မော်လမြိုင် တက္ကသိုလ် အမျိုးသားပညာရေး ဥပဒေဆွေးနွေးပွဲ ဝေဖန်သံထွက်

0
854

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေမူကြမ်း ဆွေးနွေပွဲနှင့် ပတ်သက်ပြီး ယင်းပွဲတက်ရောက်သည့် ကျောင်းသားများ ကြားတွင် “ဆွေးနွေးပွဲမဟုတ် ထောက်ခံပွဲ”ဟု ဝေဖန်လျက်ရှိသည်။

DSC08652
ဓာတ်ပုံ – ယဉ်စနိုင်း

မော်လမြိုင်တက္ကသိုလ်တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကျင်းပသည့် ယင်းဆွေးပွဲကို တက်ရောက်သည့် ကျောင်းသားများ သည် ဆရာဆရာမများ၏ ညွှန်ကြားချက်ကြောင့်သာ တက်ခဲ့ရပြီး မည်သည့်အကြောင်းအရာကို ဆွေးနွေးဟောပြောမည်ကို ကြိုတင် မသိရှိကြဟု ကျောင်းသားကျောင်းသူတချို့က ပြောသည်။

ပထ၀ီဘာသာ တတိယနှစ်ကျောင်းသူတစ်ဦးကမူ နေ့လယ် ၁ နာရီ အစည်းအဝေးရှိသည်ဟု ဆရာမက ပြောသည့်အတွက် တက်ခြင်းဖြစ်ပြီး နောက်မှသာ အမျိုးသား ပညာရေး ဥပဒေအကြောင်းဟု သိရကြောင်း ပြောသည်။

“ ဥပဒေအဟောင်းကိုရော ဒီဥပဒေမူကြမ်းကိုရော မသိပါဘူး ဖတ်လဲ မဖတ်ဖူးပါဘူး” ဟု အထက်ပါ ကျောင်းသူက ဆိုသည်။

ယင်းပွဲသည် ဆွေးနွေးပွဲဟုဆိုထားသော်လည်း အပြန်အလှန်ဆွေးနွေးမှုမရှိဘဲ ထောက်ခံသည့် စာများ ဖတ်ကြားသွားခြင်း သာဖြစ်ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့ကြသူတို့က ပြောသည်။

ဆွေးနွေးပွဲကို မော်လမြိုင်တက္ကသိုလ်ပါမောက္ခချုပ်၏ ညွှန်ကြားချက်ဖြင့် ဆရာ၊ ဆရာတို့မှတဆင့် မေဂျာတစ်ခုလျှင် ကျောင်းသား ၁၅ ဦးစီဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်ရမည်ဟု ညွှန်ကြားထားကြောင်း ကျောင်းသူကျောင်းသားများက ပြောသည်။

ထိုကြောင့် ဆရာ၊ ဆရာမများ မပါဝင်ဘဲ ကျောင်းသားများ လုပ်သည့်ပွဲအနေဖြင့် ပြုလုပ်စေခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ယင်းဆွေးနွေးပွဲနှင့် ပတ်သက်ပြီး မော်လမြိုင်တက္ကသိုလ်ပါမောက္ခချုပ်ကို မေးမြန်းရန်ကြိုးစားခဲ့သော်လည်း “မရှိ” ဟုသာ ပြန်လည်ဖြေကြားပြီး ဒု-ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်ကို မေးမြန်းခဲ့ရာ ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြောစရာ မရှိကြောင်းနှင့် အဘယ်ကြောင့်စိတ်ဝင်စားနေရသလဲဟု ပြန်လည် ပြောကြားခဲ့သည်။

“သူတို့အနေနဲ့ ဥပဒေကို ဖတ်ထားလား မဖတ်ထားလားတော့ မပြောတတ်ဘူး။ ဒါပေမယ့် အကုန်လုံးက သမ္မတမိန့်ခွန်း ပြောသလို ဝန်ကြီးမိန့်ခွန်းပြောသလို အရှေ့မှာ စာရွက်ချပြီးတော့ ပြောသွားတယ်၊ ပြီးတော့ ထွက်သွားတယ်၊ ဘာမှလဲ ဆွေးနွေးတာမရှိဘူး” ဟု ယင်းဆွေးနွေးပွဲကို တ၀က်တပျက် မီလိုက်သည့် နည်းပညာတက္ကသိုလ် (မော်လမြိုင်) မှ မောင်တင့်ထူးအောင်က ပြောသည်။

အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့က မော်လမြိုင်မြို့၌ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသတို့မှ ကျောင်းသားများ ဦးဆောင်ပြီး အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးရေး သပိတ်မှောက် လမ်းလျှောက်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

၎င်းပြင် ဇန်နဝါရီ ၃၁ နှင့် ဖေဖော်ဝါရီ ၁ ရက်နေ့က မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂတို့က ဦးဆောင်ပြီး အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်နိုင်ရေး ရက်ခြောက်ဆယ်ကျော် ရာဇသံ လှုပ်ရှားမှုအနေဖြင့် တိုင်းရင်းသား စာပေ သင်ကြားရေး နှင့် ပညာရေးစနစ်စိန်ခေါ်မှုများဆိုင်ရာ ပညာရေးဆွေးနွေးပွဲလည်း ကျင်းပခဲ့သည်။