မွန်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များကို ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး သင်တန်းပေး

0
694

မွန်ပြည်နယ်တွင် ဒု-ရဲမှူးအဆင့်နှင့် အထက် ရဲတပ်ဖွဲ့ဝင်များအား ၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲဆိုင်ရာ လုံခြုံရေး အသိပညာပေး သင်တန်းပေးခဲ့ကြောင်း ဒု – ပြည်နယ်ရဲတပ်ဖွဲ့မှူး (ယာယီ)ထံမှ သိရသည်။

DSC08688
ဓာတ်ပုံ – ယဉ်စနိုင်း

မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ဖေဖော်ဝါရီ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့ထိ ၅ ရက် သင်တန်းပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်မှာ လုံခြုံရေးသည့် အဓိက အရေးကြီးသည့်အတွက် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ဆောင်ရွက်တတ်စေရန် ရည်ရွယ် ပြုလုပ်ခြင်းဖြစ်ကြောင်း သထုံခရိုင် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး ခင်မောင်မြင့်က ပြောသည်။

ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် ဥပဒေရှိ ပြစ်မှု၊ ပြစ်ဒဏ်များသည် ရဲအရေးပိုင်သည့် အမှုများဖြစ်ကြောင်းကို ရွေးကောက်ပွဲကို လုံခြုံရေးယူပေးရမည့် ရဲတပ်ဖွဲ့ဝင်များ သိစေရန် ဥပဒေဆိုင်ရာများ ရှင်းပြခဲ့သည်ဟု ပြည်နယ်ရွေးကောက်ပွဲ တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဟိမ်းလင်းထက်က ပြောသည်။

“ရွေးကောက်ပွဲမှာ ပြဿနာတခုခုဖြစ်လို့ သူတို့ကို တိုင်ကြားရင် ရဲပိုင်တဲ့အမှု ဖြစ်လား မဖြစ်လားဆိုတာ သူတို့ မသိမှာစိုးလို့လေ”ဟု ဦးဟိမ်းလင်းထက်က ဆိုသည်။

ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး အသိပညာပေး သင်တန်းကို ပြည်နယ်အဆင့်ပြုလုပ်ပြီးနောက် ခရိုင်အဆင့်၊ မြို့နယ်အဆင့်များ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။