ရှေးခေတ် ကုန်သွယ်ရေး ဆိပ်ကမ်းမြို့တနင်္သာရီ

0
687

“နတ်ဝှက်ခံထားရတဲ့မြို့” ခေါင်းစဉ်ဖြင့် တနင်္သာရီဂျာနယ်မှာ ကျွန်မဆောင်းပါး တစ်ပုဒ်ရေးခဲ့ဖူး ပါသည်။လူသိနည်းလွန်းလှသော ကျွန်မတို့တနင်္သာရီမြို့လေး အကြောင်းကို ရေးသားထားခြင်းဖြစ်သည်။ အမှန်ပင် လူသိနည်းလွန်းလှပါသည်။ တိုင်းကိုသာ သိပြီးမြို့ကိုမသိသောမြို့ဟု ကဗျာဆရာနောင်မင်းခန့်က ဆိုထားပါ သေးသည်။သိပ်ကို မှန်ပါပေသည်။

Facebook ပေါ်မှာ သူငယ်ချင်း အသစ်များဖြင့် တစ်ယောက်အကြောင်း တစ်ယောက်မိတ်ဆက်ကြတော့ ကျွန်မကို “ ဘယ်မြို့ကလဲ” ဟု မေးတတ်ကြသည်။ ”တနင်္သာရီကပါ”ဟု ပြန်ပြောလျှင်” တနင်္သာရီတိုင်းကလား၊ ဘယ်မြို့ကလဲထားဝယ်မြို့ကလား”ဟု အမြဲတမ်း ပြန်မေးတတ်ကြပါသည်။ကျွန်မ က ”မဟုတ်ပါဘူး တနင်္သာရီတိုင်း ၊ တနင်္သာရီမြို့က”ဟု ပြန်ဖြေလျှင် ”အော် ဟုတ်လား” ဆိုလို့ ..”သိလားဟင်.. လို့ ..” ပြန်မေးခဲ့လျှင်တော့ လူတစ်ရာလျှင် ကိုးဆယ်လောက်က ”ဟင့် အင်း..သိဘူး ၊ ထားဝယ်ကိုပဲ သိတယ်”ဟု ပြန်ပြောကြမည်မှာ အသေအချာ ပါပင်။ ကျွန်မ မောင်ငယ် တနင်္သာရီ သားစာရေးဆရာ၊ ကဗျာဆရာ(ဇော်သုခရီ) က အိပ်မွေ့ချ ခံထားရတဲ့မြို့ တဲ့ ။တကယ်ပဲ အိပ်မွေ့ချ ခံနေရလေသလား ဟု ကျွန်မတစ်ခါတစ်လေ တွေးမိသည်။

အမှန်မှာ တနင်္သာရီမြို့သည် သဘာဝပတ်ဝန်းကျင် တောတောင်ရေမြေ သယံဇာတများ၊  ရှေးဟောင်းအမွေ အနှစ်ယဉ်ကျေးမှုများစွာ သမိုင်းကြောင်းတွေ မြောက်မြားစွာဖြင့် ရှင်သန်ပေါက်ဖွား လူလားမြောက်သော လှပသည့် သတို့သမီးအသွင်ဟု ကျွန်မ ထင်မိပါသည်။လွန်ခဲ့သော နှစ်ပေါင်း ၂၅ဝဝ ကျော်ကပင် တည်ရှိခဲ့ပြီး ခရစ်တော်မပေါ်မီ ခရစ်နှစ်ဆယ်စုနှစ်ကျော် ကတည်းက ရှိခဲ့သည် ပညာရှင်တို့က ယူဆခဲ့ ကြသည် ကိုသိရပါသည်။

