ဖူးခက်မှ မောင်းမကန်သို့

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ပြည်တော်ပြန်ခရီးစဉ် ၃ ခေါက်အတွင်း မောင်းမကန်ကမ်းခြေဆီ ၆ ကြိမ်ထက် မနည်းရောက်ခဲ့ပါတယ်။
ရောက်သွားတဲ့ အချိန်တိုင်းဟာ ညနေပိုင်းဖြစ်တဲ့အတွက် ပင်လယ်ထဲနေလုံးကြီးဝင်သွားတဲ့အလှကို အသေချာကြည့်ပြီးမှ ပြန်ခဲ့ တာချည်းပါပဲ။ အနောက်ဖက်ပင်လယ်မှာ နေ၀င်တဲ့အလှ ဘယ်လောက်အထိ ကြည့်မ၀ဖြစ်ရသလဲဆိုတာကိုတော့ ရေးပြဖို့မလွယ်ပါ။ ရောက်ဖူး၊ ကြည့်ဖူးသူတွေမှသာ ခံစားနိုင်လိမ့်မယ်ထင်ပါတယ်။

ဒီလိုနေ၀င်ချိန် အလှအပကို အမိအရ ဓာတ်ပုံရိုက်နိုင်၊ ခံစားနိုင်ဖို့အတွက် နေမ၀င်ခင် တနာရီအလိုမှာကတည်းက ရေကူးတာ၊ စကားဖောင်ဖွဲ့ပြောတာတွေကို အပြီးဖြတ်ထားရပါတယ်။ ထူးခြားတာကတော့ ထားဝယ်က သူငယ်ချင်းတွေ ရေကူးဖို့ သိပ်စိတ်ဝင်စားပုံ မပြပါဘူး။ အရက်ဝိုင်း၊ စားသောက်စားပွဲဝိုင်းတွေမှာ လူစည်သလောက် ရေကူးဖို့ စည်းရုံးတဲ့အခါ တဦးနှစ်ဦး ထက် ပိုရလေ့မရှိပါ။ တနှစ်မှတခေါက်ရောက်တဲ့သူက အသဲအသန်ဖြစ်နေပေမယ့် အပတ်စဉ်လိုလို ရောက်နေသူတို့အတွက် ရင်မခုန်တော့တာလဲ ဖြစ်နိုင်ပါတယ်။

ရောက်ဖူးသလောက်ကမ်းခြေတွေထဲမှာတော့ မောင်းမကန်ကမ်းခြေက အပြေပြစ်ဆုံးနဲ့ အရှည်လျားဆုံးပါပဲ။ ဒီလိုပြောလိုက်တော့ “ခင်ဗျားက ကမ်းခြေဘယ်နှစ်ခုရောက်ဖူးလို့လဲ” ဆိုပြီး မေးစရာရှိလာနိုင်ပါတယ်။ မောင်းမကန်နဲ့ စက်စဲလောက်သာရောက်ဖူးပြီး ငပလီ၊ ချောင်းသာ၊ ငွေဆောင်တွေကို မရောက်ဖူးသေးပါ။ ဒါပေမယ့် တနသာင်္ရီတိုင်းရဲ့ အခြားတဖက်မျက်နှာမှာရှိတဲ့ ဖူးခက်၊ ဖန်င၊ ပရာကျွတ်၊ ဟွာဟင်၊ ချာအမ်းကမ်းခြေတွေဆီ ရောက်ခဲ့ဖူးပါတယ်။
ရခိုင်ပြည်နယ်ဖက်က ငပလီ၊ ဧရာဝတီတိုင်းဖက်က ချောင်းသာနဲ့ငွေဆောင်ကို ခဏထားပြီး တနသာင်္ရီတိုင်း ဟိုဖက် ဒီဖက်က ကမ်းခြေ ၂ ခုကို ဒီနေရာမှာ ရွေးချယ်ဆွးနွေးချင်ပါတယ်။
ထိုင်းနိုင်ငံတောင်ဖက်အငူရှိ ဖူးခက်မြို့က ဖန်တောင်းကမ်းခြေနဲ့ မြန်မာနိုင်ငံတောက်ဖက်အငူ ထားဝယ်မြို့ရှိ မောင်းမကန်ကမ်းခြေတို့ဟာ သဘာဝအနေထား အရအတော်တူတယ်လို့ ထင်မိပါတယ်။ဖူးခက်မြို့နဲ့ဖန်တောင်းကမ်းခြေဟာ ၂၈ ကီလိုမီတာဝေးတယ်ဆိုပေမယ့် လမ်းတွေကောင်းတာ၊ ဘတ်စ်ကားတွေ၊ လိုင်း