မဲမော့ ကျောက်မီးသွေး ကျိန်စာနှင့် မြန်မာ့ ကျောက်မီးသွေး အနာဂတ်

0
848
တရားရုံး၏ ကြားနာမှုကို ဒေသခံများ နားထောင်နေစဉ်။ ဓာတ်ပုံ-ဘန်ကောက်ပို့စ်

၁၂ နှစ်ကြာ တိုက်ပွဲကတော့ ဒေသခံတို့ အတွက် အောင်ပွဲဖြင့် အဆုံးသတ် လိုက်သည်။

ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံးမှ ထိုင်းနိုင်ငံလျှပ်စစ်ထုတ်လုပ်ရေးအဖွဲ့ (EGNT) ကို မဲမော့ဒေသခံ ၁၃၁ ဦးအား လျော်ကြေး ဘတ် ၂၅ သန်းပေးရန် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အမိန့်ချလိုက်သည်။ ထိုင်းနိုင်ငံ လမ်းပန်ခရို မဲမော့ဒေသရှိ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားပေးကြောင့် ဖြစ်ပေါ်ခဲ့သော ထိခိုက်နစ်နာမှုအတွက် ပေးသော လျော်ကြေး။

တရားရုံး၏ ကြားနာမှုကို ဒေသခံများ နားထောင်နေစဉ်။ ဓာတ်ပုံ-ဘန်ကောက်ပို့စ်
တရားရုံး၏ ကြားနာမှုကို ဒေသခံများ နားထောင်နေစဉ်။
ဓာတ်ပုံ-ဘန်ကောက်ပို့စ်

၂၀၀၃ ခုနှစ်တွင် ဒေသခံ ၅၀၀ ကျော်မှ ကျောက်မီးသွေးစက်ရုံမှ ထွက်ပေါ်လာသော ညစ်ညမ်းမှုများကြောင့် ထိခိုက်နစ်နာမှုအတွက် စတင် တရားစွဲဆိုခဲ့သည်။ ထိုအထဲမှ ၁၃၁ ဦးအား လျော်ကြေးပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ထိုအထဲမှ ၁၅ ဦးသည် ကျောက်မီးသွေးစက်ရုံမှပေးသော ဒုက္ခကို ခံစားခဲ့ရပြီး လျော်ကြေးရယူရန် သက်ရှိထင်ရှားပင် မရှိရှာကြတော့။

ဓာတ်အားပေး စက်ရုံမှထွက်ပေါ်လာသော အဆိပ်အတောက်များကြောင့် လူအများအပြား ကင်ဆာရောဂါဖြင့် သေဆုံးခဲ့ရပြီး မသေဆုံး သော သူများမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

“အဖေက ဦးနှောက်ကင်ဆာနဲ့ ဆုံးသွားပြီ။ လျော်ကြေးက တကယ်တမ်းတော့ အဖေနေမကောင်းဖြစ်တုန်း ကုန်ခဲ့တဲ့ ကုသစရိတ်ကိုတောင် မကာမိပါဘူး”ဟု ပရန်နီးက ဆိုသည်။

အဖေဖြစ်သူ ကင်ဆာဖြင့် သေဆုံးခဲ့သလို သူမသည်လည်း စက်ရုံမှထွက်ပေါ်လာသော ညစ်ညမ်းမှုများက သဘာဝပတ်ဝန်းကျင်နှင့် သူတို့၏ ကျန်းမာရေးကို ခြိမ်းခြောက်လာသဖြင့် မွေးရပ်မြေကို စွန့်ခွာခဲ့ရသည်။ အခုတော့ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ပြဿနာများ ရင်ဆိုင်နေရသော သူမ၏ ကလေးများအတွက် ရတက်မအေး ဖြစ်နေရပြန်ပြီ။

ကျောက်မီးသွေးစက်ရုံမှ ထိခိုက်နစ်နာမှု အနည်းအများပေါ်မူတည်၍ ပေးအပ်ခြင်းဖြစ်ပြီး အများဆုံးရရှိသူသည် ဘတ်ငွေ ၂၄၀၀၀၀ (မြန်မာ ကျပ်ငွေ၇၆ သိန်းခန့်) ရရှိမည် ဖြစ်သည်။ ပမာဏအားဖြင့် မများလှသော်လည်း ထိုင်းနိုင်ငံတနံတလျားရှိ ပြဿနာ ပေါင်းသောင်းခြောက်ထောင်နှင့် ဒေသခံလူထု၏ ဆန့်ကျင်မှုကို ခံနေရသော ကျောက်မီးသွေးကျောက်မီးသွေး စက်ရုံများအတွက်တော့ အချက်ပေး ခေါင်းလောင်းသံပင် ဖြစ်သည်။

