ဘီအိုင်အေ ကော့သောင်းရောက် စဉ်က

0
1213

ဗြိတိသျှ နယ်ချဲ့ကို ဆန့်ကျင်၍မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုတွင် ဘီအိုင်အေသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ဘီအိုင်အေသည် ဂျပန်တို့နှင့်အတူအင်္ဂလိပ်ကို တိုက်ခိုက်ရာတွင် အစွမ်းပြနိုင်ကြသည်။ ၁၉၄၁ ခုနစ် ဒီဇင်ဘာလ ၂၆ ရက်တွင် ယိုးဒယားနိုင်ငံဗန်ကောက်၌ ဘီအိုင်အေကို ဖွဲ့စည်း၍လွတ်လပ်ရေးမျိုးချစ်ရဲဘော် သုံးကျိပ်တို့ ရှေးအစဉ်အလာ ထုံးစံအတိုင်း လက်မောင်း သွေးဖောက် သောက်ကြပြီး မြန်မာ့လွတ်လပ်ရေးနှင့် ရဲဘော် အချင်းချင်းပေါ် သစ္စာရှိပါမည်ဟု ကျမ်းသစ္စာခံ ယူပွဲအခမ်းအနား ကျင်းပသည်။

ဗန်ကောက်၌ မွေးဖွားသော ဘီအိုင်အေတပ်သား ၁၄၀ သာ ရှိသည်။ဘီအိုင်အေတွင် ဘ၀ အာမခံချက်မရှိ၊မည်သည့် အခွင့်အရေးမျှလည်း မရှိ၊အနာဂတ်အတွက် မည်သည့်မျှော်လင့်ချက်မျှလည်း မရှိပေ။

မျိုးချစ်စိတ်ရှိသူ လူငယ်လူရွယ်များက နောက်ပိုင်း၌ အမိနိုင်ငံတော်လွတ်လပ်ရေးအတွက် အသက်စွန့်မည်ဟု သန္နိဋ္ဌာန်ချကာ တိုင်းပြည်ချစ်စိတ်ဖြင့် ဘီအိုင်အေသို့ တဖွဲဖွဲဝင်ရောက်လာ ခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ရဲဘော်သုံးကျိပ်ဝင်တပ်မှူးများသည် ယိုးဒယားမှ မြန်မာနိုင်ငံသို့ ဖာပွန်၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်စသည့်စစ်ကြောင်းကြီး ၄ ကြောင်းခွဲပြီးဝင်ခဲ့ကြသည်။ ယင်းအနက် မြိတ်စစ်ကြောင်းမှာ ကော့သောင်းမှ တစ်ဆင့်ရောက်ရှိလာသည့် တစ်ခုတည်းသော ဘီအိုင်အေ ကမ်းတက်ရေကြောင်းချီတပ်ဖြစ်သည်။ ဗိုလ်ရန်နိုင်၊ ဗိုလ်မင်းခေါင်၊ဗိုလ်တောက်ထိန်တို့ ပါဝင်သော ကမ်းတက်ရေကြောင်းချီ စစ်ကြောင်း သည် ၁၉၄၁ခုနစ်၊ ဒီဇင်ဘာလ ၃၁ ရက်၌ ဗန်ကောက် မြန်မာနိုင်ငံတောင်ဘက်စွန်း ၀ိတိုရိယအငူ (ကော့သောင်း)သို့ ချီတက်သည်။ယင်းစစ်ကြောင်းက ကော့သောင်းကိုသိမ်းပြီး ကမ်းရိုးတန်းတလျှောက်ရှိကျွန်းစုများအတိုင်း မြောက်ဘက်သို့ဆက်လက်ချီတက်ရန် ကနဦးကပင်ကြံရွယ်ထားပြီး ဖြစ်ရာ လူ ၃၀ ပါသဗ္မာန် ၂ စီး၊ ၁၅ ယောက်ပါ သဗ္မာန်၃ စီးနှင့် ဖွဲ့စည်းခဲ့သည်။

