ငဲ့ကြည့်ပါအုံး

0
646

တစ်လောက မြိတ်သား  လူငယ်တစ်ယောက်ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ တိုင်းအစိုးရက သူတို့ မြိတ်မြို့ကို       “ မယားပါသား ” လို ဆက်ဆံတယ် ဆိုပြီး ပေါက်ကွဲတာကို တွေ့ရပါတယ်။သူဘာကြောင့် ပေါက်ကွဲတာပါလိမ့်။

သူ့ ဖေ့စ်ဘုတ်စာမျက်နှာရဲ့ နောက်တစ်နေရာမှာတော့ ထားဝယ်က လူငယ်တွေ နိုင်လွန်ကတ္တရာလမ်းပေါ် စကိတ်စီးနေချိန်မှာ သူတို့က ဖုန်ထနေတဲ့ ကတ္တရာလမ်းနဲ့ နှစ်ပါးသွား နေရတယ်ဆိုပြီး မုဒိတာတစ်ဝက်၊ နာကျင်ခံခက်စိတ် တစ်ဝက်နဲ့ ရေးထား တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့အပတ်က သတင်းတစ်ပုဒ်မှာတော့ မြိတ်တစ်မြို့လုံးမှ အသုံးပြုနေတဲ့ မီးပွိုင့် ၂ခုပဲ ရှိတယ်။ တကယ်တမ်း ရှိတာက သုံးခု၊ တစ်ခုကမသုံးတာ သုံးနှစ်လောက်တောင် ကြာပြီလို့ ဖတ်ရပါတယ်။ ယာဉ်တိုက်မှုတွေ ခဏခဏဖြစ်လို့ မြို့ခံတွေက လမ်းဆုံ လမ်းခွတွေမှာ မီးပွိုင့်တွေ လုပ်စေချင်တဲ့အကြောင်း ဖတ်ရတော့ အဲဒါတွေကြောင့်ပဲ သူပေါက်ကွဲနေတာ ဖြစ်မယ်လို့ မှန်းဆမိပါတယ်။အခြား မြိတ်သူမြိတ်သား ဘယ်လောက်ကများ ဒီလို ခံစားချက်တွေ ရှိနေပါလိမ့်။ မြို့နယ် ဘယ်နှမြို့နယ်ကများအဲလို တွေးနေပါလိမ့်။

ဒါက တိုင်းအဆင့်မှာ တွေးကြည့်တာပါ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တွေးကြည့်ရင်လည်း ဒီပြသနာ ရှိနေတာပါဘဲ။ပြည်နယ်နဲ့ တိုင်း ၁၄ ခုမှာ မဟာဓာတ်အားလိုင်း မရောက်သေးတဲ့ တိုင်းဖြစ်နေလို့ တနင်္သာရီတိုင်းသားတွေ ပြည်ထောင်စု အစိုးရအပေါ် နာနာ ကျင်ကျင်    ပေါက်ကွဲနေကြတယ် မဟုတ်လား။ တချို့ဆို “တနင်္သာရီတိုင်းသား တွေ မြန်မာပြည်ထဲပါရဲ့လား”လို့ ပေါက်ကွဲတဲ့ အထိ ပါပဲ။

အဲလိုပြောလို့ “ငါတို့ တစ်ယောက်တည်း မဟုတ်ဘူး”ဆိုပြီး စိတ်ဖြေပါလို့ ပြောလိုတာ မဟုတ်ပါဘူး။ ပြဿနာက အကြီးကြီးလို့ ဆိုလိုတာပါ။ဒါဟာ ယေဘုယျအားဖြင့် အစိုးရများရဲ့ “ကျေးလက်ကို မငဲ့ကြည့်တဲ့ပြသနာ” ပါ။ တစ်နည်းပြောရရင် “ငဲ့ကြည့်ရ ကောင်းမှန်း မသိတဲ့ ပြသနာ”။ဆိုတော့ ထပ်ချဲ့လိုက်ရင် အစိုးရများရဲ့ စွမ်းဆောင်ရည်   ပြသနာလည်းပြော လို့ရပါတယ်။  ရေမရှိတဲ့နေရာ ရေလာရမည့်အစား ရေရှိတဲ့နေရာ ရေလာနေတာဟာ အစိုးရများရဲ့ လုပ်နိုင်စွမ်းနဲ့ ဆင်ခြင်တုံ တရားကို စိန်ခေါ်နေတာပါ။ဒါဟာ ပေါ့သေးသေး ပြသနာ မဟုတ်။ “ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ငြိမ်းချမ်းရေး” ဆိုတဲ့အထိ တာသွားတယ်ဆိုတာ သက်ဆိုင်ရာ အစိုးရ အဖွဲ့ဝင်တွေ စဉ်းစားမှ စဉ်းစား မိရဲ့လားမသိပါဘူး။