ဒေသခံလူထုအတွက်တော့ အကြီးအကျယ်အားတက်စရာ။ အခြားဒေသရှိ ကျောက်မီးသွေး စက်ရုံကြောင့် ထိခိုက်ခံစားနေရသော လူထုအတွက် သူတို့၏ အခွင့်အရေးကို ကာကွယ်ရန်နှင့် ထိခိုက်နစ်နာမှုတွေအတွက် ကုစားပေးရန် တောင်းဆိုဖို့ တိုက်တွန်းလိုက်သည့် အချက်ပေးသံဖြစ်သလို ထိုင်းနိုင်ငံ လျှပ်စစ်ထုတ်လုပ်ရေးအဖွဲ့ (EGNT) အတွက်တော့ သင်ခန်းစာယူစရာ။

သို့သော် မြန်မာနိုင်ငံရှိ လူထုအတွက်ကတော့ စိုးရိမ်စရာပင်။ ထိုင်းနိုင်ငံမှာ ဆောက်လို့မရတော့တဲ့ ကျောက်မီးသွေးစက်ရုံတွေ ဒီဘက်ရွှေ့လာမလား ။ အဆိုပြုထားသော ကျောက်မီးသွေးစက်ရုံစာရင်းကို ကြည့်လိုက်လျှင် ရင်ထိတ်စရာ။ မြန်မာနိုင်ငံအတွင်း ထိုင်းနိုင်ငံမှ ကုမ္ပဏီများ ရင်းနှီးမြှပ်နှံရန် အဆိုပြုထားသည့် ကျောက်မီးသွေးစက်ရုံ စီမံကိန်း စုစုပေါင်း (၇) ခု ရှိသည်။ ယင်းအနက် စီမံကိန်း (၄) ခုမှာ တနင်္သာရီတိုင်းအတွင်း တည်ရှိသည်။

ထိုင်းနိုင်ငံမှာတော့ သဘာဝပတ်ဝန်းကျင်ထိခိုက်လျှင်ဖြစ်စေ ရေထုမြေထုညစ်ညမ်းလျှင်ဖြစ်စေ တရားစွဲဆိုနိုင်သည့် ဥပဒေများ ရှိသည်။ ညစ်ညမ်းမှုကို ထိန်းချုပ်သည့် ဥပဒေများ ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း သဘာဝပတ်ဝန်းကျင်ကို အကာအကွယ် ပေးထားသည်။ မြန်မာနိုင်ငံတွင် လေထုနှင့် ရေထုညစ်ညမ်းမှုများအတွက် သတ်မှတ်စံနှုန်းမရှိသေးသလို ထိုကဲ့သို့သော ညစ်ညမ်းမှုများကို အထူးသီးခြား အရေးယူနိုင်သည့် ဥပဒေများလည်း မရှိသေးကြောင်း တွေ့ရှိရသည်။ ခြွင်းချက်တော့ ရှိသည်။

ဥပမာ – သတ္တုတွင်းဥပဒေတွင်တော့ သတ္တုတွင်းလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်လျှင် ဝန်ကြီးဌာနမှ ကုမ္ပဏီအား တရားစွဲဆိုခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။ ဝန်ကြီးဌာနမှာ သတ္တုတွင်းကြောင့် အကျိုးအမြတ်ရနေတော့ သူ့အကျိုးစီးပွားကို ထိခိုက်မည့် အလုပ်မျိုး မလုပ်။ အရေးယူ ဆောင်ရွက်တာမရှိ။ ဒီတော့ ဒေသခံတို့မှာ နစ်ပြီးရင်းနစ်ရတော့သည်။ ထိုင်းနိုင်ငံလို ဥပဒေများဖြင့် ထိန်းချုပ်ထားသည့် အခြေအနေမှာပင် စီမံကိန်းများကြောင့် လူထုမှာ အလူးအလိမ့်။ မက်တဖွတ်စက်မှုဇုန် ၊ မဲမော့ ကျောက်မီးသွေးစက်ရုံ၊ နောက် ရေကာတာ စီမံကိန်းများ။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဆောက်လုပ်ဖို့ကြိုးစားနေသော ဘိုနော့နှင့် ဘန်ခရော့ ကျောက်မီးသွေး စက်ရုံများကိုတော့ ဒေသခံများက လုံးဝလက်မခံသဖြင့် မဆောက်လုပ်နိုင်သေး။ ကန့်ကွက်နေသည့် ထိုင်းနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှုစစ်တမ်း (နှုဗ) ဥပဒေရှိသည်။ အာရှပစိဖိတ်ဒေသရှိ နိုင်ငံအတော်များများတွင် ရှိသည်။ မြန်မာနိုင်ငံတွင်တော့ အခုထိ နှုဗ ဥပဒေ မရှိသေး။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ (၅၂) အရ ရေးဆွဲနေသော နှုဗ လုပ်ထုံးလုပ်နည်း (မူကြမ်း) သာရှိသေးသည်။ နှုဗ သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတစ်ခုတည်းနဲ့ သက်ဆိုင်တာ မဟုတ်တဲ့အတွက် ဝန်ကြီးဌာန တစ်ခုတည်းက ချုပ်ကိုင်ထားတဲ့ လုပ်ထုံးလုပ်နည်း မဖြစ်သင့်သလို လုပ်ထုံးလုပ်နည်း တစ်ခုအနေဖြင့် မရှိသင့်ပေ။ လွှတ်တော်မှ ပြဋ္ဌာန်းသော ဥပဒေတစ်ခုအနေဖြင့် ရှိသင့်သည်။

