ဝယ်လင်တန် ကျောင်းသား

0
629

အပိုင်း (၁)

ငါးပိ၊ ငါးခြောက် အသည်

ပုပုသေးသေးခွေးလေးတွေ လက်ကနေ လွတ်လာပြီးတော့ နောက်တစ်ဂိတ်က အသင့်ကြိုနေသည်။ ရင်ကတော့ ခပ်တုန်တုန်။

မသယ်ရသော ပစ္စည်းများကို နေရာအနှံ့ကြေညာနေသည်။ လေဆိပ်အတွင်းတွင် အသံ ဖြင့်လည်းကောင်း၊ များစွာသော သတိပေးစာတမ်းများဖြင့် လည်းကောင်း အင်္ဂလိပ်ရော၊ တရုတ်လိုရော ဖြင့် အထပ်ထပ်ကြေညာနေသည်။ ရင်ကတော့ ခပ်တုန်တုန်။

newswire.co.nz
Photo- newswire.co.nz

(က)

တော်တော်များများက မှာတမ်းချွေကြသည်။ နယူးဇီလန်သို့ မြန်မာအစားအစာတွေ ယူမသွားဖို့ပင်။ ကျောင်းသွားတက်ဖူးသူ တွေကော၊ အလုပ်ကိစ္စသွားဖူးသူတွေကော။

တောင်ပစိဖိတ်က တစ်ကိုယ်တည်း ကျွန်းနိုင်ငံ နယူးဇီလန်၏ ဇီဝလုံခြုံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း တော်တော် တင်းကျပ်ပြီး တစ်ခုခု အမှားအယွင်း ဖြစ်ပါက ဒဏ်ကြေးကလည်း မနည်းဟု ဆိုသည်ကိုး။ သတိပေးသည့် အထဲတွင် ရန်ကုန်မှာ အခြေစိုက် နေပြီဖြစ်သည့် အသစ်စက်စက် နယူးဇီလန် သံရုံးက သံအမတ် ကိုယ်တိုင်ပါသည်။

“မြန်မာ အစားအစာတွေ ယူမသွားနဲ့။ ဒဏ်ကြေး ဒေါ်လာ ၄၀၀ ထိလိမ့်မယ်”ဟု သူက ဆိုသည်။

နယူးဇီလန်နိုင်ငံ မြို့တော် ၀ယ်လင်တန်မှာ မြန်မာ ကျောင်းသားတွေ ပညာသင်ခွင့်ဖို့ စီစဉ်ပေးနေတဲ့ ရန်ကုန်က ညှိနှိုင်းရေးမှူးက လည်း ဘာမှ ယူမသွားရန် တိတိကျကျ ပြောလေသည်။ ခွေး၊ လူ၊ စက် နည်းအမျိုးမျိုး ဖြင့် စစ်သည်။ တွေ့ပါက မျက်စိရှေ့ တွင်ပင် အမှိုက်ပုံးထဲ သွန်ပစ်လိုက်သည် ဟူ၏။ ခက်ချေပြီ။

ငါးပိထောင်းတွေ၊ ငါးခြောက်ကြော်တွေ၊ ဗာလချောင်ကြော်တွေ တစ်ခုတ်တရ တပင်တပန်းပို့ပေး လုပ်ပေးထားသော အမေနှင့် ညီမလေး မျက်နှာ ပြေးမြင်လာသည်။ ဒီအတိုင်းဆို အားလုံး ရေစုန်မျှောပြီပေါ့။

သူ့တုန်းက ငါးပိဘူးကို အ၀တ်တွေထဲ လိပ်ထည့် ၀ှက်သယ်သွားသည်ဟု ပြီးခဲ့သည့် သုံးလေးနှစ်ကျော်က သွားဖူးသော ထားဝယ် အမျိုးသမီးတစ်ဦးကတော့ သယ်သွားဖို့ အားပေးစကားလိုလို ပြောသည်။ နောက်ဆုံးတော့ အရဲစွန့်လိုက်သည်။ အားလုံးကို သယ်သွားမည်။ ဘန်ကောက်မှာ တစ်ညနေရဦးမှာမို့ အခြေအနေ ကြည့် လှုပ်ရှားမည်။

