သေမင်းတမန် ရထားလမ်းပြတိုက် မြို့နယ်စည်ပင်နှင့် ကုမ္ပဏီ အကျိုးတူ ပေါင်းလုပ်

0
686

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ ဝဲရက် ကျေးရွာအုပ်စုရှိ ဒုတိယ ကမ္ဘာစစ် အတွင်းက ဖောက်လုပ်ခဲ့သည့် “ သေမင်း တမန်” မီးရထားလမ်းပြတိုက်နှင့် ပန်းခြံ ပြန်လည်ပြုပြင်ခြင်း စီမံကိန်းကို မြို့နယ် စည်ပင်နှင့် ကုမ္ပဏီ တို့ အကျိုးတူ ပေါင်းလုပ်မည်ဟု ယင်းမြို့နယ်စည်ပင် ကော်မတီမှ သိရသည်။

ယခုကဲ့သို့ စည်ပင်နှင့် ကုမ္ပဏီ အကျိုးတူ ပူးပေါင်းလုပ်သည့် စီမံကိန်း သည် မွန်ပြည်နယ်တွင် ပထမဆုံး အကောင်အထည် ဖော်သည့် စီမံကိန်း ဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ် စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းမြင့် ကျော်က ပြောသည်။

“ မြို့နယ်စည်ပင်နဲ့ တလမွန် ကုမ္ပဏီ အကျိုးတူ ပူးပေါင်းလုပ်တယ်” ဟု ဦးထွန်းမြင့်ကျော်က ဆိုသည်။
“သေမင်းတမန်” မီးရထားလမ်း ပြတိုက် စီမံကိန်းကို အကောင်အထည် ဖော်ရန် မွန်ကုမ္ပဏီတစ်ခုဖြစ်သည့် တလမွန်ကုမ္ပဏီက တင်ဒါ အောင်ထား သည့် တခုတည်းသော ကုမ္ပဏီဖြစ်ပြီး စီမံကိန်းကို ကုမ္ပဏီက ၇၉ ရာခိုင်နှုန်း နှင့် သံဖြူဇရပ်မြို့နယ်စည်ပင်က ၂၁ ရာခိုင်နှုန်းဖြင့် လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်ပြောသည်။
ယခင်က အငှားစနစ်နှင့် BOT စနစ်တို့ ဖြင့်သာ လုပ်ကိုင်ခဲ့သော်လည်း မွန်ပြည်နယ် အတွင်း နောက်ပိုင်း အကောင်အထည် ဖော်မည့် စီမံကိန်းများ ကိုလည်း အကျိုး အမြတ် ပေါ်မူတည်ပြီး ရှယ်ယာစနစ်ဖြင့် လုပ်ဆောင်သွား မည်ဟု မွန်ပြည်နယ် စည်ပင်သာရေး ဝန်ကြီးဒေါက်တာ တိုးတိုးအောင်က ပြောသည်။
“စည်ပင်သာယာကော်မတီကို စီးပွားရေး အဖွဲ့ဆန်ဆန် အသုံးချတဲ့စနစ်မျိုး နောက်ပိုင်း အဲလိုပဲ သွားတော့မယ်” ဟု ၎င်းက ပြော သည်။
မြေငှားခအဖြစ် ပထမ ၂ နှစ်အတွင်း တစ်လလျှင် ကျပ် ၂ သိန်း၊ တတိယနှစ်မှ ၅ နှစ်အတွင်း တစ်လ လျှင် ၅ သိန်းနှင့် ၅ နှစ်အထက်ကို တစ်လလျှင် ကျပ်သိန်း ၂၀ ကိုလည်း ကုမ္ပဏီက မြို့နယ်စည်ပင် ကို ပေးသွင်းရမည်ဖြစ်သည်။
သေမင်းတမန် မီးရထားပြတိုက် စီမံကိန်း အတွက် ကျပ်ငွေသိန်းပေါင်း ၃ သောင်းခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး မတ်လ ၂၀ ရက်နေ့တွင် စာချုပ်ချုပ် မည်ဖြစ်ကာ စာချုပ်ကို အနှစ် ၃၀ ဖြင့် ချုပ်ဆိုမည်ဖြစ်ကြောင်း တလမွန် ကုမ္ပဏီ ဥက္ကဋ္ဌ မင်းဗညားစန်းက ပြောသည်။
သေမင်းတမန်ရထား လမ်းပြတိုက် ကို ၁၉၉၄ ခုနှစ်က စတင်ဖွင့် လှစ်ပြီး ရထားလမ်းဖောက် လုပ်စဉ်က ချွေးတပ် သားများ အသုံးပြုခဲ့တဲ့ အသုံးအဆောင် ပစ္စည်းများ၊ အဝတ်အစားများနှင့် မှတ်တမ်းဓာတ်ပုံများ၊ ချွေးတပ် သားတို့ ၏ ရုပ်ထုများကို ပြသထားခဲ့ကာ မီးရထား ဌာနနှင့် စည်ပင်သာယာ ရေးဌာနတို့က ထိန်းသိမ်း လာခဲ့သည်။
လက်ရှိမီးရထားပြတိုက်သည် နှစ်ကာလကြာမြင့်လာခြင်း၊ ထိန်းသိမ်းမှု အားနည်းခြင်းတို့ကြောင့် ယင်းပြသထား သည့် မှတ်တမ်း ပစ္စည်းများ ယိုယွင်း ပျက်စီးလာပြီး ပြတိုက်နေရာ သည်လည်း ခြောက်ကပ်လျက် ရှိနေသည်။
ထိုင်းနှင့် မြန်မာနိုင်ငံကို ဆက် သွယ်ထားသည့် သေမင်းတမန် မီးရထား လမ်းသည် ၁၉၄၂ မှ ၁၉၄၅ ခုနှစ်ထိ ဖောက်လုပ်ခဲ့ပြီး သံဖြူဇရပ်မြို့မှ ဘုရားသုံးဆူ တောင်ကြားကို ဖြတ်ကာ ထိုင်းနိုင်ငံ ဘန်ပေါင် (Ban Pong) ဘူတာထိ မိုင်ပေါင်း ၁၇၅ ကျော် ရှည်လျား သည်။
ထိုမီးရထားလမ်း ဖောက်လုပ် ခဲ့စဉ် က မြန်မာနိုင်ငံသား ၈၀၀၀၀ ကျော်နှင့် မဟာမိတ် တပ်သား ၁၀၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ကြရသည်ဟု မှတ်တမ်း တွင် ဖော်ပြထားသည်။