ပြောင်းလဲရန် မလို။ လက်ရှိစနစ်သည် လည်း ရေးတတ် ဖတ်တတ်နေပြီ ဟု ဆိုသည်။ မှန်ပါသည်။ လူတိုင်း စာတစ်ကြောင်းကို အသံထွက်ဖတ် တတ်ပါသည်။ နှုတ်တိုက်ခေါ်ပေးသည် ကိုလည်း သတ်ပုံမှန်အောင်ရေး တတ်ပါ သည်။ သို့သော် ထိုစာကြောင်းကိုမူ လူတိုင်း မတွေးတတ် ဆိုသည်ကို ထိုအငြိမ်းစား ဝန်ထမ်း၏ အတွေးအခေါ် ကပြဆိုလျက် ရှိသည်မှာ လက်ရှိပညာ ရေးစနစ်၏ သက်ရောက်မှုဟု ဆိုနိုင် ပါသည်။ ထို အငြိမ်းစား ဝန်ထမ်းကဲ့သို့သောသူများ နိုင်ငံအတွင်း မည်မျှ အထိ ရှိမည်နည်း။ ဝန်ထမ်းအဖွဲအစည်းနှင့်    နိုင်ငံခေါင်းဆောင် အသိုင်းအဝိုင်း တွင်ကား မည်မျှ အထိရှိနေ မည်နည်း။ ဆိုရလျှင် လက်ရှိပညာရေးစနစ်၏                 သက်ရောက်မှုသည် ပြည်သူလူများ အတွေးအခေါ်ရင့်ကျက်မှု အားနည်း၍၊ အလုပ်အကိုင်မရှိဖြစ်ခြင်း၊ နိုင်ငံခြား တိုင်းပြည်များမှ လာရောက်၍ လုပ်ငန်း များတည်ထောင် ရင်းနှီးမြှုပ်နှံလာ သဖြင့် အလုပ်အကိုင် ထိုက်သင့်သလောက်ပေါ များလာသော်လည်း လုပ်ငန်းကျွမ်းကျင်မှု (ပညာရှင်)မရှိသဖြင့် လုပ်ခလစာ နည်းပါး စွာဖြင့် ခိုင်းစေ ခံရသောကြောင့် ကျွန်ဖြစ် မှန်း မသိ ဖြစ်နေရခြင်း။ လက်ရှိ နိုင်ငံတော် မှ အပ်နှင်းထားသည့် ကျောင်းသူကျောင်း သားများ၏ သက်ဆိုင်ရာ ဘွဲ့ထူးများ ကိုလည်း နိုင်ငံတကာမှ အသိအမှတ်ပြု မခံရခြင်း၊ မိမိနှင့် သက်ဆိုင်သည့် ဘာသာ ရပ်အလိုက် ကျွမ်းကျင်ရန် အသာထား နားလည်ရန်ပင် ခက်ခဲနေကြခြင်း ဘွဲ့ရ ကျောင်းသားပင်ဖြစ်သော်လည်း နိုင်ငံရပ် ခြားတွင် စားပွဲထိုးအဆင့် အလုပ်ကိုရ အောင်ပင် ပေးဆပ်မှုများစွာဖြင့် ကြိုးပမ်း နေရခြင်း စသည်တို့ကြောင့် လက်ရှိ ပညာရေးစနစ်ကို ကောင်းမွန်ပြီးပြည့်စုံ၍ နိုင်ငံတကာအဆင့်မှီသည်ဟု ဆိုရန် မဖြစ်နိုင်သေး။
ဥပမာ- လူတိုင်းသည် အစာမစား ဘဲနေ၍မရ သို့သော် ကောင်းသထက် ကောင်းသည့်၊ အရသာရှိသထက် ရှိ သည့်၊ ကျန်းမာရေးနှင့် ညီညွတ်သည့်အစာ ကို ရွေးချယ် ပြုပြင်စားသုံး ရပါသည်။ ရေမသောက်ဘဲနေ၍မရ ရေဆိုးရေ ညစ် များအစား အမှိုက်သ ရိုက်ကင်းသော၊ တစ်ဖန် ရေသန့်ရေကိုသာ ရှာဖွေသောက် သုံးရမည်သာဖြစ်သည်။ ထို့အတူ လူတိုင်း သည် ပညာမသင်မနေရသင်ယူရမည် ဖြစ်၍ စနစ်မကျသော၊ အဆင့်မမှီသော အတွေးအခေါ်မဲ့သော ပညာရေးအစား ထိုထက်ကောင်းမွန်၍ အဆင့်အတန်း ရှိသော ခေတ်မှီသော၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော ပညာရေး စနစ် တစ်ခုကို ဖန်တီးသင်ယူကြရမည် ဖြစ် သည်။ ထို့ကြောင့် ပညာရေးဥပဒေကို မဖြစ်မနေ ပြုပြင် ပြောင်းလဲသင့်နေပြီ ဖြစ်သည်။