အစားအသောက်ဘူးက စုစုပေါင်း လေးဘူး။ လေဆိပ်အ၀င် ကြပ်မည့် သတင်းကြောင့် အစားအသောက်ဘူးများကိုမူ အထူးစပယ်ရှယ် လုံနေအောင် ထုပ်ပိုးပြင်ထားသည်။ ရန်ကုန်လေဆိပ်က ထွက်ကတည်းက အထူးခေါင်းစား ရင်ခုန်နေရသည်မှာ ထို ငါးပိ၊ ငါးခြောက်ဘူးများပင်။

ပထမ အစီအစဉ်အရ ဘန်ကောက်ကို အကုန်သယ်သွားလိုက်သည်။ နည်းနည်းအနံ့ပြင်း နိုင်တာတွေကို ဘန်ကောက်ရောက်ရင် ရွာက သူငယ်ချင်းကို ဖုန်းဆက် ခေါ်ကာ ပေးခဲ့မည်။ ကျန်တာကိုတော့ သယ်သွား လိုက်မည်ဟု စီစဉ်ထားလိုက်သည်။ ညနေပိုင်း ဘန်ကောက်ရောက်တော့ ကိုယ့်ဆရာကို တစ်ညနေလုံးကော၊ ညဦးပိုင်းရော ဖုန်းခေါ်မရ။ ယိုးဒယား အသံဖြင့် ဘာတွေ ဖြေနေမှန်းမသိ။ ဖုန်းမ၀င်ဘဲ ဘာတွေ ဖြစ်နေလဲ နားမလည်တော့။ မနက်တော့ ထပ်ခေါ်ပြန်သည်။ မရ။

ကဲ ခေါင်းစားရပြီ။ အထုပ်အပိုးက မများသော်လည်း၊ ဗီဇာအပါအ၀င် အားလုံး အသင့်ဖြစ်နေပြီဖြစ်သော်လည်း ဗြဟ္မာဦးခေါင်း လေးလုံးက တော်တော် စားနေသည်။ ပစ်ရမှာလည်း တော်တော် နှမြော။ သယ်သွားရမှာကလည်း ခပ်လန့်လန့်။

ဟုတ်သည်။ ဒဏ်ကြေးကလည်း တော်တော်များသည်။ အခန့်မသင့်လျှင် ဘာဖြစ်နိုင်မှန်းမသိ။ နောက်ဆုံးတော့ နယူးဇီလန် ကနေ ကိုယ်တိုင်ကိုယ်ကျ လာခေါ်သော ဟယ်လင်ကို တောက်ကြည့်လိုက်သည်။ သယ်ဖို့ ဖြစ်နိုင်၊ မဖြစ်နိုင်။

“သယ်သွားကြည့်လိုက်လေ။ ဟိုရောက်ရင် (ဘာပါလဲဆိုတာ) ထုတ်ကြေညာလိုက်ပေါ့” တဲ့။ အိုကေပြီ။ လာထား စမ်းကြည့်ရသေးတာပေါ့။

တကယ်တော့ အဲသည် အချိန်က သယ်သွားလျင် ဒေါ်လာ လေးရာ ဒဏ်ကြေးဟုသာ သိထားသည်။ အခြား တိတိပပ မသိ။ ထုတ်ဖော်ကြေညာခြင်းမပြုဘဲ သယ်ယူခွင့်မရှိသော ပစ္စည်းစာရင်း ရောက်တော့မှာ ရှာကြည့်လိုက်တော့ တော်တော်များသည်။ အကြမ်းပြင်းပြောရမည်ဆိုပါက အစားအသောက်၊ အပင်၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်း၊ ဆားနှင့် ရေချိုထွက်ပစ္စည်းများ အားလုံးပါသည်။ တောတောင်ထဲ တဲထိုးနေထိုင်ဖို့ ပစ္စည်းများ၊ ဥယျာဉ်စိုက်ပျိုး လုပ်ကိုင်ဖို့ ပစ္စည်းများ၊ အမဲလိုက်ဖို့၊ အားကစား လုပ်ဖို့နှင့် အခြား အပန်းဖြေပစ္စည်းများ အားလုံးပါသည်။ အန္တရာယ်ရှိ မျိုးကွဲများလည်း အားလုံး ကြေညာရမည်။