ထို့အပြင် ကော့သောင်း ရောက်သည်နှင့် ငြိမ်ဝပ်ပိပြားရေး တာဝန်ကို ဆောင်ရွက်ရန် အစီအစဉ်ချမှတ် သကဲ့သို့ သီးခြားစစ်ဆင်ရေးကိုလည်း အဆက်မပြတ်နွှဲသွားရန် ဆုံးဖြတ်ထားပြီးလည်း ဖြစ်သည် ။

ဘီအိုင်အေ ကမ်းတက်ရေကြောင်းချီစစ်ကြောင်း ဗန်ကောက်မှ မထွက်ခွာမီဗိုလ်ချုပ်အောင်ဆန်းက “ ဂျပန်စစ်သားဟာ စစ်မြေပြင်မှာ တပ်ဦးက တိုက်ပြီးတိုက်ရင်း အသေခံတယ်၊ တို့က သူတို့ထက် သတ္တိနည်းလို့ မဖြစ်ဘူး၊ သူတို့ထက်သတ္တိနည်းရင်တော့ အင်မတန်ရှက်စရာကောင်းမယ်” ဟု ဩဝါဒပေးခဲ့သည်။

အင်အား ၆၀ ခန့်ရှိ စစ်ကြောင်းဗန်ကောက်မှ ရနောင်းသို့ ရောက်ရှိလာသောအခါ ရနောင်းတွင် ကြိုတင်ရောက်ရှိနေသော ထားဝယ်ဇာတိ ဖြစ်သူ ဦးပုလု ၊ ဦးကြူသွင်၊ ဦးအေးသွင်၊ ဦးအေးမြမောင်၊ဦးကြွယ်၊ ဦးပဲဟောက်၊ ဦးဘလင်းတို့ကသွားရောက် ပူးပေါင်းပြီး ပါချန်မြစ် တစ်ဖက်ကမ်း ကော့သောင်းသို့ ချီတက်သည်။

ထိုစဉ်က ကော့သောင်းကို အုပ်ချုပ်လျက်ရှိသော ကိုယ်ပိုင်ဝန်ထောက် မျက်နှာဖြူလူမျိုး မစ္စတာဂျေဆီနီ(Mr.J.SINI) နှင့် ရဲအရာရှိ မစ္စတာအောချပ် (Mr.orchart) တို့ကို ဖမ်းဆီးထိန်းသိမ်းပြီး ကော့သောင်းကို သိမ်းသည်။ အခြား ဗြိတိသျှအရာထမ်း အမှုထမ်းများမှာ ရေကြောင်း ဖြင့် မြိတ်သို့ ထွက်ပြေး တိမ်းရှောင်သွား ကြသည်။ကော့သောင်းဒေသခံ ဦးမောင်ညွန့်၊ဦးရွှေထွန်း၊ ရဲတပ်သား သန်းလှ၊ ဦးလှဝင်း၊ဦးဟန်သွင်၊ ဦးစိန်တင်၊ ဦးစိန်ထွန်းစသောလူငယ်တို့က တပ်သားသစ်များအဖြစ် ဝင်ကြသည်။စစ်ကြောင်းအား နေရာထိုင်ခင်ပေး စီစဉ်ပေးခြင်း၊ စားနိပ်ရိက္ခာပံ့ပိုး ကူညီခြင်း၊ ရန်သူ့သတင်းရယူပေးခြင်း၊ လှေသဗ္ဗာန်များ ပြုပြင်ပေးခြင်း၊ လမ်းပြ ခြင်းစသည်တို့ကို ဒေသခံလူထုက အဘက်ဘက်မှ အားတက်သရော ကူညီကြသည်။ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်ပြင်းပြသော ဖွားစောဆိုသူမှာ ထင်ပေါ်သော အမျိုးသမီးတစ်ဦး ဖြစ်သည်။ဘီအိုင်အေကလည်း ထွက်ပြေးသွားသော ဗြိတိသျှစစ်တပ်နောက်မှ ထပ်ကြပ်မကွာလိုက်ပြီး ပင်လယ်ကမ်း ခြေတလျှောက်မြို့ရွာ၊ ကျွန်းများပေါ် တက်၍ ဗြိတိသျှလက်အောက်ခံ ပုလိပ်များကို မြန်မာယာယီအစိုးရ၏ ရဲတပ်ဖွဲ့ဝင်များနှင့်အစားထိုးကာ ငြိမ်ဝပ်ပိပြားရေးကိုအချိန် တိုအတွင်း အရေးတကြီး လုပ်ဆောင်ခဲ့ပေသည်။