အကျယ်ပြန့်ဆုံး ဥပဒေ

နိုင်ငံတစ်နိုင်ငံတွင် အကျယ်ပြန့်ဆုံး နှင့် အရေးပါဆုံး ဥပဒေကို ပြပါဆိုလျှင် ပညာရေးဥပဒေသည် အကျယ်ပြန့်ဆုံး ဟု ဆိုရပါမည်။ ပညာရေး မြင့်မားလျှင် အခြားမည်သည့် ဥပဒေမဆို လေ့လာ နိုင်စွမ်း၊ ရေးဆွဲပြဋ္ဌာန်း နိုင်စွမ်း၊ စနစ် တကျ ကျင့်သုံးနိုင်စွမ်း၊ လိုက်နာနိုင် စွမ်း ရှိကြမည်ဖြစ်သည်။ ပညာရေး ဥပဒေ သည် အဆင့်အတန်းနိမ့်ကျလျှင် လူမျိုး တစ်မျိုးလုံး အတွေးအခေါ် အဆင့်အတန်း နိမ့်ကျ၍ အခြားမည်သည့် ဥပဒေကိုမျှ နားလည်နိုင်စွမ်း၊ ကျင့်သုံးနိုင်စွမ်း အားနည်းသွားပါမည်။ ရာဇဝတ်မှု ထူပြော လာမည်။ လူဆိုး သူခိုးများ ပေါများလာ မည်။ အဆုံး၌ နိုင်ငံတော်ကြီး တစ်ခုလုံး ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာမည်။ ယနေ့ မီဒီယာ စာမျက်နှာများတွင် ဖော်ပြချက်အရ စွမ်းအားရှင်(ခ) တာဝန်တမ်းပါ လက်ပတ် အနီ ဝတ်ထားသည့် လူစုသည် လုပ်သင့် မလုပ်သင့်၊ အကောင်းအဆိုးကို ဝေဖန် ပိုင်းခြား နိုင်စွမ်းမရှိ၊ ခိုင်းတိုင်းလုပ်ကြမည့် လူတန်းစား တစ်ရပ်ဟု ဆိုရပါမည်။ ယင်းသည်ပင် ထိုသူတို့၏ အတွေးအခေါ် အမြော်အမြင်မရှိသော ပညာမဲ့သည့် ပြယုဂ်ဟု ဆိုနိုင်ပါသည်။ ပညာရေး စနစ် ဆိုးမွေ၏ သက်ရောက်မှု ဖြစ်သည်။

ပညာရေးနှင့် မိဘ၊ ဆရာ

ယနေ့ လက်ရှိကျင့်သုံးနေသော ပညာရေးစနစ်ကို မိဘအချို့က ပြုပြင် လိုကြသည်။ အချို့က မိမိသားသမီး များကို ကျောင်းသားလှုပ်ရှားမှုကြောင့် ပညာရေး တစ်နှစ်နောက်ကျမည်ကိုစိုးရိမ် လျက် ကန့်ကွက်ကြပြန်သည်။ သို့သော် တစ်ဘ၀လုံး နောက်ကျကျန်ခဲ့မည်ကို မည်သူမျှ မစိုးရိမ်ကြပါ။ အချို့သော ဆရာ ဆရာမ များသည်လည်း ပြုပြင် ပြောင်းလဲသင့်သည် သဘောပေါက်၍ ထောက်ခံကြိုဆိုကြသလို အချို့က လက်ရှိအတိုင်းရှိမြဲ၊ နေမြဲ၊ ကျင့်သုံးမြဲ စနစ်ဖြင့် ရှေ့ဆက်သွားချင်ကြလေသည်။
တချို့ ပြောင်းရွှေ့ခံရမည်ကို ကြောက်သောကြောင့်၊ တချို့က လက်ရှိရထားသည့် အခွင့်အရေးထားကို ဆုံးရှုံးမည်စိုးသော ကြောင့်ဖြစ်သည်။ ကြားနေ ဆရာ ဆရာမများမှာ အမျိုးသား ပညာရေးဥပဒေအကြောင်းမေးမြန်း ကြည့်လျှင် မသိကြောင်း၊ စိတ်မဝင် စားကြောင်း၊ စသည့်အကြောင်းပြချက် အမျိုးမျိုးဖြင့် ရှောင်လွှဲကြပြန်သည်။