အစားအသောက်တွေ ချက်ပြုတ်စားသောက်ဖို့ (မာဆလာ လိုမျိုး) သေးသေးကွေးကွေး လေးတွေက အစ ကြေညာရမည်ဖြစ် ကြောင်း နယူးဇီလန် အစိုးရက ထုတ်ပြန်ထားသည်။

ဘာဖြစ်လို့ အဲလောက်ထိ ကဲကဲ သည်းသည်း နိုင်ငံဖြစ်နေရသနည်း။ ရှာဖွေ မွှေနှောက်ကြည့်တော့ ထွက်လာသည့် အချက်အလက် အချို့ ဝေမျှပါမည်။ အဓိကက ကူးစက်တတ်သည့် ရောဂါများကို ကာကွယ်ရန် ဆိုပြီး အတိုချုပ်ဆိုနိုင်သည်။ နယူးဇီလန်၏ အဓိက စီးပွားရေး လုပ်ငန်းက စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖြစ်ရာ ယင်းသို့သော ပိုးမွှားများ ပျံ့နှံ့ ရောဂါဖြစ်ပါက ကျွန်းသေးသေးလေး နယူးဇီလန်၏ စီးပွားရေး ပျက်ကရော။

အဲသည် အချက်ကပင်လျှင် ထိုမျှ ကြီးကျယ်သော စည်းမျဉ်းများ ချထားဖို့ လုံလောက်သည့် အကြောင်း အချက် ဖြစ်လာခြင်း ဖြစ်သည်။ အခုတလော မတ်လဆန်းတွင် ဖော်ပြနေသော သတင်းများအရ သစ်သီးစား ပိုးကောင် ၁၁ ကောင်တွေ့သဖြင့် (အချို့သတင်းတွေမှာ ပိုနည်းသည်။ အထီးဘယ်နှစ်ကောင်၊ အမဘယ်နှစ်ကောင်ဆိုတာကအစ တိတိကျကျရေးကြသည်) အစိုးရ၏ အဆင့်မြင့်လှသည်ဆိုသော ဇီဝလုံခြုံမှု စနစ်ကို အတိုက်အခံများက တိုက်ခိုက် မေးခွန်းထုတ်နေကြသည်ကို တွေ့ရသည်။

ထိုင်းနယ်စပ်ကနေ ထားဝယ်၊ ကော့သောင်း (မြန်မာပြည်) စတဲ့ နေရာတွေကို အသီးအနှံ၊ အသားငါး ၀င်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက် လုပ်ခွင့်ပြုထားသော သတင်းများ ခေါင်းထဲ ရောက်လာရင်း ဘာရယ် ညာရယ်မဟုတ် ပြုံးရမလား၊ မဲ့ရမလား ဖြစ်သွားသည်။

(ခ)

ပါလာပစ္စည်း မကြေညာလျှင် တကယ်တော့ ဒေါ်လာ လေးရာ ဒဏ်ကြေးဆိုသည်မှာ အနည်းဆုံး ပမာဏ။ အများဆုံး ထောင်ဒဏ် အထိဖြစ်နိုင်ကြောင်း နောက်မှ လိုက်ဖတ်ကြည့်တော့ သိရသည်။

မွေးကတည်းကပါလာသော ရုပ်အခံနှင့် နေပုံထိုင်ပုံ တောကျ စုတ်ပြတ်မှုကြောင့် ဥရောပသွားတုန်းက နယ်သာလန်က အယ်စတာဒန် လေဆိပ်မှာ တော်တော်ကြာကြာ အစစ်ဆေးခံလိုက်ရသေးသည်မှာ (ပြီးခဲ့သည့် နှစ်လခန့်က) လတ်လတ် ဆတ်ဆတ်ပင်ရှိသေးသော်လည်း အောက်ကလန်လေဆိပ်က နယူးဇီလန် လူဝင်မှု ကြီးကြပ်ရေးကတော့ အေးဆေးပင်။ တစ်ခွန်းမျှပင် မမေး။