ကျေးလက် ကျန်းမာရေး ဆရာမတစ်ယောက်မှ မရှိတဲ့ ကျေးရွာတွေကို တွေ့တဲ့အခါ “ဖွင့်ထားတဲ့ ဆေးကျောင်းတွေကို ပိတ်လိုက်တော့” လို့ ပေါက်ကွဲစွာ ပြောမိပါတယ်။ ဝေးလံခေါင်သီတဲ့ ဒေသကို ဆရာဝန်တွေ သူနာပြုတွေ ရောက်အောင်ပို့နိုင်တဲ့ မူ၊ ရောက်လာ ပြီးရင်လည်း မြဲအောင်နေမယ့် မူမှ မရှိရင်၊ ရှိပြီး အသက်ဝင်အောင် မကျင့်သုံးရင် ဖွင့်ထားတဲ့ ဆေးတက္ကသိုလ်တွေ၊ သူနာပြုတက္ကသိုလ်တွေက ကျေးလက်အတွက် ဘာမှ အကျိုးမရှိပေ။ ဆိုတော့ ပြည်သူ့ဘဏ္ဍာနဲ့ ဖွင့်ထားတဲ့ အဲဒီကျောင်းတွေကို ပိတ်လိုက် တာကမှ အကောင်းဆုံးလို့ ပေါက်ကွဲပြီး တွေးတဲ့သူက တွေးတာ မမှားပါဘူး။အဲလိုပဲ ရွာကျောင်းမှာ ဆရာ ၊ဆရာမ မမြဲလို့ စိတ်ညစ်နေတဲ့ ရွာသူရွာသားတွေ ကလည်း စိတ်အချဉ် ပေါက်ပြီး ”ပညာရေး ကောလိပ်တွေ ပညာရေးတက္ကသိုလ်တွေ ပိတ်လိုက်ပါတော့ဗျာလို့ ပြောရင် ပြောကြမှာပေါ့။

ပြီးခဲ့တဲ့ သုံးနှစ်လောက်က ကရင်ကျေးရွာတစ်ရွာက အုပ်ချုပ်ရေးမှူးရဲ့ညည်းချင်းကို ဒီကနေ့ထိ ပြန်ပြန် ကြားနေဆဲပါ။ သူတို့ရွာမှာ ဆရာမတွေအတွက် နေစရာစားစရာ ဘာမှပူစရာမလိုအောင် စီစဉ်ပေးပေမယ့် ဆရာမမမြဲဘူးလို့ ဆိုပါတယ်။လူအားလုံးဟာ “ပရဟိတသမား”လို့ နဖူးမှာ စာရေးပြီး မွေးလာတာမဟုတ်၊ အနစ်နာခံ လိုစိတ်ရှိကြတာမဟုတ်တော့ မူတွေကို သေသေချာချာ ချမှတ်ပြီး အသက်ဝင်အောင် လုပ်ဖို့ တစ်နည်းသာ ရှိပါတယ်။ စည်းမျဉ်းစည်းကမ်းကို တင်းတင်းကြပ်ကြပ် ချတဲ့အပြင် တစ်ဖက်မှာလည်း ဝေးလံ ခေါင်သီတဲ့ ဒေသတွေကို သွားချင် လောက်အောင်တခြားမက်လုံးတွေ ရှိဖို့ လိုပါတယ်။ ဒါမှခုနကလို ရွာတွေမှာ ဆရာ၊ ဆရာမတွေမြဲလာမှာပါ။နောက်ပြီး မြို့ပြမှာပဲ လူတွေ စုစေတဲ့ အခြားအချက်တွေကို ဖော်ထုတ်ပြီး လျင်လျင်မြန်မြန် ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။