ဗိုလ်ရန်နိုင်၏ ဘီအိုင်အေကော့စစ်ကြောင်းသည် ပါချန်မြစ်၊ နမ်နွယ်ချောင်းဖျားမှတဆင့် ဘုတ်ပြင်း၊ ကရသူရိသို့ ချီတက်၍ ရေငန်ကြီးရွာကိုရောက်သည်။ ဘုတ်ပြင်းသို့ မဝင်တော့ဘဲ လမ်းခရီးရှိ ကျေးရွာအချို့မှ တပ်သား အသစ်အတော်များများ ဘီအိုင်အေနှင့် အတူလိုက်ပါသွားခဲ့ကြပြီး မြိတ်သို့ချီတက်သွားသည်။ ၁၉၄၂ ခုနစ်၊ဇန်နဝါရီလ ၂၆ ရက်နေ့တွင် မြိတ်သို့ရောက်ရှိသည်။ မြိတ်တွင် လွတ်လပ်သော ယာယီအရပ်သားအစိုးရ အုပ်ချုပ်ရေးအဖွဲ့ကို ချက်ချင်းဖွဲ့စည်းပေးသည်။မြိတ်မှ လူငယ်လူရွယ် အမြောက်အများဘီအိုင်အေသို့ ဝင်ကြသည်။

ကန်ချနပူရီမှ ဖြတ်ကျော်၍ ချီတက်သွားသော ဘီအိုင်အေ ထားဝယ်စစ်ကြောင်းက ၁၉၄၂ ခုနစ်၊ ဇန်နဝါရီလ၁၉ ရက်တွင် ထားဝယ်ကို သိမ်းသည်။ထိုကြောင့် မြိတ်ရောက်ဘီအိုင်အေရေကြောင်းချီ စစ်ကြောင်းသည် မြိတ်မှကျိုက္ခမီသို့ တစ်ချက်တည်း ဆန်တက်ရန် အပူတပြင်း စီစဉ်တော့သည်။ ထိုအချိန်တွင် ရေကြောင်းမှ ချီတက်မည့်ဘီအိုင်အေ ထားဝယ်တပ်ကြီးကလည်းပုလောမှ မော်တော်ဘုတ်ကြီးများနှင့် ချီတက်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။သို့ဖြင့် ၁၉၄၂ ခုနစ်၊ ဖေဖော်ဝါရီလ ၆ ရက်တွင် ဘီအိုင်အေကမ်းတက်ရေကြောင်းချီစစ်ကြောင်း (ကော့သောင်း၊မြိတ်) သည် ကျိုက္ခမီသို့ ရေကြောင်းချီစစ်ထွက်ခဲ့သည်။ စစ်ထွက်အခမ်းအနားသို့ မြိတ်လူထုက ကမ်းလုံးညွှတ်မျှမြို့လုံးကျွတ် လိုက်ပါပို့ဆောင် ခဲ့ကြသည်။

ကိုးကား။ ။

(၁) ဒေါ်ခင်ရီ(လက် ထောက်ကထိက)

သမိုင်းဌာန၊ ရန်ကုန် တက္ကသိုလ်

ဘာသာပြန် “ မီနာမီကီ ကန်း”

(၂) ကော့သောင်းမြို့နယ်

မှတ်တမ်း(၁၉၈၂)