၂၀၁၁ မတ် ၃၀ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ၏ မူဝါဒဆိုင်ရာ မိန့်ခွန်းတွင် “စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်ကို ဟန်ချက်ညီညီနဲ့ ထိန်းညှိဆောင်ရွက်ပေးမယ့် မူဝါဒတစ်ရပ် ချမှတ်သွားမှာ ဖြစ်ပါတယ်” ဟုမိန့်ကြားထားသလို ၁၉၉၄ ခုနှစ် မြန်မာနိုင်ငံအမျိုးသား ပတ်ဝန်းကျင်ရေးရာ မူဝါဒအရ “ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ရေးရာ ကာကွယ်စောင့်ရှောက်မှုကို ပဓာနကျသော ရည်မှန်းချက်အဖြစ် ထာဝစဉ်ထားရှိရမည်” ဟုဆိုထားသည့်အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဝန်ကြီးဌာနအားလုံး လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်အတွက် ပတ်ဝန်းကျင်ထိခိုက်မှုစစ်တမ်းဆိုင်ရာ ဥပဒေတစ်ရပ် မရှိမဖြစ် လိုအပ်သည်။

သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး ထိခိုက်မှု စစ်တမ်း (ESIA) သည် ကြိုတင် မြင်နိုင်ရန်ခက်ခဲသည့် လူမှုရေးနှင့် သဘာဝကပ်ဆိုးများကို အစိုးရအနေဖြင့် ထိန်းချုပ်နိုင်ရန် အကူအညီရောက်သည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းသည် လူ့အဖွဲ့အစည်း တည်ငြိမ်မှုကို ပျက်ပြားစေသလို ပဋိပက္ခများဆီ ဦးတည်နိုင်သည်။ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကဲ့သို့သော သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်စေသည့် စက်ရုံများ တည်ဆောက်မည်ဆိုလျှင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မည့် ခိုင်မာသော ဥပဒေ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ ရှိရန်လိုအပ်သလို တရားဥပဒေ စိုးမိုးရန်လည်း လိုအပ်သည်။

 

မြန်မာနိုင်ငံတွင် ထိုကဲ့သို့သော ဥပဒေများ လုပ်ထုံးလုပ်နည်းများ မရှိသေးသည့်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များကို တွေ့ကြုံခံစားရသူသည် အိမ်ရှင် မြန်မာနိုင်ငံဖြစ်ပြီး အကျိုးအမြတ်အများစုကိုကား လာရောက်ရင်းနှီးမြှပ်နှံသည့် ကုမ္မဏီများနှင့် ပြည်ပနိုင်ငံများကို ခံစားသွားမည် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် အစိုးရ၏ ပုံရိပ်ကျဆင်းပြီး အစိုးရအပေါ်လူထုမှ အဆိုးမြင် သွားနိုင်ပါသည်။ မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် ခိုင်မာအားကောင်းသော ဥပဒေ လုပ်ထုံးလုပ်နည်းများ မရှိသေးခင် စီမံကိန်းများကို အကောင်အထည်ဖော်ခြင်းကြောင့် အကျိုးထက် အပြစ်ကို ပိုမိုဖြစ်ပေါ်စေကြောင်း သိရှိရသည်။