တကယ်က ကျေးလက်ဟာ ဒီနိုင်ငံရဲ့လူအများစု နေထိုင်ရာအရပ် ဖြစ်ပါတယ်။ပြီးတော့ လူတွေရဲ့ စားဝတ်နေရေးမှာ စားဖို့ ဆန်စပါး၊ ဝတ်ဖို့ အဝတ်အထည်အတွက် ကုန်ကြမ်း၊ နေဖို့အတွက် သစ် စသဖြင့် ထုတ်လုပ်ပေးရာအရပ်၊ တနည်းအားဖြင့်ဆိုရင် စားဝတ်နေရေးအတွက်ကျေးဇူးတင်အပ်သူတွေ နေထိုင်ရာ အရပ်ဖြစ်ပါတယ်။ဆန်၊ ဆီ၊ ဆားဆိုတဲ့ နေ့စဉ်စားသောက်ကုန်တွေဟာ အဆင့်မြင့်ဈေးကြီးမှာ ဈေးသည်တွေက စိုက်ပြီးရောင်းတာ မဟုတ်ပါဘူး။ဒါကို အစိုးရကရော မြို့ပြနေ လူထုရော လေးလေးနက်နက် တွေးမိပုံ မရပါဘူး။

ဒါကြောင့်ပဲ လျှပ်စစ်မီးဆိုလည်းမြို့၊ လမ်းဆိုလည်း မြို့၊ စာသင်ကျောင်းဆိုလည်း မြို့၊ ဆေးရုံဆေးခန်းဆိုလည်း မြို့နဲ့ အားလုံးဟာ မြို့မှာပဲ လာစုနေတော့တာပါ။အစိုးရတွေက ဗဟိုချုပ်ကိုင်မှု လျှော့ချသလိုပဲ မြို့ပြဗဟိုပြုမှုကိုလည်း စေတနာမှန်မှန်နဲ့ စနစ်တကျ   လျှော့ချဖို့လိုပါတယ်။အဲလိုမှ မဟုတ်ရင်တော့ တောင်ကမ်းပါးနဘေးက ကိုယ့်ရွာ လမ်းကို ကိုယ့်ဟာကိုယ် ဖောက်ခဲ့ရတဲ့ ကလုံးထာလိုရွာမျိုးမှာ ထားဝယ်စီမံကိန်း အတွက် ရေကာတာ လုပ်မယ့်ကိစ္စအတွက် လာပြောတဲ့ သူတွေက “ခင်ဗျားတို့ရွာ ဖွံ့ဖြိုးဖို့အတွက်”လို့ ပြောတော့ နာနာ ကျင်ကျင်တုန့်ပြန်ကြတာကို လွန်တယ်လို့ ပြောလို့မရပါဘူး။အဲဒီလို တုန့်ပြန်ချက်တွေက အစိုးရများရဲ့ စွမ်းဆောင်ရည်နဲ့ ချမှတ်ထားတဲ့မူဝါဒတွေရဲ့ အကျိုးက ကျေးလက်ကို ဘယ်နှကျပ်သားရောက် အောင်လုပ်နိုင်သလဲဆိုတဲ့ အပေါ်ဆန်းစစ်ဖို့ ဖြစ်လာစေတာပါပဲ။

အစိုးရတစ်ရပ်ရဲ့ စွမ်းဆောင်ရည် အစစ်အမှန်က ကျေးလက်ကို ဘယ်လောက်အထိ ဖြန့်ကျက်နိုင်သလဲ ဆိုတာပါပဲ။ကျေးလက်ကို များများ ဖြန့်ကျက်နိုင်လေ စွမ်းဆောင်ရည် ပိုရှိလေလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ဒါကြောင့် ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲမှုအတွက် စဉ်းစားတဲ့အခါမှာ ကိုယ်ရုံးစိုက်ရာနဲ့ နီးစပ်တဲ့ နေရာ တွေမှာပဲ ပုံအောသုံးတာမျိုးထက် ခေါင်း နည်းနည်းအခြောက်ခံပြီး သတင်း အချက်အလက်ကို နည်းနည်း အပင်ပန်း ခံ စုဆောင်းပြီး ခွဲဝေသုံးစွဲဖို့အတွက် စဉ်းစားသင့်ပါတယ်။

