တနင်္သာရီတိုင်းဒေသကြီး မြန်မာ့ရုပ်ရှင်လုပ်ငန်းတွင် ၁၉၈၁ခုနှစ် မှစတင်၍ ဖျက်သိမ်းသည်အထိ တာဝန်ထမ်းဆောင်ခဲ့သူ မော်ကွန်း ဦးစိုးနိုင်နှင့်တွေ့ ဆုံခြင်း

0
820

ထားဝယ်သားတို့က “အရိပ်ကပွဲ” ဟု ချစ်စနိုးခေါ်တွင်ဖူးခဲ့သော တိုင်းဒေသကြီး မြန်မာ့ရုပ်ရှင်လုပ်ငန်း ဖျက်သိမ်းလိုက်လေ ပြီ။ မော်လမြိုင်တွင်လည်း ရုပ်ရှင်ရုံ အဟောင်းများသာ ကျန်တော့၏။ အကယ်ဒမီ ပေးပွဲများသည် မြန်မာ ပြည်တောင်ပိုင်းသား တို့အတွက် ရင်မခုန်ရတော့။

aung-mingalar-cinemaယင်းသို့ တနင်္သာရီတိုင်းမှ မြန်မာ့ ရုပ်ရှင်တရားဝင် နောက်ဆုံး ဖျာလိပ်သိမ်း ပြီးချိန်တွင် တိုင်းအတွင်း ရုပ်ရှင် တစ်ခေတ် ဖြစ်ထွန်းခဲ့သည်ကို သိရှိနိုင်ရန် တနင်္သာရီ တိုင်းဒေသကြီး မြန်မာ့ရုပ်ရှင်လုပ်ငန်းတွင် ၁၉၈၁ခုနှစ် မှ စတင်၍ ဖျက်သိမ်းသည် အထိ တာဝန်ထမ်းဆောင်ခဲ့သော ဦးစိုးနိုင် (လက်ထောက်ကြီးကြပ်ရေးမှူး (အစီအစဉ်) မော်ကွန်းရုပ်ရှင်)ကို တွေ့  ဆုံမေးမြန်းခဲ့ သည်။

တနင်္သာရီ ။ ။ ဦးစိုးနိုင် တနင်္သာရီတိုင်း စရောက်ချိန်မှာ တွေ့ခဲ့တဲ့ တိုင်းရုပ်ရှင်ရဲ့ အခြေအနေက ဘယ်လို ရှိလဲခင်ဗျ။

ဦးစိုးနိုင် ။ ။ ခေတ်ကောင်းသေးတယ်ဗျ၊ တိုင်းတွင်းမှာ ရုပ်ရှင်ရုံကြီး ၇ ရုံ ကျန်သေး တယ်။ ထားဝယ်မှာ နယူးလိုက်၊ ရွှေဝယ် သီရိ၊ နှင်းရုံ ။ မြိတ်မှာက ရှေ့ဆောင်၊ ဂုဏ်၊ သမ္မတ၊ ရွှေဗဟို တို့ပေါ့..။ မြို့နယ်အသီးသီး နဲ့ ကျေးရွာကြီးတွေမှာလည်း သာမန် ရုံငယ်တွေ ပြနေကြည့်နေကြသေးတယ် လေ။ နောက်တဖြည်းဖြည်းနဲ့ ရုံတွေရဲ ကြံ့ခိုင်မှုနည်းလာတာရယ်၊ ပိုင်ရှင်တွေရဲ့ အနေအထားတွေရယ်ကြောင့် ရုံတွေ ပိတ် သွားလိုက်တာ ၈၈ အရေးအခင်း အပြီး မှာတော့..၊ ထားဝယ်မှာ နယူးလိုက်နဲ့ ရွှေဝယ်သီရိ၊ မြိတ်မှာ ရှေ့ဆောင်နဲ့ ဂုဏ်ရုံ ပဲ ကျန်တော့တာပေါ့။

