အတိတ်ယားနာ

0
636

ယားနာဖြစ်ဖူးသူတိုင်း သိသည့် သီအိုရိတစ်ခု ရှိသည်။
ယားနာကို ပွတ်ခြင်း၊ ကုတ်ခြင်းသည် ယင်းအနာကို မပျောက်ကင်းစေ။ ပြင်းပြင်းထန်ထန်ကုတ်ပါက သွေးစို့တက်လာမည်။ ခဏတာ အယားပြေသော်လည်း အနာက ကောင်းမသွား။

သို့ဆိုလျှင် အတိတ်သည် ယားနာနှင့် တူသည်ဟု ဆိုရပေမည်။ ခဏခဏ ယား၍ ခဏခဏ ကုတ်ရသည်။ သို့သော် အတိတ်သည် ကြေပျက်မသွားဘဲ ပို၍ပင် ဆိုးလာတတ်ပေသည်။
ယနေ့အချိန်သည် ထုတ်ဖော်ပြောဆိုခွင့် ရှိသည့်အချိန်ဖြစ်သည့်အတွက် အတိတ်အကြောင်းတွေကို ပြောကြ၊ ရေးကြ မှတ်တမ်းတင်ကြသည်။ နှစ်ပေါင်း ၂၀ ကျော် နှစ်ဆယ်ကျော် အောင့်အည်းလာသည့်များကို တချို့ ထပ်ပြန်တလဲလဲပြောကြ ရေးကြသည်။
တစ်ခုသာ စိတ်ပူသည်။ ယင်းဟောပြောရေးသားချက်များသည် သင်ခန်းစာယူစရာကို မလှစ်ပြနိုင်ဘဲ လူတိုင်းတွင် ရှိနေသည့် ယားနာကို ပိုပိုဆိုးလာအောင် လုပ်နေသကဲ့သို့ ဖြစ်သွားမည်ကိုပင်။ အဖြေကို မချဉ်းကပ်၊ အဖြေကို မရှာဘဲ တစ်ယောက်ကို တစ်ယောက် အပြစ်ဖို့ရင်းဖြင့် အချိန်ကုန်ကြရ ပိုနာကျင်ကြရ ဖြစ်မည်ကို စိုးရိမ်သည်။
နိုင်ငံရေးသမားများသည်လည်းကောင်း၊ စာနယ်ဇင်းသမားများသည်လည်းကောင်း ဤအချက်ကို အထူးသတိထားသင့်ပေသည်။
စာပေဟောပြောပွဲသည်လည်းကောင်း၊ နိုင်ငံရေးဟောပြောပွဲများသည်လည်းကောင်း ယားနာပွတ်ပွဲကြီး မဖြစ်သင့်။
ထို့အတူပင် စာပေရေးသားမှုများသည်လည်း ယားနာချည်း ပွတ်မနေသင့်ပေ။ လုံးဝ မပွတ်ရဟု မဆိုလို။ သင်ခန်းစာယူစေလိုသည့် ဆန္ဒဖြင့် ပွတ်လည်းပွတ် ဆေးလည်းပေးသည်မျိုး ဖြစ်ရန်လိုသည်။
သို့မှသာ ယားနာပျောက်မည်ဖြစ်သည်။ အတိတ်ကို တွန်းလှန်နိုင်မည်ဖြစ်သည်။