တနင်္သာရီ ဆိုသော မြို့လေး တစ်မြို့သည် လွန်ခဲ့သော အတိတ်  ကာလတစ်ခု ကရှေးဟောင်း ရေကြောင်းခရီးတစ်ခု အတွက်အလွန် အရေးပါခဲ့သော ဆိပ်ကမ်းမြို့လေးတစ်ခု ဖြစ်ခဲ့ဖူးသည်ဟု သိရှိခဲ့ရပါသည်။မှတ်တမ်းများအရ ကမ္ဘာ့အရှေ့ပိုင်း ကုန်ပစ္စည်းများကို တရုတ်၊ ကမ္ဘောဒီးယား၊ဗီယက်နမ်၊ ထိုင်းတို့မှ ကုန်းလမ်းခရီးဖြင့် တနင်္သာရီဒေသသို့ တင်သွင်းလာပြီး ကမ္ဘာ့အနောက်ကုန်ပစ္စည်းများကို ပါရှားပင်လယ် ကွေ့နှင့် အိန္ဒိယ ရေကြောင်းခရီးစဉ် အဖြစ်တင်သွင်းလာခြင်း ဖြစ်သည်ဟု သိရှိခဲ့ရပါသည်။ အိန္ဒိယနှင့် ဥရောပသားတို့ကတနင်္သာရီကို ဖြတ်လျက် ထိုင်းနိုင်ငံ၊တရုတ်နိုင်ငံတို့နှင့် ကုန်သွယ်ကြောင်းမုဒုံမြို့၊ ကန်ကြီး   စေတီသမိုင်းက ဖော်ပြထားသည်လည်း သိရှိခဲ့ရပါသည်။

အာရပ်နှင့် ပါရှား မှတ်တမ်းများကလည်း တနင်္သာရီသည် တရုတ်၊ အိန္ဒိယ၊ ပါရှားကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင်တည်ရှိသည် ကိုလည်း သိခဲ့ရပြန်ပါသည်။ အေဒီ (၁၁၆၀)   ရေးသားထားသော ဟန်းမင်းဆက် ရာဇဝင်အသစ်၌ မြန်မာ့ဆိပ်ကမ်းမြို့များ၏ အမည်များတွင်တနင်္သာရီကို (တနော်သီရိ) ဟု တရုတ်အမည်ဖြင့် ဖော်ပြထားသော ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည်ကို တွေ့ရသည်။ အေဒီ(၁၄၃၆)တွင် ဥရောပတိုက် ဗစ်နစ် မြို့သား နီကိုလိုဒီမှ တနင်္သာရီမြို့ကို ကြီးကျယ်ခမ်းနားသော ဆိပ်ကမ်းမြို့ တစ်မြို့ဖြစ်ကြောင်းနှင့် ဆင်ပေါများသော မြို့ဟု မှတ်တမ်းတင်ထားသည်ကိုလည်းသိမှတ်ခဲ့ရပါသေးသည်။ “ ထရင်းစတင်းဒီအွန်မာ” ဆိုသူကလည်း သူ၏ ခရီးစဉ်မှတ်တမ်းတွင် တနင်္သာရီမြို့သည်အိန္ဒိယပြည်မှ အမွှေးအကြိုင်များအတွက် ပထမ ဈေးကွက်တစ်ခု    ဖြစ်ခဲ့ကြောင်းလည်း ဖော်ပြသည်။

အေဒီ(၁၅၀၅-၁၅၀၆) အီတာလျှံ သားဝါးသီးမားက တနင်္သာရီမြို့သည် ပင်လယ်အနီးတွင် တည်ရှိသည်။    မြေပြန့်ညီညာ၍   ရေခံမြေခံကောင်းသည်။ ဆိပ်ကမ်းကောင်းရှိပြီး မြောက်ဘက်သို့ ဦးတည်သော မြစ်တစ်စင်း ရှိသည်။ တနင်္သာရီသားတို့သည် ကမ္ဘာ့အနောက်ဘက်ပိုင်းနှင့် အိန္ဒိယတို့၏ (၁၅) ရာစု မတိုင်မီကပင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုများရှိလိမ့်မည်ဟု ယူဆမိပါသည်။