အဲလိုလုပ်မယ်ဆိုရင် ထင်သာမြင်သာတဲ့ အကျိုးနှစ်ခု ရှိပါတယ်။ တစ်ခုက ဒေသတွင်း စည်းလုံးမှု၊ တည်ငြိမ်မှုအတွက် အကျိုး အင်မတန် ရှိခြင်းပါ။ အပေါ်ကမြိတ်သား လူငယ်တွေးသလိုမျိုး မြိတ်ဒေသ တစ်ခုလုံးက တွေးနေ၊ တခြားမြို့နယ် တွေကလည်း တွေးနေမယ် ဆိုရင်လို့ တွေးကြည့်လိုက်ရင်တောင် ကြက်သီးထစရာပါ။ စည်းလုံးမှုက ပြိုပျက်လို့၊တစ်ယောက်ကို တစ်ယောက် ယုံကြည်လေးစားမှု ပျက်ပြားလို့ နေပါတယ်။တကယ်လို့သာ အစိုးရများကကျေးလက်ကို အလေးထားတဲ့ မူဝါဒကို ခေါင်းထဲထည့်ပြီး အလုပ်လုပ်မယ်ဆိုရင်မြို့ပြက ပေးတဲ့ ဝန်ကလည်း အလိုလိုလျော့လာမှာ ဖြစ်ပါတယ်။

“ အလုပ်မရှိလို့ မြို့တက်တယ် ” ဆိုတာ ရွာနားနီးတစ်ဝိုက်မှာ လုပ်စရာအလုပ်ရုံ မရှိလို့ပါ။ အခြား ပညာရေး၊ကျန်းမာရေး၊ လူမှုရေး၊ အခြေခံ အဆောက်အအုံကိစ္စ အားလုံးဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဘ၀ တိုးတက်ရာတိုးတက်ကြောင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ရုန်းကန်တော့မယ်ဆိုရင် ရန်ကုန်မြို့ကြီးကိုပဲ ပြေးပြေး မြင်နေသလိုမျိုးပေါ့။အဲဒါဟာ ကျေးလက်ကို ပစ်ပယ်ထားတဲ့အတွက်ကြောင့် ဖြစ်လာတဲ့က အကျိုးဆက်ပါ။ နောက်လာမယ့် အစိုးရတွေအနေနဲ့ အဲဒါတွေကို လျှော့ချဖို့ ကြိုးစား သင့်ပါတယ်။

ဘ၀တိုးတက်ရာ တိုးတက်ကြောင်းလို့ မျက်စိမှိတ် စဉ်းစားလိုက်တာနဲ့မော်လမြိုင်ကို မြင်လာအောင်၊ မန္တလေးမြို့ကို မြင်လာအောင်၊   မြစ်ကြီးနားကိုမြင်လာအောင်၊ တောင်ကြီးကို မြင်လာအောင် လုပ်သင့်နေပါပြီ။တိုင်းအနေနဲ့ စဉ်းစားရင်လည်း ဘ၀တိုးတက်ရာ တိုးတက်ကြောင်းအတွက် စဉ်းစားရင် ကော့သောင်းကို မြင်အောင်၊ မြိတ်ကို မြင်အောင်လုပ်သင့်တယ်။ ဖွံ့ဖြိုးမှုကို ပြန့်ထွက်လာအောင် လုပ်တဲ့ကိစ္စဟာ အခုလိုတိုင်းနဲ့ ပြည်နယ် အစိုးရတွေ ရှိတဲ့ စနစ်မှာဒေသတစ်ခုချင်းကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ရတဲ့အတွက် ပိုလို့တောင်လုပ်သင့်ပါတယ်။

ကျေးလက်ကို ဖွံ့ဖြိုးမှုတွေ ပြန့်သွားအောင် လုပ်ရတာဟာ မြို့ပြမှာ လုပ်ရတာထက်တော့ နည်းနည်း ပိုလက်ဝင်ပါတယ်။ ဒါပေမယ့် ဒါဟာ အစိုးရများရဲ့ စွမ်းဆောင်ရည်နဲ့ စေတနာကိုအကဲဖြတ်ပေးတဲ့  အချက်လည်း ဖြစ်ပါတယ်။  ခပ်ပြတ်ပြတ်   ပြောရမယ်ဆိုရင်   ကျေးလက်ဟာ     ရွေးကောက်ပွဲကာလမှာ  ပုံပြောရမယ့် ပုံပြောစင်မြင့်မဟုတ်။ မြို့ပြနည်းတူ နိုင်ငံသားတွေနေထိုင်တဲ့ အရပ်ဖြစ်ပါတယ်။ဒါကြောင့် ငဲ့ကြည့်ဖို့ လိုပါတယ်။