တနင်္သာရီ ။ ။ ဦးမရောက်ခင် ကတည်းက ရုပ်ရှင်ရုံတွေရှိ နေခဲ့တာဆိုတော့ မှတ်တမ်း တွေအရတိုင်းတွင်း ရုပ်ရှင်ရုံ သမိုင်းကြောင်း ကို ဘယ်လိုသိထားလဲ ခင်ဗျာ။

ဦးစိုးနိုင်။ ။ ခရိုင်မြို့ကြီး၃ မြို့မှာ ရုံကြီး ၉ ရုံ ရှိခဲ့ဖူးတယ်ပေါ့။ မြိတ်က မြတ်သီရိရုံ ကတော့ ကျွန်တော်ရောက်တဲ့ အချိန်မှာ ပိတ်နေပြီ၊ ရုံအဟောင်းပဲကျန်တယ်၊ အဲ.. ကော့သောင်းမှာက ၁၉၆၈ခုနစ် ပြည်သူ ပိုင် သိမ်းတဲ့ထဲတောင် မပါတဲ့ ရုပ်ရှင် ခေတ်ဦးတုန်းက အဏ္ဏဝါရုပ်ရှင်ရုံ ဆိုတာ ရှိခဲ့တယ်။ စက်ငှားပြတဲ့ ရုံငယ်တွေက တော့ မြို့နယ်တိုင်း ရွာကြီးတွေတိုင်းမှာ ရှိခဲ့ တယ်ပေါ့ဗျာ။

တနင်္သာရီ။ ။ ပြည်သူပိုင် သိမ်းခဲ့တဲ့ ရုံတွေကို ဘယ်လိုဆောင်ရွက်ခဲ့လဲ ဦး။
ဦးစိုးနိုင်။ ။ ၆၈ ခုနစ်က ပြည်သူ ပိုင်သိမ်းခဲ့တဲ့ ရုပ်ရှင်ရုံတွေကို ၁၉၉၀ခုနှစ် နောက်ပိုင်းမှာ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်တွေ ဖွဲ့ စည်းပြီး မူလပိုင်ရှင်ဟောင်း ဦးစားပေး ချိတ်ပိတ်တင်ဒါစနစ်နဲ့ ပြန်ရောင်း ခဲ့တော့ ပိုင်ရှင်ဟောင်းတွေ ပြန်ဝယ်ပြီး ရုပ်ရှင် ပြန်ပြခဲ့ကြတယ်ဗျ။ ရုံနာမည်တွေ လည်း ပြောင်းလိုက်ကြတယ်လေ၊ နယူးလိုက် ကို အောင်မင်္ဂလာ၊ ရွှေဝယ်သီရိကို မင်္ဂလာ သီရိပေါ့..။နိုင်ငံတော်ပိုင်အဖြစ်နဲ့ တစ်တိုင်းလုံးမှာ အနည်းဆုံး တစ်ရုံတော့ ရှိရမယ် ဆိုတဲ့မူ အရ ပြန်ကြားရေးလက် အောက်မှာတော့ ထားဝယ်က အောင်မင်္ဂလာရုံကို ခုထိ မရောင်းဘဲ နှစ်ရှည်အငှားချထားလိုက် တယ်။

တနင်္သာရီ။ ။ ဒီလောက်များ တဲ့ရုံတွေကို ဘယ်လိုပုံစံနဲ့ ပြခဲ့တာလဲ ခင်ဗျ။
ဦးစိုးနိုင်။ ။ ဖြန့်ချိရေး ကုမ္ပဏီတွေက စက်တွေ၊ ခွေတွေ ငှားပေးကြတယ်။ စက်တွေကို လှေတွေ ကားတွေနဲ့သယ်၊ ရုံနှစ်ရုံသုံးရုံက တစ်ညတည်းကို တစ်ကား တည်းအတူပြရင် ခွေတွေကို ဟိုဘက်ရွာ ရုံကနေ ဒီဘက်ရွာရုံ စက်ဘီးတွေ ဆိုင်ကယ် တွေ လှေတွေနဲ့ ညတွင်းချင်းပြောင်းသယ်ပြီး ပြကြ၊ အချိန်မီရင် ဇာတ်ရှိန်မပျက် ဆက်တိုက်ကြည့်ရပြီး မမီရင် သည်းခံ စောင့်အားပေးခဲ့ရတဲ့ ရုပ်ရှင် ရွှေခေတ် ပေါ့ဗျာ။