မှတ်ကျောက်

ယနေ့ ပေါ်ထွက်လာသော အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြန်လည်ပြု ပြင် ရေးဆွဲပေးရန်နှင့် ယင်းကိစ္စကို ကန့်ကွက်ကြသည့် လွန်ဆွဲပွဲသည် မှတ်ကျောက်တစ်ခု ဖြစ်သည်။ နိုင်ငံတော်နှင့် ပြည်သူ အကျိုးကို လိုလားသူများက နိမ့်ကျနေသော ပညာရေးကို ပြုပြင်လိုကြသည်။ ၎င်းနှင့် ဆန့်ကျင်ဘက်များမှာ နိုင်ငံတော်၏ အကျိုးနှင့် ပြည်သူလူထု၏ ဘ၀ကို မငဲ့ကွက်ဘဲ အာဏာရှင်အကြိုက် ဆောင်၍ ပြုပြင်ပြောင်းလဲရေးကို ကန့်ကွက်နှိပ်ကွပ်ရန် ကြိုးပမ်းနေကြဆဲ ဖြစ်သည်။ သို့သော် ပညာရေးပြု ပြင်ပြောင်းလဲရေးအပေါ် ကန့်ကွက်သူများသည် ယနေ့လက်ရှိပညာရေးအပေါ် မည်မျှကောင်းကြောင်း၊ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ညီကြောင်း၊ မည်မျှအထိ နိုင်ငံတကာတွင် ဝင်ဆံ့နေကြောင်း၊ လက်ရှိပညာရေးသည် မည်မျှအထိ တီထွင်ဆန်းသစ်မှုများဖြင့် တိုးတက်ထွန်းကား နေကြောင်းစသည်ဖြင့် မည်သူမျှ သက်သေမပြနိုင်ပေ။ မည်သို့ဆိုစေ အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုသည် ပညာတိုးတက်ရေးကို လိုလားသည့် လူတန်းစားနှင့် ပညာတိုးတက်ရေးကို မလိုလားသည့် လူတန်းစားဟူ၍ မှတ်ကျောက်တင် ခွဲခြားဖော်ထုတ်ပြနေသည်ဟု မြင်မိပါသည်။

ပညာရေးစနစ် ပြင်ဆင်ရေးကို ကန့်ကွက်ခြင်း (သို့မဟုတ်) နိုင်ငံတော် ကို လုပ်ကြံသတ်ဖြတ်ခြင်း

ဤဆောင်းပါးကို ရေးသားနေသည့် အချိန်တွင် ပညာရေးစနစ် ပြုပြင်ရေးလှုပ်ရှားမှု ကျောင်းသားသပိတ်ကို အစိုးရမှ အင်အားသုံး အကြမ်းဖက်ဖြိုခွင်းလိုက်ပြီ ဖြစ်သည်။ ထိုအကြမ်းဖက်ဖြိုခွင်းမှုသည် အစိုးရက ကျောင်းသားများအပေါ် ရုပ်ပိုင်း ဆိုင်ရာအရ ဖြိုခွင်းလိုက်နိုင်ခြင်း ဖြစ်သည်။ သို့သော် စိတ်ပိုင်းဆိုင်ရာကိုမူကား ဖြိုခွင်း၍မရ။ ပညာရေးပြုပြင် ပြောင်းလဲမှုသည် စင်စစ် ယနေ့အရေးတကြီး ပြောင်းလဲရန် လိုအပ်လျက်ရှိ သည်ဆိုသော အခြေခံဥပဒေထက်ပင် ပို၍ပို၍ အရေးကြီးပါသည်။ ပညာရေး တိုးတက်မှုမရှိ အသိတရားမရှိပါက မည်မျှပင် ကောင်းမွန်သည့် နတ်သိကြားများ ရေးဆွဲထားသည့် အခြေခံဥပဒေ ဖြစ်နေပါစေ ထိုအခြေခံ ဥပဒေကို အဓိပ္ပာယ်ဖွင့်ဆို လိုက်နာကျင့်သုံးဖို့ ဆိုသည်မှာ စမ်းတဝါးဝါး ဖြစ်နေပါလိမ့်မည်။ နိုင်ငံတော် အတွင်း ထုတ်ပြန်ထားသော မည်သည့် ဥပဒေမဆို၊ မည်သည့်အရေး ကိစ္စမဆို ပညာဖြင့်သာ နှိုင်းဆချင့်ချိန်လျက် ကျင့်သုံး အကောင်အထည် ဖော်ရသည်ဖြစ်သည်။ထို့ကြောင့် ယနေ့အချိန်အထိ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲမှုအား ကန့်ကွက်ရှုတ်ချသူများ အားလုံးသည် နိုင်ငံတော်ကို လုပ်ကြံသတ်ဖြတ်သူများ၊ နိုင်ငံတော်နှင့်လူမျိုးကို တန်ဖိုးထားသူများမဟုတ်ဟု ဆိုချင်ပါသည်။