မှန်နန်းရာဇဝင်တော်ကြီး ၃ တွဲ ပေါင်း(၂၀၀၈) ထုတ်စာ (၁၅၅)တွင် မင်းတရားရွှေထီးလက်ထက် (အေဒီ) (၁၅၄၈) တွင် တစ်နှစ်တိုက်ဆင် ၃၀ကောင်၊ ငွေ ၃၀၀၊ တနင်္သာရီသင်္ဘော အကောက်ခွန်ကို ဆက်သရသည်ဟု ဖော်ပြထားသည်။ ယိုးဒယားနိုင်ငံ မော်ကွန်းတွင် အရှေ့တောင် အာရှနိုင်ငံများကြား တနင်္သာရီမှ တစ်ဆင့် မလေးကျွန်းဆွယ်တစ်လျှောက် ကုန်သည်များသည် လှည်းတန်းကြီးများဖြင့် သွားရောက် ကုန်သွယ် ရောင်းဝယ် ဖောက်ကားကြသည် ဟုလည်း သိရပါသည်။ ထို့အတွက်ကြောင့် တနင်္သာရီမြို့သည် ပင်လယ်ရပ်ခြား ကုန်သွယ်ရေး၏ တစ်ထောက်စခန်းအဖြစ်ထင်ရှားသည်ဟု ယူဆမိပါသည်။

ကျွန်မ နှစ်သက်စွဲလန်းစွာ ဖတ်ရှုခဲ့ရဖူး သေဦးကြီးစိန်၏ တနင်္သာရီတိုင်း မြိတ်ရာဇဝင်တော်ကြီးတွင် သက္ကရာဇ် ၁၄၂၅ ခုနစ်၊ယခုကျွန်းစုမြို့နယ်၊ ကံမော်ကျွန်းတွင် ကြက္ကလင်းမြို့ကို တည်သည်။ နှစ်ပေါင်း ၁၄၅ နှစ်နှင့် မင်းဆက် ၁၀ ဆက်ထီးနန်းစံသည်။ ထိုမြို့တွင် ခဲမဖြူ၊ ရွှေ၊ငွေ၊ ကျောက် သံပတ္တမြား အစရှိသော ရှိုင်ကြီးမြိုင်ကြီး များရှိသည်။ ကျွန်းကြီးကျွန်းငယ်တို့မှ မုတ်၊ ပုလဲ၊ ရတနာနှင့်တကွလက်ယာ ရစ် ခရုသင်းတို့ များစွာ ပေါသည်။

သူဌေးသူကြွယ် ကုန်သည်တို့မှလှေ၊ ကတ္တူ၊ ရွက်၊ သင်္ဘောတို့နှင့် အရပ်ရပ်သော တိုင်းကြီးပြည်ကြီးတို့ကို ကုန်သွယ်သည်ဟု   ရေကြောင်း ကုန်သွယ်ရေး ကို ထူးခြားစွာ ဖော်ပြထားသည် ။ ။ဗြမုဒ ́ရီမင်းလက်ထက် သက္ကရာဇ် ၂၆၃ ခုနစ်တွင် ယခု တနင်္သာရီမြို့နယ် ပဝထောင့်မဒေသတွင် ထောင့်ကွယ်မြို့ကို တည်သည်။ ထိုထောင့်ကွယ်မြို့တွင်မင်းဆက် ၄၉ ဆက် နှစ်ပေါင်း ၂၅၀ ထီးနန်းစံသည်။ ထိုမြို့တွင် အကြော်၊ကရမက်၊ စံပယ်၊ နံ့သာ၊ ခဲ၊ ကျောက်သံပတ္တမြားယူ၍ မကုန်နိုင်အောင် ရှိသည်။