တနင်္သာရီ။ ။ ဟုတ်ကဲ့ ခင်ဗျာ၊ ရုပ်ရှင် ရွှေခေတ် တစ်ခေတ်ရှိ ခဲ့ဖူးတယ်လို့ ကြားသိ ဖူးပါတယ်။
ဘယ်လိုအနေအထားတွေ ကြောင့် ရွှေခေတ်လို့ ခေါ်တွင်နိုင်ခဲ့တာလဲ။
ဦးစိုးနိုင်။ ။ အဲဒီခေတ်က ဇာတ်တွေ အငြိမ့် တွေကလွဲရင် ဖျော်ဖြေရေးဆိုလို့ ရုပ်ရှင်ပဲ ရှိတာလေ။ ဗွီဒီယိုမပြောနဲ့ ရုပ်မြင်သံကြား တောင် ကျယ်ကျယ် ပြန့်ပြန့် မကြည့်နိုင် သေးဘူး။ ရုပ်ရှင်ဝင်ငွေ အတော်ကောင်း တယ်ပေါ့ဗျာ။ ရွာတွေမှာတောင် ဓနိရုံထိုးပြီး ပြတာ ၁၉၉၀ခုနှစ် လောက်ထိ ခေတ်စားခဲ့ သေးတာပေါ့။ ဇာတ်ကားကောင်းတွေ ပေါ်ထွက်လာခဲ့ပြီး ပရိသတ်အားပေးလွန်း တော့ ရုပ်ရှင်လက်မှတ်မှောင်ခို ခေတ်တစ် ခေတ်တောင် ပေါ်ထွက်လာဖူးတယ်ဗျ။ ဒါ ရုပ်ရှင်ရွှေခေတ်ပဲ။

တနင်္သာရီ။ ။ရွှေခေတ်ရုပ်ရှင်ရဲ့ အရည်အသွေး နဲ့ အောင်မြင်မှုအနေအထားက ဘယ်လိုလဲ ဗျ။
ဦးစိုးနိုင်။ ။ ရုံတွေလည်း လုံလုံလောက် ရှိခဲ့တယ်ဗျ။ ရုပ်ရှင် ဝင်ငွေကောင်းတော့ လေ..ရုပ်ရှင်ကို ရုပ်ရှင်နဲ့ တူအောင် ထုတ်လုပ်နိုင်ခဲ့၊ ဖြန့်ချိနိုင်ခဲ့တယ်။ ကုမ္ပဏီတွေ၊ ဒါရိုက်တာ တွေကလည်း ရုပ်ရှင်အပေါ် ချစ်ခင် မြတ်နိုးစိတ်နဲ့ စေတနာ အပြည့်အဝထား ရိုက်ကြတယ်။ ငွေကြေးအမြတ်အစွန်းထက် “ကား ကောင်းတယ်” ဆိုတဲ့ ဂုဏ်ကို ပိုလိုချင်ခဲ့ကြတယ်။ စံချိန်မီတဲ့ ပရိသတ် အကြိုက် ကားကြီးကားခန့်တွေ ထုတ် လုပ်ခဲ့တော့ အရည်အသွေးကောင်းပြီး အောင်မြင်ခဲ့တာပေါ့ဗျာ..။