ကျောင်းသား ဗီဇာကား တန်ခိုးကြီးလေစွ တကား။

တော်တော် ကြီးကြီးကျယ်ကျယ် အစစ်အဆေး အမေးအမြန်း ထူလေ့ရှိသော နိုင်ငံများစာရင်းဝင် နယူးဇီလန် ပြည်ဝင်ခွင့် ရပြီဆိုသော်လည်း ဟင်း မချနိုင်သေး။ ခေါင်းထဲမှာ ငါးပိ ငါးခြောက်ဗူးတွေသာ ရောက်နေသည်။ အိတ်ရွေးရန် နေရာကို လိုက်ရှာပြီး အိတ်ကို စောင့်နေလိုက်သည်။

ရွေ့လျားစက်ပေါ် ပေါ်ပေါ်လာသည့် အိတ်တွေရွေးသူက ရွေး၊ စောင့်သူက စောင့်။ ထိုအချိန်တွင် ဇာတ်လမ်း အရှိန်က စမြင့်လာတော့သည်။ ခပ်ထွားထွားရဲမေတစ်ဦး ခွေး ပုပုသေးသေးကို ဆွဲပြီး အိတ်တိုင်းကို အနံလိုက်ခံတော့သည်။

“အိုးစားတော့ ကွဲပြီ ထင်ပါရဲ့။ ငါ့အိတ်ထဲက အစားအသောက်တွေ အတင်အချမှာ မကွဲမရှဘဲ အနံ့လုံနေပါစေ”။ တချိန်တည်းမှာပဲ ခွေးပုပုသေးသေးနှင့် ရဲမေမမ ခပ်ဝေးဝေး သွားနေပါစေလို့ သာ ဆုတောင်းနေမိသည်။

သို့သော် ဆုတောင်းမပြည့်၊ လူအများကြားထဲ အိတ်ရွေးပြီး သိပ်မကြာ ခွေးနှင့် ရဲမေမမ ရောက်လာပြီး ခွေးက တစ်ရှုပ်ရှုပ် လုပ်တော့သည်။

“ဘုရား ဘုရား မဟောင်ပါစေနဲ့”

စက္ကန့်ပိုင်းသာ ကြာသည်။ ခွေးဖြင့် အစစ်ဆေးခံရခြင်း အမှုပြီးသွားပြီ။ အခြား ခရီးသွား လူရွယ် တစ်ဦးကိုတော့ ခုန်ဆွခုန်ဆွ လုပ်ရင်း အကြီးအကျယ် ဟောင်တော့သည်။

ရဲမေကလည်း သေချာသည်။ ကျောပိုးအိတ်ဖွင့်ခိုင်းတော့ ပန်းသီးတစ်လုံးထွက်လာသည်။ ‘တစ်လုံးပဲပါတာလား’ဟု ရဲမေက မေးနေသည်။ လူရွယ်ကလည်း မပါတော့ကြောင်းပြောသည်။ ရဲမေက ပန်းသီးကို ကောင်တာတစ်ခုကို ယူသွားလိုက်သည်။ လူရွယ်ကိုတော့ ဘာမှ ထပ်မပြောတော့။ မလွယ်ကြော။ မြန်မြန် လစ်မှ။

လေဆိပ်အတွင်းတွင်တော့ ကြေညာရမည့် ပစ္စည်းများ စာရင်း၊ အခြေခံ ဒဏ်ကြေးများ အကြောင်းတို့ကို ဆက်တိုက် ကြေညာနေသည်။ Declare or Dispose (ကြေညာပါ၊ ဒါမှ မဟုတ် လွှင့်ပစ်လိုက်ပါ) ဟု ခပ်ကြီးကြီး သတိပေးထားချက်များ လည်း မနည်းမနော။

