မြိတ်မြို့ ကန်ဖျားနယ်မြေ ကန်ဖျားမြေနီလမ်းဆုံရှိ အဆောက်အဦးတစ်လုံး အန္တရာယ်ရှိ အဆင့်ဖြစ်နေ၍ သက်ဆိုင်ရာ မြို့နယ်သမဝါယမဦးစီးဌာနသို့ စာဖြင့် နှစ်ကြိမ်တိုင်တိုင် အကြောင်းကြားထားသော်လည်း ပြန်လည် အကြောင်းပြန်ခြင်း မရှိသေးကြောင်း မြို့နယ်စည်ပင်သာယာရေးရုံးရို တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ပျက်စီးယိုင်နဲ့နေသည့် နေအိမ်ကို တွေ့ရစဉ်
အဆောက်အဦးဖြိုချရန် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် မတ်လ ၂၀ ရက်နေ့အထိ အကြောင်းမပြန်ပါက ခရိုင်အုပ်ချုပ်ရေးမှူး၏ သဘောထားတောင်းခံပြီး ဖြိုချသွားမည် အထက်ပါတာဝန်ရှိသူက ပြောသည်။အဆိုပါ အဆောက်အဦးသည် လူသွားပလက်ဖောင်းနှင့် နီးကပ်စွာ တည်ရှိနေပြီး တိုင်ခြေများဆွေးမြေ့ကာ လမ်းမကြီး ဘက်သို့ ယိမ်းယိုင်နေသဖြင့် အချိန်မရွေး ပြိုချလာမည်ကို စိုးရိမ်ပူပင်နေရသည်ဟု ယင်းအဆောက်အဦးနံဘေး နေထိုင်သူ တစ်ချို့က ပြောသည်။
“ဘယ်နေ့ပြိုကျလာမလဲဆိုတာ မပြောနိုင်ဘူး၊ ပြိုကျလာရင် ဆိုင်ခန်းဘက်ကို ကျလာနိုင်တဲ့အတွက် အမြန်ဆုံး ဖြိုပေးချင်ပါတယ်”ဟု ယင်းအဆောက်အဦးနံဘေးရှိ မော်တော်ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်နေသူက ဖွင့်ဟသည်။ပျဉ်ခင်းပျဉ်ကာ နှစ်ထပ်အဆောက်အဦးကို ဦးကြီးရွှေဆိုသူက ပိုင်ဆိုင်ပြီး အောက်ထပ်ရှိ အခန်းသုံးခန်းကို မြို့နယ် သမဝါယမ ဦးစီးဌာနကပိုင်ကြောင်း မြို့နယ်စည်ပင်သာယာရေးရုံးမှ သိရသည်။
အိမ်ပိုင်ရှင်ရှိပြီး အောက်ထပ်က အခန်းများကိုလည်း သမဝါယမက ပိုင်နေသည့်အတွက် ယခင်က မည်သည့် နားလည်မှုဖြင့် လုပ်ခဲ့သည်ဟု အတိအကျမသိနိုင်ကြောင်း၊ ပိုင်ရှင်က ဖြိုချချင်သော်လည်း သမဝါယမပိုင်အခန်းများပါနေ၍ ဖြိုချလျှင် ဥပဒေနှင့် ညှိစွန်းနိုင်သည့်အတွက် မဖြိုရဲဘဲဖြစ်နေကြောင်း အထက်ပါ စည်ပင်ရုံးမှ တာဝန်ရှိသူက ပြောသည်။“ဒီကြားထဲ ပြိုကျလာမည်ဆိုရင် သမဝါယဦးစီးဌာနမှာ တာဝန်ရှိပါတယ်”ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့ အန္တာရယ်ရှိ အဆောက်အဦးကို ဖြိုချသွားရန်ကိစ္စကို တာဝန်ရှိသည့် မြို့နယ်သမဝါယမဦးစီးဌာနနှင့် ပိုင်ဆိုင်ဆိုသူ ဦးကြီးရွှေထံသို့ ဖေဖော်ဝါရီလ ၂၀ ကတစ်ကြိမ်၊ မတ်လ ၉ ရက်နေ့ကတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်တိုင်တိုင် အကြောင်းကြား စာ ပေးပို့ထားပြီးဖြစ်သည်ဟု မြို့နယ်စည်ပင်သာယာရေးရုံးမှ သိရသည်။