ထိုင်းမုန့်ဈေးကွက် တွင်ကျယ်လာ၍ မြိတ်မုန့်လုပ်ငန်းရှင်များ မျက်ခုံးလှုပ်

0
815

မြိတ်မြို့နယ် မုန့်ဈေးကွက်တွင် ထိုင်းပေါင်မုန့်မျိုးစုံ၏  ဈေးကွက်တွင်ကျယ်လာမှုနေသဖြင့် ရေရှည်တွင် ဒေသတွင်းရှိ မုန့်လုပ်ငန်းများ ထိခိုက်မည်ကို စိုးရိမ်ကြောင်း မြိတ်အခြေစိုက် မုန့်လုပ်ငန်းရှင်များက ပြောသည်။

thailand-283
ထိုင်းနိုင်ငံရှိ မုန့်ပဲ သရေစာဆိုင်တစ်ခု။

ပြီးခဲ့သည့်နှစ်ကစပြီး တနင်္သာရီတိုင်းဒေသကြီး မြိတ်မုန့်ဈေးကွက်အတွင်း ထိုင်းနိုင်ငံထုတ် ပေါင်မုန့်နှင့် ယို၊ ထောပတ်၊ သကြားစသည်တို့ဖြင့် ပြုလုပ်ထားသည့် အခြားမုန့်အမျိုးပေါင်း ၂၀ ကျော် ကျယ်ကျယ်ပြန့်ပြန့် နေရာယူလာကြောင်း မြိတ်မုန့်ဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိအခြေအနေအထိ ရောင်းအား ထိခိုက်မှုမရှိသေးသော်လည်း ရေရှည်တွင် အတိုင်းအတာတစ်ခုအထိ ထိခိုက်လာနိုင်သည်ဟု အင်းလေးမြိုင်ရပ်ကွက်ရှိ ကျော်မုန့်တိုင်ပိုင်ရှင် ဦးကျော်ဆန်းဦးက ပြောသည်။

“ထိုင်းကမုန့်ဆိုတော့ လူတွေက အထင်ကြီးပြီး ၀ယ်စားလေ့ရှိတယ်”ဟု ဦးကျော်ဆန်းဦးက ဆိုသည်။

ယင်းကိစ္စကို ကုန်သွယ်မှုဆိုင်ရာ အစည်းအဝေးခေါ်သည့်အခါ တင်ပြသွားမည်ဟု မြိတ်မြို့ ရွှေနန်းတော် မုန့်တိုက်ပိုင်ရှင် ဦးမျိုးထွန်းက ပြောသည်။

“ကုန်သွယ်မှုစကားနဲ့ပြောရရင် နှစ်နာပါတယ်။ ဒေသထွက်ပစ္စည်း(ဥပမာ-ဆေးပေါလိပ်များ)ကို ထိုင်းကို ရောင်းရင် အဖမ်းအဆီးများတယ်။ ထိုင်းမုန့်များ ဒလဟောဝင်နေတာကို လက်ပိုက်ကြည့်နေကြတယ်”ဟု ၎င်းက ဝေဖန်သည်။

ထိုင်းမုန့်အမျိုးအစားပေါင်း ၂၅ မျိုးခန့်ရှိပြီး တစ်ခုကို ငွေ ၂၀၀ ကျပ်နှုန်းဖြင့် တစ်ရက်ကို ပျမ်းမျှ တစ်ရာခု ဝန်းကျင်ခန့် ရောင်းရသည်ဟု မြို့သစ်ဈေးကြီးရှိ မုန့်မျိုးစုံအရောင်းဆိုင်တစ်ခုမှ ဆိုင်ရှင်က ပြောသည်။

ထိုင်းမုန့်များသည် မောတောင်နယ်စပ်မှတဆင့် အများဆုံးဝင်ရောက်လာပြီး ရေလမ်းဖြင့်လည်း ဝင်ရောက်လေ့ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မြိတ်မြို့တွင် ထိုင်းနိုင်ငံထုတ် အချိုရည်ဗူးမျိုးစုံနှင့် စားသောက်ကုန်စည်များ အများအပြားဝင်ရောက်နေလျက်ရှိကာ ယင်းကုန်စည်များနှင့် ပြည်တွင်းထုတ်စားသောက် ကုန်စည်တစ်ချို့အား သက်တမ်းလွန်ရောင်းချမူများလည်းရှိနေသည်ဟု ဒေသခံတစ်ချို့မှ ဆိုသည်။

အဆိုပါ စားသောက်ကုန်များကို အဝင်အထွက်သာ စစ်ဆေးဆောင်ရွက်ပြီး ဆိုင်များတွင် ကွင်းဆင်းဆောင်ရွက်မူများမရှိဟု
မြိတ်ခရိုင်စားသုံးသူကာကွယ်ရေးဦးစီးဌာနမှ သိရသည်။

မြိတ်တွင် မုန့်လုပ်ငန်းလုပ်ကိုင်သူ ၃၀ ဝန်းကျင်ခန့်ရှိသည်ဟု ယင်းအသိုင်းအဝိုင်းမှ သိရသည်။