တနင်္သာရီ။ ။ နည်းပညာ တဖြည်းဖြည်း တိုးတက်လာတော့ ပြသမှုပိုင်းမှာ အထောက် အပံ့ဖြစ်စေ ခဲ့မှာပေါ့၊ ဘယ်လို ကွာခြားသွား လဲ ခင်ဗျ။
ဦးစိုးနိုင်။ ။ အရင်ကဆို ရုံကြီးတွေမှာ တီးဝိုင်းစင်တွေ ရှိခဲ့တယ်ဗျ။ ရုပ်ရှင် ခေတ်ဦး အသံတိတ်ကားတွေဆို ဇာတ်နဲ့လိုက်တဲ့ သီချင်းသံစဉ်တွေကို နောက်က တီးပေးဆို ပေးကြတယ်ပေါ့၊ ချစ်ကြိုက်ခန်းဆို သီချင်းမြူး၊ ထိုးကြိတ် ခန်းဆို ဗိန်းမောင်း စသဖြင့် ပံ့ပိုး ပေးတာပေါ့..။ နောက်တဖြည်း ဖြည်းနဲ့ ဇာတ်ကားထဲက ဟန်အမူအရာနဲ့ နှုတ်လှုပ်ရှားမှုတွေကို အပြန်အလှန် ပြောဆိုတဲ့ အသံပံ့ပိုးမှုကိုပါ လုပ်ဆောင် ပေးခဲ့ကြတယ်ဗျ။ အဟဲ.. ခံစား မှန်းဆ ပြီး လိုက်ပြောကြတော့ လွဲတာတွေလည်း ရှိခဲ့မှာပေါ့ဗျာ။ နောက်တော့ အသံထွက် ရုပ်ရှင် ပေါ်လာတော့ ဒါတွေ မလိုတော့ ဘူးပေါ့။ အခုဆို ဆေးရောင်စုံ ဖြစ်နေပြီ လေ..။

တနင်္သာရီ။ ။ မြန်မာ့ရုပ်ရှင် ရွှေခေတ်ကနေ ဘယ်အချိန်က စတင် ကျဆင်းခဲ့တာလဲ၊ ဘာကြောင့်ကျ ဆင်းသွားတာလဲ။
ဦးစိုးနိုင်။ ။ ၈၈ ခုနစ် နောက်ပိုင်းမှာ ရုပ်ရှင်ဝင်ငွေကျလာတယ်၊ အရှုံးပေါ်တဲ့ အထိတောင်ကျခဲ့တယ်၊ ရိုက်ကူးရေးဘက် ကလည်း ဖလင်ရှားလာ၊ ရိုက်ကူးစရိတ် ကြီးမြင့်လာချိန်မှာ မြန်မာ့ဗွီဒီယို ဇာတ်ကားတွေ အရိုန်အဟုန်ပြင်းပြင်းနဲ့ ထိုးဖောက် လာတယ်။ ရုပ်ရှင် လောကကို နောက်ကောက်ကျစေခဲ့တာ ဆူလွယ်နပ် လွယ် ဗီဒီယိုခေတ်ကြောင့်လို့ ဆိုရင်ရတယ်။ ဗွီဒီယိုက ငွေ ၂၀၀၊ ၃၀၀ လောက်နဲ့ ငှားကြည့်ရင် တစ်အိမ်လုံးကြည့် ရတယ် ဆိုတော့။

တနင်္သာရီ ။ ။ အဲလိုကျဆင်း လာချိန်မှာ ရပ်တည်ဖို့ ဘယ်လိုကြိုး စားခဲ့ရလဲဗျ။
ဦးစိုးနိုင်။ ။ ရုပ်ရှင်လဲပြ ၊ဒစ်ဂျစ်တယ် အဆင့်မြင့် ဗွီဒီယိုလည်းပြ၊ ဘောလုံး ပွဲတွေပြရင်း ဝင်ငွေရှာခဲ့ရတယ်။