နိဂုံး

ယနေ့ အမျိုးသားပညာရေး ဥပဒေကို ပြုပြင်ပြောင်းလဲရန် ကိုယ်ကျိုးစွန့်တောင်းဆိုနေသည့် ကျောင်းသားများသည် ပညာသင်နေရသည့်အရွယ်၊ ပညာမစုံသေးသည့် အရွယ်မျှသာ ဖြစ်သည်။ အမှန်တကယ် ဥပဒေတတ် ကျွမ်း နားလည်သော အတတ်ပညာရှင်များ၊ အသိပညာရှင်များနှင့် နှိုင်းယှဉ်မည်ဆိုပါက မသိနားမလည်သေးသည့် သားသမီးများနှင့် အသိပညာ ကြွယ်ဝသော မိဘများကဲ့သို့ ကွာခြား မည်ဖြစ်သည်။ ဥပမာ-သားသမီးများက မိမိတို့ လိုချင်တောင့်တသည့် နို့ချိုစို့ရ ရေးအတွက် ငိုပြနေမည်ဆိုပါစို့ မိဘများသည် မိမိသားသမီးကို တိုက်ကျွေးမည့် နို့ချိုသည်အာဟာရနှင့် ပြီးပြည့်စုံဖို့၊ သန့်ရှင်းစင်ကြယ်ဖို့၊ သားသမီး တို့အဆာပြေစေဖို့ ကြိုးပမ်းကြမည်သာ ဖြစ်သည်။
ထိုနည်းတူ သားသမီးအရွယ် ကျောင်းသားကလေးများသည်လည်း မိမိတို့ အလိုရှိသည့် မိမိတို့ဘ၀အတွက် အမှန်တကယ် တန်ဖိုးရှိသည့် နိုင်ငံတော်နှင့် လူမျိုးအတွက် အမှန်တကယ် အလုပ်အကြွေးပြုနိုင်မည့် အရည်အချင်းရှိသည့် ပညာရေးကိုသာ လိုလားတောင့်တလျက် တောင်းဆိုနေခြင်းသာ ဖြစ်သည်။ နို့ဆာ၍ ငိုပြနေသော သားသမီးများသည် မိဘကို ပုန်ကန်ခြင်း မဟုတ်။ ထို့အတူ ပညာရေး အဆင့်အတန်းမြင့်မားရေးကို တောင်းဆို သောကျောင်းသားသည်လည်း နိုင်ငံတော်သမ္မတ၊ အစိုးရလူကြီးမင်းများ၊ တာဝန်ရှိသူများနှင့် နိုင်ငံတော်အပေါ် ပုန်ကန်ခြားနားခြင်း မဟုတ်။ လူကို ပုန်ကန် နေကြခြင်းမဟုတ် စနစ်ကိုသာ ပြောင်းလဲပေးဖို့ ကြိုးပမ်းကြခြင်းသာဖြစ်သည်ဟု နားလည်စေချင်ပါသည်။
ထို့ကြောင့် အစိုးရလူကြီးမင်းများနှင့် တာဝန်ရှိသူများအနေဖြင့် မိဘတို့ထုံးနှလုံးမူပြီး နိုင်ငံတော်၏ အနာဂတ်၊ မိမိတို့ တိုင်းသူပြည်သားများ၏အနာဂတ်ကိုငဲ့လျက် အမှန်တကယ်တွေးခေါ်နိုင်စွမ်း၊ တီတွင်ကြံဆနိုင်စွမ်း ရှိကြသော၊ ကျောင်းသား လူငယ်များမှသည် နောင်အနာဂတ်တွင် ပေါ်ထွန်းလာမည့် နိုင်ငံ့တာဝန်ကို ပုခုံးပြောင်း တာဝန်ယူကြမည့် နိုင်ငံ့အကြီး အကဲ လောင်းများအတွက် အဆင့်မှီသော၊ အတွေး အခေါ်မြင့်မားသော အမျိုးသား ပညာရေးဥပဒေနှင့် နည်းဥပဒေများကို အလျင်အမြန် ပြဋ္ဌာန်းအတည်ပြုလျက် မိမိတို့၏သမိုင်း မော်ကွန်းကို ဂုဏ်သိက္ခာဖြင့် ရင်းနှီးပြီး ရေးထိုးစိုက် ထူပေးကြလျက် နိုင်ငံတော်၏အသက် သွေးကြောကို ဝိုင်းဝန်းပြုစု အသက် ဆက်ပေးကြပါဟု တိုက်တွန်းလိုက် ပါသည်။