မြိတ်တွင် သိန်းရာချီ လောင်းကြေးထပ် နွားတိုက်ပွဲများ ဆက်တိုက် ပြုလုပ်

0
1341

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့တွင် ယခုနှစ်အတွင်း သိန်းရာချီလောင်းကြေးထပ်သည့် နွားတိုက်ပွဲများ ယခင်နှစ်များထက် ခပ်စိပ်စိပ် လုပ်လာသည်ဟု ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အင်္ဂမော်ကျေးရွာ ပြုလုပ်သည့် နွားတိုက်ပွဲသို့ လာရောက်ကြသည့် ကျေးရွာ အသီးသီးရှိ ဒေသခံတစ်ချို့ထံမှ သိရသည်။

2 - Copy
ဓာတ်ပုံ – မြင့်မိုရ်

“နွားတိုက်ပွဲတွေမလုပ်ဖြစ်တာ တော်တော်ကြာနေပါပြီ၊ တရားဝင် ခွင့်ပြုချက်တော့ မပေးထားပါဘူး၊ နွားပိုင်ရှင်တွေ အချိန်းအချက် လုပ်ပြီး အပျော်သဘော သက်သက် လုပ်ကြတာပါ”ဟု အင်္ဂမော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းစိုးက ပြောသည်။

အပျော်သဘော ဟုဆိုသော်လည်း ယင်းနွားတိုက်ပွဲတွင် သိန်းလေးရာကျော်သည်အထိ လောင်းကြေးထပ်ပြီး အလောင်းအစား ပြုလုပ်ခဲ့သည်ဟု နွားပွဲရှိ လောင်းကြေးထပ်သူ တချို့က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက တုံးဗျောကျေးရွာ၊ အင်္ဂမော်ကျေးရွာတို့နှင့် ဖေဖော်ဝါရီလ ၇ ရက်နေ့က တောင်ဖီလာ ကျေးရွာတို့တွင်လည်း ယင်းကဲ့သို့ အလောင်းအစားများဖြင့် နွားတိုက်ပွဲပြုလုပ်ခဲ့သည်ဟု တောင်ဖီလာရွာသားတစ်ချို့ထံမှ သိရသည်။

နွားတိုက်ပွဲကြီးများသည် သက်ဆိုင်ရာဌာနများသို့ အထိုက်အလျောက် ပေးကမ်းထားသည့်အတွက် ဖမ်းဆီးမူများ မရှိသော်လည်း ငွေကြေးပမာဏ နည်းနည်းဖြင့် အလောင်းအစား ပြုလုပ်ကြသည့် နွားတိုက်ပွဲငယ်များကို ဖမ်းဆီမူများရှိနေကြောင်း တောင်ဖီလာ ရွာသားတစ်ချို့က ပြောသည်။

ယင်းကဲ့သို့ ဖမ်းဆီးခဲ့သည့်အတွက် နွားတစ်ကောင်ကို ငွေတစ်သိန်းသုံးသောင်းကျပ်ဖြင့် ပြန်ရွေးလိုက်ရကြောင်း အဖမ်းဆီးခံခဲ့ရ သည့် နွားပိုင်ရှင်၏ မိသားစုဝင်တစ်ဦးမှ ပြောပြချက်အရ သိရသည်။

ငွေကြေးအလောင်းအစားများဖြင့် ပြုလုပ်သည့် နွားတိုက်ပွဲများကို မည်သည့်အတွက်ကြောင့် ခွင့်ပြုချက်ပေးထားသည်ဆိုသည်ကို သက်ဆိုင်ရာနယ်မြေမှ ရဲကင်းစခန်းသို့ သွားရောက်မေးမြန်းခဲ့ရာ တာဝန်ရှိသူမရှိသဖြင့် ပြန်လည်ပြောဆိုနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

စပါးသိမ်းချိန်နှင့် ကွမ်းသီးပေါ်ချိန်တို့တွင် တောင်သူများ၏ လက်ထဲ ငွေပေါ်သည့်အချိန်များတွင်သာ နွားပွဲပြုလုပ်လေ့ရှိကြသည်။

ယခင်နှစ်များက ကျေးရွာအတွင်း နွားတိုက်ပွဲများကို ပြုလုပ်ရာတွင် ဇာတ်ပွဲများနှင့် ပူးတွဲကျင်းပခဲ့သဖြင့် ရွာရန်ပုံငွေများ ရရှိခဲ့ပြီး၊ လက်ရှိ နွားတိုက်ပွဲများမှာ အလောင်းအစားချည်း သက်သက်သာ ပြုလုပ်နေကြသဖြင့် ရန်ပုံငွေမရရှိဟု အင်္ဂမော်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။