ကားတွေပှံမှန်ပြေးနေတာကြောင့် နာရီဝက်အတွင်း ရောက်နိုင်ပါတယ်။ ထားဝယ်နဲ့ မောင်းမကန်ကတော့ ၁၂ မိုင် (ကီလို ၂၀ နိးပါး) သာဝေးပေမယ့် လမ်းတွေပြင်နေဆဲ၊ ပှံမှန်ဆွဲတဲ့ ဘတ်စ်ကား၊ လိုင်းကားမရှိသေးတဲ့အတွက် မော်တော်ဆိုင်ကယ်တွေ၊ အငှားကားတွေကိုသာ အားကိုးနေကြရဆဲဖြစ်ပါတယ်။ အကွာအဝေးချင်း မနီးမဝေးတူသလို တောင်တွေကျော်ပြီးလာရတာ၊ တောင်ပေါ်ကနေ အနောက်ဖက်ပင်လယ်ကို မြင်ရတဲ့ မြင်ကွင်းတွေဟာ အတူတူလို ခံစားမိပါတယ်။
ဒါပေမယ့် ဖူးခက်မှာ နိုင်ငံတကာလေယဉ်ကွင်းရှိပြီး ထားဝယ်မှာ ပြည်တွင်း လေယာဉ် ၄-၅ စီးလောက်သာ ဆင်းနိုင်တဲ့ ကွင်းသာ ရှိတယ်။ ဖူးခက်မြို့ဟာ နိုင်ငံတကာအဆင့်မီ မြို့ကြီးတခုလိုဖြစ်လာနေပြီး ထားဝယ်ကတော့ အခုမှ အာဏာရှင် စနစ်အောက် ကနေ နိုးထခါစ၊ နိုင်ငံတကာဈေးကွက်ဆီ တိုးဝင်ဖို့ခြေလှမ်းပြင်ကစပဲ ရှိပါသေးတယ်။ ဒီတော့ ဖန်းတောင် ကမ်းခြေဆီ ရောက်လာတဲ့ ကမ္ဘာလှည့်ခရီးသည်ဦးရေနဲ့ မောင်းမကန်ဆီရောက်လာတဲ့ ဦးရေကို ဘယ်နှိုင်းယှဉ်လို့ဖြစ်ပါ့မလဲ။ ဖန်းတောင်းဆီ တနေ့ တထောင်ဝင်ရင် မောင်းမကန်ဆီ တနေ့ ၁၀ ဦးက နေ ၅၀ အထိ လာဖို့ မသေချာသေးပါ။
ဒါပေမယ့် ဒီလို လူသိပ်မလာသေးတာကိုက ကံကောင်းပါတယ်ဆိုပြီး နေ၀င်ချိန် ဆည်းဆာအလှကို ထိုင်ငေးနေတဲ့ ဂျာမဏီက ခရီးသွားဧည့်သည်တဦးက ပြောပါတယ်။ “လူအများကြီးလာရင် သဘာဝအလှတွေ ပျက်စီးသွားလိမ့်မယ်။ ဖူးခက်မှာ ဒီလို အေးအေးဆေး နေ၀င်ချိန်ကို ထိုင်ငေးခွင့်မရှိတော့ဘူးလေ’’ လို့ သူက ဆိုပါတယ်။ ဒါပေမယ့် ထားဝယ်က သူငယ်ချင်းတွေကတော့ သူ့ပုံကို ကြည့်ပြီး မျက်စိနောက်နေပုံ ရပါတယ်။
ဘာကြောင့်လဲဆိုရင် အတွင်းခံဘောင်းဘီတထည်ကလွဲပြီး သူ့တကိုယ်လုံး ဘာအ၀တ်မှ မရှိပါ။ နေရောင်ခံထားတဲ့အတွက် တကိုယ်လုံး နီညိုနေပါတယ်။ တကယ်တော့ တဆောင်းလုံး နေရောင်မရတဲ့ ဥရောပသားတွေဟာ ဒီလိုနေရောင်ခံခွင့်ရဖို့၊ ဒီလို အသားအရေရဖို့အတွက် ဒေါ်လာထောင်၊ သောင်းချီအကုန်ခံပြီး အာရှကမ်းခြေတွေဆီ ခရီးထွက်လာတာ မဟုတ်ပါလား။ ဒါက ဥရောပပြန် ကျွန်တော့်အမြင်ပါ။ ဒါပေမယ့် ထားဝယ်ဒေသခံတွေအမြင်မှာတော့ ဒီလူ့ပုံက နည်းနည်းရိုင်းသလို ဖြစ်နေသလားမသိပါ။ မိတ်ဆွေတဦးကဆို “ခင်ဗျား ဘာဘာသာကို ကိုးကွယ်သလဲ’’ဆိုပြီး သွားမေးတဲ့ အထိပါပဲ။