လက်ထဲမှာတော့ နိုင်ငံကူးလက်မှတ်ရယ်၊ အကောက်အခွန်ကို ကြေညာရမည့် ပစ္စည်းများ စာရင်းရယ်၊ ဆိုက်ရောက်ကတ်ရယ်။ အကောက်ခွန် ကြေညာစာရွက်မှာတော့ အစားအသောက် နေရာတွင် သေချာအောင် အမှတ်ခြစ်ထားလိုက်သည်။ အစားအသောက် ပါလာသည်ဆိုသည့် သဘော။ အခြား အသီးအနှံ၊ အသီးအရွက်၊ အားကစားလုပ်မည့် ဖိနပ် စသည့် ပစ္စည်း ကိရိယာများစာရင်း၊ ငွေသားပါလာသည့် ပမာဏ (အတိအကျဖြင့် မေးထားသည်၊ မမှတ်မိတော့) စသည့် ထွေလီကာလီများ ကိုတော့ အမှတ်ခြစ်စရာမလို။

ထားဝယ်တို့ အဖို့ ရွှေထောပတ်ဖြစ်သော ငါးပိ၊ ငါးခြောက်သည်သာ အသက်။

တစ်နေရာမှာတော့ ယူကြုံးမရ ဖြစ်မိသည့် တစ်ခုတော့ ရှိသည်။ အကောက်ခွန် ကြေညာလွှာ (Custom declaration Form) တွင် စီးကရက် အလိပ်ငါးဆယ်နှင့် အထက် ဆိုပါက ကြေညာရ မည်ဟု ဖော်ပြထားသည်။ ကံဆိုးလေစွ။ စည်းမျဉ်းများ ကြိုတင် မလေ့လာမိသော ကိုယ့်ကိုယ်ကိုပင် အပြစ်တင်မိသည်။

“ဒီလိုမှန်းသိရင် မြန်မာပြည်က ဆေးလိပ် နှစ်ဘူးဝက် သယ်လာတာပေါ့။ အခုတော့ သောက်လက်စ တစ်ဘူးသာသာလေးပဲ ပါလာတယ်”

ဘယ်တတ်နိုင်မလဲလေ။ ငတ်ကြီးကျလွန်းရင်လည်း တစ်ဘူး ဒေါ်လာ နှစ်ဆယ်ကျော်တန် (တစ်လိပ် ကျပ်တစ်ထောင်ကျော်) ၀ယ်သောက်ပေါ့။

ဆက်သွားလိုက်တော့ လူတန်းရှည်ကြီးတွေ့သည်။ Last Chance (နောက်ဆုံး အခွင့်အရေး) တဲ့။ Declare or Dispose (ကြေညာပါ၊ ဒါမှ မဟုတ် လွှင့်ပစ်လိုက်ပါ) ဟု စာလုံးကြီးများဖြင့် ရေးထားပြန်သည်။ တန်းမစီမီ ဟယ်လင်ကို တစ်ချက် သေချာအောင် မေးလိုက်သည်။ အစားအသောက်ပါကြောင်း ကြေညာထားပြီး ဖြစ်သော်လည်း လူက ဇဝေဇ၀ါဖြစ်ဆဲ။ လွှင့်ပစ်လိုက်ရင် ကောင်းမလား။

“သိပ်အထိန့်တလန့် မဖြစ်ပါနဲ့။ ကြေညာထားရင် အိုကေပါတယ်”ဟု ခါးကို ခပ်ကိုင်းကိုင်းလေးထားရင်း သူက ပြန်ပြောသည်။

အိုကေ စိတ်ဒုန်းဒုန်းချလိုက်သည်။ ဘာဖြစ်ဖြစ် သယ်တော့မည်။ ရင်ကတော့ ခပ်တုန်တုန်။ ကောင်တာရောက်တော့ ယူနီဖောင်းနှင့် အမျိုးသမီးကမေးသည်။

“အစားအသောက်ပါတယ်ဆိုတော့ ဘာပါလဲ”

“ငါးပိ”

“ဒါပဲလား”

“အင်း. . . ။ ဒါပဲ”