တနင်္သာရီ ။ ။ ခေတ်အဆက် ဆက် ရုပ်ရှင်ရုံ ဝင်ခ နှုန်းထားတွေနဲ့ တိုင်းတွင်းက ရုပ်ရှင် ပရိသတ်အပေါ် ဘယ်လိုမှတ်ချက် ပေးမလဲ ဗျ။
ဦးစိုးနိုင်။ ။ တစ်မတ်တန်း၊ ငါးမူး တန်းက စခဲ့တာ နောက်ဆုံး (၂၀၀၊ ၃၀၀၊ ၇၀၀) ကျပ်တန်းတွေအထိ ဖြစ်သွားပေမယ့် တိုင်းအတွင်းပရိသတ် တွေက ရုံဝင်ခတိုးလာ တာ မညည်းညူ ကြဘူးဗျ။ တစ်ချို့ကတော့ ဇာတ်ကားအသစ်လဲတိုင်း လာမကြည့် နိုင်တာတော့ ရှိတာပေါ့။ မြန်မာ့ ရုပ်ရှင် ကိုမှ စွဲမြဲနှစ်ခြိုက်စွာနဲ့ သည်းခံအားပေးချင် ကြတဲ့ လူတန်စား တစ်ရပ်က ကျွန်တော်တို့ တိုင်းအတွင်းမှာ အခုထိ အခိုင်အမာ ရှိနေဆဲဆိုတာတော့ သေချာတယ်ဗျ။

တနင်္သာရီ
။ ။ ဦးတို့ ရုပ်ရှင်လုပ်ငန်းက နယ်လှည့်ပြီး ပြခဲ့ဖူးတယ်နော်၊ ဘယ်လို အစီအစဉ်နဲ့ ပြခဲ့တာလည်းဗျ။
ဦးစိုးနိုင်။ ။ ဟိုတုန်းကတော့ ဗဟို ရုပ်ရှင်.. နောက်တော့ မော်ကွန်းရုပ်ရှင် ပြသရေးပေါ့ ဗျာ။ ပြသချင်တဲ့ မြို့ရွာတွေက ပွဲတော် ကျင်းပရေးအဖွဲ့တွေ မော်ကွန်းရုံးကို လာ ဆက်သွယ်ကြတယ် လေ။ စက်တွေသယ်ယူပို့ ဆောင်စရိတ် မီးစက်မောင်း ဆီဖိုးတွေကို သူတို့ အကုန်အကျခံရတာပေါ့။ သူတို့ပြပေးစေချင်တဲ့ ဇာတ်ကားတွေရှိရင် ကြိုငှားပေးထားပြီး မော်ကွန်း သတင်းကားတွေ နဲ့တွဲဖက်ပြတာပေါ့ဗျာ။

တနင်္သာရီ ။ ။ ဦးအနေနဲ့ တိုင်း တွင်း ဘယ်နေရာတွေမှာ ပြခဲ့ဖူးလဲ။
ဦးစိုးနိုင်။ ။ ကျွန်တော်တို့ လိုက်ပြခဲ့တာ တိုင်းအတွင်း နေရာစုံပဲဗျ။ ကော့သောင်း ခရိုင်မှာဆို အဏ္ဏဝါမှာလုပ်တဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေးပွဲတော်၊ မကြုံကလက်ကျွန်းမှာ လုပ်တဲ့ ဆလုံပွဲတော်..၊ ဗိုလ်ချိုကျွန်း၊ ဇာဒက်ကြီးကျွန်းတွေက ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲ၊ အောင် ဘာကျွန်းတစ်ဝှိက်၊ ကော့သောင်း (ခ.၀.တ)အဖွဲ့ရဲ့ အစီအစဉ်နဲ့လည်း ခရိုင်အတွင်းတပ်ရင်းတပ်ဖွဲ့ တွေကို..ခမောက်ကြီး(စခက-၂၀) အထိလိုက် ပြဖူး တာပေါ့..
မြိတ်မှာဆို မဟာသိဒ္ဓိဇယ စေတီတော်ထီးတင်ပွဲကအစ..၊ ပုလော၊ ပလောက်၊ ထမင်းမစားကျေးရွာတွေထိ၊ သရက်ချောင်းဆိုလည်း ကရင် နှစ်သစ် ကူးပွဲတွေ၊ ပဲဒက်၊မယ်ကဲ၊စုံစင်၊ ကျွဲခြံ ကအစပေါ့၊ ထားဝယ် ခရိုင်တွင်းမှာ လည်း နှစ်တိုင်း နေရာအတော်များ များပါပဲ၊ တပ်ရင်းတပ်ဖွဲ့ မွေးနေ့ပွဲတွေ..၊ ထားဝယ်ရွှေတောင်စားဘုရားကြီးဝင်း မှာဆို အခါကြီး ရက်ကြီးတိုင်း ပြခဲ့ရတာပေါ့..။ ထားဝယ်က တိုင်းအားကစာကွင်းမှာ ကျင်းပတဲ့ လွတ်လပ်ရေး ပွဲတော်ဆို နှစ်တိုင်းပြရတယ်ဗျ..။ အဲ.. ဒီနှစ်မတိုင် ခင်ထိပေါ့လေ..။