မြန်မာနိုင်ငံသားတွေအတွက် ဒီမေးခွန်းဟာ အထူးအဆန်းမဟုတ်ပေမယ့် အနောက်တိုင်းမှာ ကိုးကွယ်ရာ ဘာသာကို မေးခွင့်မရှိပါ။ မြန်မာနိုင်ငံက မှတ်ပုံတွေမှာလို ကိုးကွယ်ရာ ဘာသာကို မှတ်ပုံတင်ထဲ ထည့်ရေးလေ့မရှိပါ။ ဆိုလိုတာက ပူးခက်လို ကမ္ဘာ့ဈေးကွက်ဆီ တိုးဝင်ဖို့ပြင်နေတဲ့ ထားဝယ်ဒေသမှာ အသစ်ရောက်လာမယ့် ဘာသာမတူ၊ ယဉ်ကျေး မှု မတူ။ စဉ်းစားပုံ မတူတဲ့ နိုင်ငံတကာဧည့်သည်တွေကို လက်ခံဖို့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာအရ အဆင့်သင့်ဖြင့်နေရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါ။
ထူးခြားတာက ဒီပုဂ္ဂိုလ်ဟာ ကျွန်တော်တို့လို ရန်ကုန်လေယာဉ်ကွင်းကနေ၀င်လာသူမဟုတ်။ ထိုင်းနိုင်ငံ ရနောင်းဖက် ကနေ နယ်စပ်ဖြတ်ဝင်လာသူဖြစ်ပါတယ်။ “ရနောင်း-ကော့သောင်းကနေ လှေနဲ့ဝင်လာတော့ စရိတ်လည်း အများကြီး သက်သာတယ်။ နီးလည်းနီးတယ်။ လှပတဲ့ကျွန်းတွေ၊ ကမ်းခြေတွေလဲအများကြီး မြင်ခွင့်ရခဲ့တယ်’’လို့ သူက ဆိုပါတယ်။ “ဘာလို့ ကန်ချနပူရီ-ထီးခီးလမ်းကနေ မ၀င်တာလဲ’’ လို့မေးကြည့်တော့ ဒီလမ်း အကြောင်း သူမသိဘူး။ ထိုင်းမှာရှိတဲ့ ခရီးသွားကုမ္ပဏီတွေကလဲ ဒီလမ်းရှိတယ်လို့ သူကိုမပြောကြဘူးလို့ သူကဆိုပါတယ်။
ထားဝယ်ပြီးရင် ရေး၊ မော်လမြိုင်၊ ဘားအံဖက်ဆီ ကားလမ်းနဲ့ ဆက်သွားမယ်လို့ သူကပြောပါတယ်။ ဒါဟာ သူရဲ့ ဒုတိယ အကြိမ် မြန်မာပြည်ခရီးစဉ်ဖြစ်ပြီး ပထမ အခေါက်တုန်းကတော့ရန်ကုန်လေယဉ်ကွင်းကိုဝင်၊ ချောင်းသာ၊ ငွေဆောင်ကမ်းခြေတွေ၊ ပုဂံ၊ အင်းလေးဖက်တွေဆီသွားပြီးပြီလို့ သိရပါတယ်။ အခု ဘယ်မှာတည်းသလဲဆိုတော့ Coconut House မှာ တည်းတယ်လို့ ဆိုပါတယ်။ ကျွန်တော် သိသလောက်ဆိုရင် အခုချိန်ထိ မောင်းမကန်ကမ်းခြေမှာ ဟိုတယ်တလုံး၊ ဘန်ဂလိုတလုံးနဲ့ တည်းခိုခန်းတလုံးပဲ ရှိပါသေးတယ်။
အဲဒီထဲမှာမှ Coconut House ဟာ နိုင်ငံခြားသားတွေကြားမှာ လူသိများနေပါတယ်။ ဘာကြောင့်လဲလို့ သိရအောင် သွားကြည့်တော့ ကမ်းခြေနဲ့နည်းနည်း အလှမ်းကွာတဲ့ အုန်းပင်တွေကြားမှာ အခန်းတွေဆောက် ပေးထားတာ တွေ့ရပါတယ်။ တခါပိုင်ရှင်က အင်္ဂလိပ်စကားအပြင် ပြင်သစ်စကားပါပြောတတ်တဲ့အတွက် ဘာသာ စကားပိုပေါက်ပြီး အနောက်တိုင်းသား တွေအကြိုက်ကို ပိုသိတဲ့သဘော၊ ဒါကြောင့် လာသမျှကျောပိုးအိတ်ဧည့်သည် အတော်များများ သူတို့ဆီ ရောက်သွားကြတာ ဖြစ်မယ်ထင်ပါတယ်။