အနောက်မဇ္ဈိမတိုင်း သာဝတ္တိ၊ ရာဇဂြိုလ်၊ကပ္ပိလဝတ်၊ ကောသမ္ဘီ အစရှိသော တိုင်းကြီး ပြည်ကြီးတို့က ကုန်သည်တို့ လာရောက် ကုန်သွယ် ကြသည်။ ထို့အပြင် ရောမ၊ ခေါမ၊ လောတုန် ပရစ်တို့မှ တိုက်ကြီး၊ အိမ်ကြီးများ တည်ဆောက်၍ ကုန်များစွာ ကူးသန်းရောင်းဝယ်ကြောင်း ဖော်ပြထားသည်။ ထိုထောင့်ကွယ်မြို့တွင် ကောသမ္ဘီသူဋ္ဌေး ကြီးနေထိုင်သော တိုက်ကြီးမှာ လွန်စွာ ကျော်ကြားပြီး ယခုထက်တိုင် ကောသမ္ဘီတိုက် အဖြစ် ဒေသသားတို့ ခေါ်နေပေသေးသည်။    ခေတ်ပြိုင်မှတ်တမ်းများ    ဖြစ်သော အနောက်ဥရောပ မှတ်တမ်းများနှင့် မှန်နန်းရာဇဝင်တို့က ကုန်သွယ်ရေး ဆိပ်ကမ်းအဖြစ် ထူးခြားစွာ   ဖော်ပြထားသည်။ ထို့အပြင် အနောက်ဥရောပသားတို့၏ အသံထွက်ဖြစ်သော (Mainland) မိန်းလင်း အသံထွက်ကို အတည်ယူ၍ မူလအမည်ပျောက်ကာ တနင်္သာရီမြို့၏ မြောက်ဘက်ခြမ်း တည့်တည့်တွင် မာန်လည် ရေဆိပ်အဖြစ် တနင်္သာရီသားတို့ ယခုတိုင်ခေါ်ဝေါ် အသုံးပြုနေပေ သေးသည်။

မာန်လည်ရေဆိပ်ကို အစွဲပြု၍ မာန်လည်လမ်း ဟုလည်း ယခုထက်တိုင်    ခေါ်ဝေါ်အသုံးပြုနေသည်ကိုလည်း သိမြင်နိုင်ပါလိမ့်မည်။ အဆိုပါ မာန်လည် ရေဆိပ်မှာ ယခု ထက်တိုင်ရှိ နေပြီး မူလ ပကတိပုံစံထက် ချို့ယွင်း ပျက်စီးနေသည်ကိုလည်း တွေ့ မြင်နိုင် ပါသည်။တိုင်းကိုသာသိပြီး မြို့ကိုမသိသော တနင်္သာရီမြို့လေးကို လာရောက် လည်ပတ်ခဲ့ကြမည်ဆိုလျှင် ရှေးခေတ် ကုန်သွယ်ရေးဆိပ်ကမ်း မြို့လေး၏ အထင်ကရ နေရာတစ်ခုအဖြစ် တည်ရှိခဲ့ဖူးသော မာန်လည်ရေဆိပ်သို့ လိုက် ပို့ပေးချင်မိပါသေးသည်။ ဤသည်မှာ တနင်္သာရီဒေသကို ကုန်သွယ်ရေးတွင်နိုင်ငံခြာသားတို့ ကူးသန်းသွားလာ ဖြတ်သန်းမှု၏ အရေးပါသော ဒေသတစ်ခုအဖြစ် ရပ်တည်ခဲ့ဖူးသည်မှာ အမှန်အကန်ပါပဲဆိုတာ သိရှိနိုင်ကြပါလိမ့်မည်။
ရှေးခေတ်ကုန်သွယ်းရေး၏ ဆိပ်ကမ်း မြို့လေးတစ်မြို့ဖြစ်ခဲ့ဖူးသော တနင်္သာရီမြို့လေးကို ဂုဏ်ယူစွာဖြင့် ပွေ့ဖက်ရင်း …..။

ဝါဝါနိုင် (တနင်္သာရီ)

ကျမ်းကိုးများ-

  • ဦးကြီးစိန်၊ တနင်္သာရီတိုင်း မြိတ်ရာဇဝင်တော်ကြီး။
  • Myo Myint Old Burma Hathawatty Pyblication 1947
  • မှန်နန်းရာဇဝင်တော်ကြီး
  • ဆရာဇော်သူရ၊ ထားဝယ် ယဉ်ကျေးမှု အထောက် အထားများ
  • အာကာမိုးသူ၊ တနင်္သာရီဒင်္ဂါးများစာတမ်း
  • ဦးရည်စိန် လက်ရွေးစင်ဆောင်းပါးများ