တနင်္သာရီ ။ ။ အဲဒီမော်ကွန်း ရုပ်ရှင်ကို ဘာကြောင့် ရပ်နားလိုက် တာလဲ၊ ဆက်ပြဖို့ အစီအစဉ် ရှိသေးလားဗျ။
ဦးစိုးနိုင်။ ။ တိုင်းအတွင်းမှာ ရှိတဲ့ မြန်မာ့ ရုပ်ရှင်လုပ်ငန်းစုရုံးလို့ ခေါ်တဲ့ တိုင်းရုပ်ရှင်လုပ်ငန်းကို ၂၀၁၄ ခုနစ် အောင်တိုဘာ ၁ ရက်နေ့မှာ ဖျက်လိုက် တော့..၊ မော်ကွန်းရုပ်ရှင်လည်းပဲ စခန်းသိမ်းသွားတာပေါ့ဗျာ။ ကျွန်တော် တို့ကိုလည်း ပင်စင်ပေးလိုက်ပြီလေ။

တနင်္သာရီ ။ ။ ဘာကြောင့် ဖျက်သိမ်းလိုက်တာလဲ ခင်ဗျာ။
ဦးစိုးနိုင်။ ။ ရုပ်ရှင်လုပ်ငန်းက အရှုံးပေါ်နေပြီဗျ။ ဒီမိုကရေစီလမ်း ကြောင်း ကို သွားမယ်ဆိုရင် အရှုံးပေါ်နေတဲ့ လုပ်ငန်းအဖွဲ့တွေကို ဖျက်သိမ်းရမှာ ရပ်ဆိုင်းရမှာဆိုတော့..၊ မြန်မာ့ ရုပ်ရှင် လုပ်ငန်းကို မြန်မာ့ရုပ်ရှင် မြှင့်တင်ရေး ဦးစီးဌာနအဖြစ် ပြောင်းလဲပြီး ပြန်ဆက်ဦးစီးဌာနအုပ်ချုပ်မှု အောက် လွဲပြောင်းလိုက်တယ်။ ပြီးတော့ အဆင့်မီတဲ့ ဝန်ထမ်းတွေကို လျှော့ပေါ့ ပင်စင်၊ လျော်ကြေးပင်စင်၊ လုပ်သက်ပြည့် ပင်စင်နဲ့ အသက်ပြည့် ပင်စင် တွေ ပေးလိုက်တယ်လေ။