ဒီလိုတွေးရင်းနဲ့ ကမ်းခြေတလျှောက်မှာ ဟိုတစု ဒီတစုဖြစ်နေတဲ့ ရေသန့်ဗူးခွံ၊ ဘီယာဗူးခွံနဲ့ အခြားအမှိုက်တွေဆီ အကြည့် ရောက်သွားပါတယ်။ ပြီးတော့ သဲသောင်ပြင်တလျှောက် နေရာလပ်မကျန်အောင် ဆက်တိုက် ဆောက်ထားတဲ့ စားသောက်ဆိုင် တဲတန်းတွေ။ ရောက်ဖူးတဲ့တခြားကမ်းခြေတွေမှာ သဲသောင်ပြင်ပေါ် ဒီလို တဲဆောက်ထားတာမျိုး မတွေ့မိပါဘူး။
ဒါဟာ တိုင်းအစိုးရ ဟိုတယ် ခရီးဝန်ကြီးဌာနရဲ့ စိတ်ကူးစိတ်သန်းတွေလား။ ဒါမှမဟုတ် ဒီဒေသမှာလုပ်ပိုင်ခွင့်ရထားတဲ့ စီးပွားရေးသမားတွေရဲ့ စိတ်ကူးသက်သက်လား။ သဘာဝအလှကိုအခြေခံပြီး စီးပွားရှာတဲ့အခါ သဘာဝအလှ မပျက်အောင် လိုက်နာသင့်တဲ့ အခြေခံမူတွေကိုတော့ လေ့လာထားဖို့လိုမယ် ထင်ပါတယ်။
နိုင်ငံခြားသားတဦးနဲ့ စကားပြောရင်း အဲဒီလို လျှောက်တွေးနေပေမယ့် တကယ်တော့ အဲဒီတဲပေါ်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေ စုထိုင်ပြီး စားသောက်နေကြတာပါ။ ဘီယာဗူးခွံတွေ၊ ဆေးလိပ်တိုတွေကို သဲသောင်ပြင်ဆီ ဒီတိုင်းပစ် ချနေသူတွေကလည်း မနည်းလှ။ အမေရိကန်ပြန်မိတ်ဆွေတဦးက အဲဒီလိုမပစ်ချပါနဲ့လို့ပြောပြီး အမှိုက်တွေကို လိုက်ကောက်မယ်ပြင်တော့ “လာလုပ်မနေနဲ့၊ ဒါ ဗမာပြည်။ ဗမာပြည်ရောက်ရင် ဗမာလိုပဲကျင့်ပါ’’ ဆိုပြီး နယ်ခံ မိတ်ဆွေက ဟောက်လိုက်တော့ ကျွန်တော်စိတ်ထဲ တမျိုးခံစားလိုက်ရပါတယ်။
ကမ်းခြေအနေထားကို ပြောရမယ်ဆိုရင်တော့ မောင်းမကန်နဲ့ ဖန်တောင်းကမ်းခြေရဲ့ ဆင်ခြေလျောဆင်းသွားတဲ့ သောင်ပြင် အနေထားဟာ အတော်ဆင်တူပါတယ်။ ဒါပေမယ့် မောင်းမကန်ကမ်းခြေက ပိုရှည်တယ်လို့ ထင်ပါတယ်။

သဘော့ဆိပ်ဖက်ရှိ မြွေကျွန်းကနေ ပန်းတင်အင်းချောင်းဝအထိ ကမ်းခြေအရှည်က ၅ မိုင်ကျော် မယ်ထင်ပါတယ်။ တခါ ပန်းတင်အင်းချောင်း အပေါ်ဖက်ကနေ နဘုလယ်ရေနက်ဆိပ်ကမ်းဒေသရှိ ဖားချောင်းအင်း၊ ယမင်းကြီးကမ်းခြေတွေကလည်း မောင်းမကန်ထက် တောင် ပိုလှနေသလိုပါပဲ။ မောင်းမကန်ကနေ အောက်ဖက်ကို ဆင်းလာမယ်ဆိုရင်လည်း စမ်းလမ်း၊ ကျောက်နီမော်၊ ရှင်မော်ကမ်းခြေတွေ တန်းစီလို့။