နောက်ထပ် ထည့်သွင်းစဉ်းစားရမည့်အချက်ကား ကျောက်မီးသွေးစက်ရုံများကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်။ ကျောက်မီးသွေးဓာတ်အားပေး စက်ရုံများသည် လေထု ရေထု မြေထု လူ့အဖွဲ့အစည်း နှင့် သက်ရှိသတ္တဝါများကို ကြီးစွာသော အကျိုးသက်ရောက်မှု ရှိသလို ရာသီဥတုပြောင်းလဲခြင်း၏ အဓိက တရားခံဖြစ်သည်။ ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံသည် ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေသော ဖန်လုံအိမ်ဓါတ်ငွေ့ (GHG) အဓိကထုတ်လွှတ်သည်ဟု သိရသည်။ ရာသီဥတုပြောင်းလဲမှုသည် မြန်မာနိုင်ငံအား ပထဝီအနေအထားအရ ကြီးစွာ အကျိုးသက်ရောက်မှုရှိသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် အထိခိုက်နိုင်ဆုံး နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်သည်။ မိုးခေါင်ခြင်းသည် မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့သောရာသီဥတု ရှိသည် Dမပ ဇသညန ကို အကြီးအကျယ်သက်ရောက်နိုင်သလို ရေကြီးခြင်းနှင့် မုန်တိုင်းများသည် မြစ်ဝကျွန်းပေါ်ဒေသ ၊ ပင်လယ်ကမ်းရိုးတန်းဒေသများကို ထိခိုက်နိုင်သည်။ ကမ္ဘာ့ဘဏ်အပါအဝင် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများသည် ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိသည့်အချိန်ဖြစ်သည်။ အခြားအစားထိုးနိုင်သည့် နည်းလမ်းရှိလျှင် ကျောက်မီးသွေးကို အသုံးမပြုရန် မူဝါဒ ထုတ်ပြန်းထားသည်။ မြန်မာနိုင်ငံတွင် ပေါကြွယ်သော သဘာဝဓာတ်ငွေ့အပါအဝင် အခြားသော နည်းလမ်းများရှိသည့်အတွက် ကျောက်မီးသွေးကို အသုံးပြုရန် မစဉ်းစားသင့်ပါ။ လက်ရှိ ပြဋ္ဌာန်းထားသော မြန်မာစွမ်းအင်မူဝါဒတွင် ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုရန် တိုက်တွန်းထားသည်ကို တွေ့ရှိရသည်။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံလိုအပ်ချက်များအနက် လျှပ်စစ်စွမ်းအားသည် အရေးပါသော အခန်းကဏ္ဍ တစ်ရပ်အနေဖြင့် တည်ရှိသည်။ ဖွံ့ဖြိုးတိုးတက်မှု ရရှိခံစားနိုင်ရန် စွမ်းဆောင်ရာတွင် လူမှုရေး၊ သဘာဝပါတ်ဝန်းကျင်၊ စီးပွားရေး ကဏ္ဍသုံးရပ်စလုံး ဟန်ချမှုတမှုရှိသော ရေရှည်တည်တံ့သောဖွံ့ဖြိုးမှုကို ရှေးရှု၍ အခြေခံကောင်းများဖြင့် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် စီးပွားရေးအကျိုးရလာဒ်တစ်ခုတည်းကို မကြည့်ဘဲ စက်မှုထွန်းကားပြီး နိုင်ငံများ ကြုံတွေ့ခဲ့ရပြီးဖြစ်သည့် သဘာဝပါတ်ဝန်းကျင်ပျက်စီးမှု၊ ရာသီဥတုပြောင်းလဲမှုများနှင့် ဆိုးရွားသည့် သဘာဝဘေး အန္တရာယ်များ ခါးစည်းရင်ဆိုင်ကြုံတွေ့နေရသည်ကို သင်ခန်းစာယူရကာ မှန်ကန်သော မူဝါဒ လမ်းစဉ်များ ချမှတ်ဆောင်ရွက်ရန် အရေးကြီးပေသည်။

ထို့အတွက် မဲမော့ ကျောက်မီးသွေးစက်ရုံအမှုကား မြန်မာအစိုးရအတွက်ရော မြန်မာနိုင်ငံ တနံတလျားကျောက်မီးသွေးအရေး ဆောင်ရွက်နေသူတို့အတွက် လေ့လာဆန်းစစ်စရာ သင်ခန်းစာပင် ဖြစ်သည်။