တနင်္သာရီ ။ ။ တိုင်းအတွင်းက ရုပ်ရှင်ရုံတွေကို “3D ရုံ” အသွင်ပြောင်း ပြသလာတာ တွေ့ရပါတယ်ခင်ဗျ။ ရုပ်ရှင်နဲ့ “3D ရုံ” ဘယ်လိုဆက်စပ် နေပါသလဲ။
ဦးစိုးနိုင်။ ။ ဘယ်လိုမှ မဆက်စပ်ဘူးဗျ၊ ဖျော်ဖြေပေးရန် ဆိုတဲ့မူနဲ့ ညီညွတ်အောင် ပြသခွင့် ပေးလိုက်တာလေ။ “3D ရုံ” နည်း ပညာနဲ့ ဗမာကား မပေါ်သေးတော့ နိုင်ငံခြား ကားတွေပဲ ကြည့်ရမှာပေါ့။ ကျုပ်နဲ့ ရင်းနှီးတဲ့ ရုပ်ရှင် ပရိသတ်တစ်ယောက်ကတော့ အပေါ်ကစက်ကြီးနဲ့ထိုးပြတဲ့ ရုပ်ရှင်ကားတွေ အပေါ်မှာပဲ ခရေဇီ ဖြစ်တယ်တဲ့၊ လူ ၁၀၀ လောက်ပဲဆန့်မယ့် လေအေးခန်းထဲက “3D ရုံ” ဟာ အဆာမပြေနိုင်ဘူးတဲ့ဗျ။

တနင်္သာရီ ။ ။ “3D ရုံ” ကလည်း မြန်မာကား မရှိ၊ မော်ကွန်းရုပ်ရှင်နယ် လှည့် ပြသရေးကလည်း ရပ်နားလိုက်ပြီ..ဆိုတော့၊ တိုင်းအတွင်းက မြန်မာ့ ရုပ်ရှင်ပရိသတ်တွေအတွက် ရုပ်ရှင် ကြည့်ခွင့်ရဖို့ ဘယ်လိုနည်းလမ်းတွေ ရှိပါသေးလဲခင်ဗျာ။
ဦးစိုးနိုင်။ ။ အကယ်ဒမီရတဲ့ ဇာတ်ကားတွေကိုတော့ မြန်မာ့ရုပ်မြင် သံကြားက ပြန်ပြန်လွှင့်ပေးလေ့ ရှိတယ်ဗျ။ သူတို့လွှင့်ပေးချိန်ကို တီဗီက တဆင့်စောင့်ကြည့်ရမှာပေါ့၊ အဲ.. ရုပ်ရှင်စစ်စစ်ကြည့်ချင်ရင်တော့ ရန်ကုန် မှာပဲ သွားကြည့်ရတော့မှာ ပေါ့ဗျာ..။

တနင်္သာရီ။ ။ ကျေးဇူးပါ ခင်ဗျာ..၊ ဘာများ ဖြည့်စွက်ပြောလိုပါသေးလဲ ခင်ဗျာ။
ဦးစိုးနိုင်။ ။ တိုင်းအတွင်းမှာ ရှိနေတဲ့ရုပ်ရှင်ပြစက်တွေက ဂျပန်စက် တွေဗျ၊ အကြမ်းပတမ်း တအားခံနိုင်တာ၊ အခုထိ ကြံ့ခိုင်တုန်းပဲ၊ ဒီစက်ကြီး တွေ ပျက်စီးသွားတာထက်စာရင် နိုင်ငံတော် အဆင့် တိုင်းအဆင့်တွေက သေသေချာချာ ထိန်းသိမ်း ထားနိုင်ရင်တော့ ကောင်းကောင်းပြလို့ ရသေး တာပေါ့..၊ ကျွန်တော့်အနေနဲ့တော့ ပြပေးစေချင် တာပေါ့ဗျာ..၊ မကြည့် ဖူးသေးတဲ့ ကလေးလူငယ်တွေ ကြည့်ခွင့်ရအောင် ရုပ်ရှင်ချစ် ပရိသတ်ကြီး တွေလည်း ဆန္ဒပြည့်ဝအောင် အထူးပွဲတွေအဖြစ်နဲ့ ပြပေးစေချင်တာပေါ့။