တကယ်တော့ ငါးခြောက်ပါကြောင်း ဖုံးကွယ်ချင်လို့ မဟုတ် ရင်ကလည်း ခပ်တုန်တုန်မို့ ဒါပဲ ဟု လွှတ်ခနဲ ထွက်သွားခြင်းသာ ဖြစ်သည်။ မတတ်နိုင်။ အိုကေ ဟုဆိုကာ စကင်စက်များဖက်သို့ သွားရန် လက်ညှိးညွန်လိုက်သည်။ ရှမ်းပဲပုပ်၊ လက်ဖက်တို့ သယ်လာသော ရှေ့က တစ်ယောက်ကတော့ လူဖြင့်တစ်ခုချင်း ဖွင့်ရှာသော အခန်းသို့ ရောက်သွားသည်။ ရင်ကတော့ ခုန်ဆဲ။

စကင်ဖတ်စက်ဆီ ဆက်သွားလိုက်ချိန်တွင် ရဲတစ်ဦးက ထပ်တားပြန်သည်။

“စီးကရက်ပါလား”

“ပါတယ်”

“ဘယ်နှလိပ်ပါလဲ”

အရေးထဲ တစ်ဘူးကို အင်္ဂလိပ်လို မေ့နေရသေးသည်။

“ကျွန်တော် ပြမယ်” ဆိုပြီး အထုပ်ကို ဖွင့်မယ် လုပ်တော့ “မပြနဲ့။ ပြောပဲ ပြော”တဲ့လေ။

နောက်ဆုံး တော့ “တစ်ဘူးနီးနီးပါတယ်”ဆိုတော့ “ဒါပဲလား”တဲ့ ။ ဟုတ်ကဲ့ ပြောရင်း ခေါင်းညိတ်ပြလိုက်သည်။ ဆက်သွားခွင့်ရတော့ အိတ်တွေကို စကင်ဖတ်ရသည်။ စကင်ဖတ်စက်က လည်း ဘာမှ မပြော။ ကဲ ရှင်းပြီ။ သက်ပြင်း အလီလီချရင်း ရှေ့ခပ်လှမ်းလှမ်းတွင် တွေ့သော ဆိုင်မှ တန်ဖိုးကြီးလှစွာသော ရေတစ်ဘူးဝယ် သောက် သက်ပြင်းများ မျှောချလိုက်ရသည်။

ထားဝယ်ပင်လယ်ကမ်းက ငါးပိငါးခြောက်ဘူးများကတော့ မိုင်ထောင်ပေါင်များစွာ ခရီးနှင်ပြီးနောက် တောင်ဖျားက ကီဝီတို့ ဌာနေသို့ ခြေချခွင့်ရပြီ။ ဒါသည်ပင် ခြောက်လစာ အသက်မဟုတ်လား။

(ဂ)

IMG_1241
ဝယ်လင်တန်မြို့၊ ဓာတ်ပုံ – ဖစု

အောက်လလန် လေဆိပ်ရောက်တော့ ပြည်တွင်း ထွက်ခွာဘက်ကို ပြောင်း၊ မြို့တော် ၀ယ်လင်တန်သို့ နောက်ထပ် တစ်နာရီ နီးပါး လေယာဉ်စီးလိုက်သည်။

ကျောင်းတက်နေစဉ်အတွင်း လက်ခံထားမည့် ၀ယ်လင်တန်က အဘိုးအိုက လာကြိုနေသည်။ အတူလာသူ အားလုံးကို နှုတ်ဆက် ကျေးဇူးတင်စကားပြောပြီးနောက် သူ့ကားဖြင့် ပင်လယ်ကမ်းခြေလမ်းအတိုင်း ၁၅ မိနစ်ခန့် မောင်းလာလိုက်ရာ တောင်ခြေရင်း၊ ထင်းရူးပင်ကြားက တစ်ထပ်အိမ်လေးသို့ ဆိုက်ရောက်သွားသည်။

ကားရပ်ပြီး သိပ်မကြာ တစ်ကိုယ်လုံး မဲတူးနေသော ခွေးတစ်ကောင် အမြီးကို သည်းသည်းလှုပ်ခါရမ်းရင်း ပြေးထွက်လာသည်။ အိမ်တွင် ခြောက်လ အတူတူ နေရမည့် နောက်ထပ် အိမ်သားတစ်ဦး။

 

ဆက်လက်ဖော်ပြပါမည်။