မောင်းမကန်ဆီသာ နိုင်ငံခြားဧည့်သည်တွေ တကယ်ဝင်လာပြီဆိုရင် ဒီကမ်းခြေတွေအားလုံး ပိုမိုစည်ကား စီးပွားဖြစ် လာနိုင်ပါတယ်။ ဒီအတွက် ရန်ကုန်ကနေ၀င်လာမယ့် ဧည့်သည်ကိုမျှော်တဲ့အပြင် ရှေ့က ဂျာမဏီဧည့်သည်လို ဖူးခက်၊ ရယောင်းဒေသဖက်ကနေတဆင့် ၀င်လာတဲ့ဧည့်တွေကိုလဲ အလေးထားသင့်ပါတယ်။ တခါ ထားဝယ်နဲ့အနီးဆုံး နယ်စပ်ဂိတ်ဖြစ်တဲ့ ကန်ချနပူရီ-ထီးခီးဂိတ်ကိုလည်း ထိုင်းရောက် ခရီးသည်တွေ မောင်းမကန်ဆီလာနိုင်တဲ့ အဓိက ၀င်ပေါက်တခုဖြစ်လာအောင် ဒေသခံခရီးသွားလုပ်ငန်းရှင်တွေဖက်က ကြိုးစားသင့်ပါတယ်။
လက်ရှိအနေထားကို ခဏမေ့ထားပြီး ရှေ့ကို နည်းနည်းစိတ်ကူးယဉ် လှမ်းမျှော်ကြည့်မယ်ဆိုရင် အခု သောင်မတင် ရေမကျဖြစ်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုံတွေ၊ နယ်စပ်ဖြတ် ကားလမ်း၊ ရထားလမ်းတွေ လာမယ့် အစိုးရသက်တမ်း ၅ နှစ် အတွင်း အကောက်ထည်ပေါ်လာနိုင်မလား။ တခါ မောင်းမကန်ကမ်းခြေတွေလည်း ဖန်းတောင် ကမ်းခြေလိုဖြစ်လာရင် ပူးခက်နဲ့ ကန်ချနပူရီဒေသရှိ (Tourism Industry) ကမ္ဘာလှည့်ခရီး သွားလုပ်ငန်း မှာလုပ်နေကြတဲ့ သောင်းနဲ့ချီရှိတဲ့ ထားဝယ်သူ ထားဝယ်သားတွေ လာမယ့် ၅ နှစ်အတွင်း ထားဝယ်နယ်က ခရီးသွား လုပ်ငန်းမှာ ပြန်လာလုပ်နိုင်ဖွယ် ရှိမလား။
လက်ရှိ အစိုးရထက် နောက်တက်လာမယ့်အစိုးရက ပိုလုပ်နိုင်စွမ်းရှိမယ်ဆိုရင်၊ အခြေခံအဆောက်ဦတွေ လက်ရှိ အနေထားထက် ပိုတိုးတက်လာမယ်ဆိုရင် မျှော်လင့်နိုင်တဲ့အနေထား ရှိပါတယ်။ ဒါပေမယ့် အဲဒီမျှော်လင့်ချက်တွေ ဆီ ရောက်နိုင်ဖို့ မောင်းမကန်နဲ့ အနီးတ၀ိုက်က ကမ်းခြေတွေကို သဘာဝအတိုင်း လှပနေအောင် စီမံထားဖို့နဲ့ ဟိုတယ်အပါဝင် အနီးဝန်းကျင်ရှိ အခြေခံ အဆောက်ဦတွေကို နိုင်ငံတကာအဆင့်မီအောင် အရင်ဆုံးလုပ်ရဦးမှာ ဖြစ်ပါတယ်။
ဒီအတွက် ပထမဆုံးခြေလှမ်းအဖြစ် တဦးချင်းတယောက်ချင်း လုပ်နိုင်တဲ့နေရာကနေ စတင်သင့်ပါတယ်။
ကမ်းခြေ တလျှောက် ပြန့်ကျဲနေတဲ့ ဗူးခွံနဲ့အမှိုက်တွေကို လိုက်လံကောက်ယူ သိမ်းဆည်းကြဖို့လိုပါတယ်။ ပြီးရင် နောက်ထပ် အလားတူအမှိုက် မပစ်မိအောင် ပညာပေးစည်းရုံးမှုတွေလုပ်ကြပါတယ်။
သဘာဝကမ်းခြေကို သဘာဝအလှတရား အတိုင်း ခံစားနိုင်ဖို့အတွက် ဒေသခံတွေရော၊ ဧည့်သည်တွေပါ အားလုံးဝိုင်းကြိုးစားဖို့ လိုပါတယ်။