မြိတ်မြို့မှ သင်္ချိုင်းစာနှင့် ဆင်မြူရယ်ဝိုက်

0
1146

အချိန်ကား ၁၉၁၇ ခုနှစ်ခန့်လောက်က ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက မြိတ်မြို့ အရေးပိုင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မစ္စတာ ဂျေအက်(စ်)ဖာနီဘယ် တစ်ယောက် အပျင်းပြေလမ်း လျှောက်ထွက်လာရင်း ဒိုဘီကုလားတစ်ယောက်က လျော်ဖွတ်နေတဲ့ ကျောက်ပြားတစ်ချပ်ကို အမှတ်မထင် မျက်စိရောက်သွားခဲ့ပါတယ်။

History v2n35
ကျောက်စာ ရှိခဲ့ရာ ရေအိုးစင်နေရာ။

အဲဒီကျောက်ပြားထက်မှာ

…RE LYETH T….

BODY OF MA….

…SAM WHI…

THIS LIF…

O DONI 1682

….Ergo Resurgam

ဆိုတဲ့စာတွေ ဖတ်လိုက်ရကတည်းက အဲဒါဟာ ဆင်မြူရယ်ဝိုက်ရဲ့ ဇနီးဖြစ်သူ မေရီပိုဗေးရဲ့ သင်္ချိုင်းစာ ဖြစ်တယ်ဆိုတာ သူသိလိုက်ပါတယ်။ အဲဒါနဲ့ပဲ ဒိုဘီကုလားရဲ့ လက်ထဲက သိမ်းယူပြီး သင်္ဘောဆိပ်အဝင်ဝ ရှေးဟောင်းသစ်ပင်ကြီး တစ်ပင်ရဲ့ အောက်မှာ အခိုင်အမာ စိုက်ထူလိုက်ပါတယ်။ ဒါပေမယ့် မေရီပိုဗေးရဲ့ အလောင်းဘယ်နေရာမှာ မြုပ်နှံခဲ့တယ်ဆိုတာကိုတော့ ဘယ်သူမှ မသိကြတော့ပါဘူး။ မစ္စတာဖာနီဘယ်ရဲ့ နောက်မြို့အရေးပိုင်ဖြစ်တဲ့ မောရစ်ကောလစ်ရဲ့ လက်ထက်အရောက်မှာတော့ အဲဒီသင်္ချိုင်းစာကို အကြောင်းပြုပြီး အရင်က ဒီမြို့မှာ ကျင်လည်သွားခဲ့ဖူးတဲ့ ဆင်မြူရယ်ဝှိုက်ရဲ့ သမိုင်းကြောင်းကို ခြေရာခံ သုတေသနပြုပြီး စာရေးကောင်းသူပီပီ ယိုးဒယား ဝှိုက်ဆိုတဲ့ နာမည်နဲ့ ကမ္ဘာကျော်ဝတ္ထုကို မွေးဖွားဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

မစ္စတာ မောရစ်ကောလစ်ဟာ စာကြည့်တိုက်များစွာထဲမှ မှတ်တမ်းတွေကို အခြေခံပြီး ယိုးဒယားဝှိုက်ကို ရုပ်လုံးကြွအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ ယိုးဒယားဝှိုက် စာအုပ်ထဲမှာ ၁၇ ရာစု မြိတ်မြို့ရဲ့ သဘာဝ ပထဝီဝင်အနေအထား၊ ၁၇ ရာစု အနောက် အိန္ဒိယကုမ္ပဏီရဲ့ မြိတ်မြို့မှာ ခြေရှုပ်ပုံ၊ နိုင်ငံခြားသားတွေ မြိတ်မြို့မှာ ကူးသန်းရောင်းဝယ်ကြပုံ၊ ကျွန်းတွေကြားက လူသားစားလူရိုင်းတွေအကြောင်း၊ အဲဒီခေတ်ကတည်းက ယိုးဒယားအမျိုးသမီးများနဲ့ မြန်မာအမျိုးသမီးများရဲ့ ကွာခြားပုံ စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းများပါဝင်ပြီး သမိုင်းမှတ်တမ်းဆိုင်ရာ အချက်အလက်များနဲ့ ခန့်ခန့်ညားညား ရေးသားဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ယိုးဒယားဝှိုက်က ကမ္ဘာကျော်သွားတာနေမှာပါ။

ဒီနေ့ခေတ် မြိတ်သူ မြိတ်သားတစ်ယောက်အနေနဲ့ မေရီပိုဗေးကို သိပ်ပြီးမကြားဖူးကြပေမယ့် ဆင်မြူရယ်ဝိုက်ဆိုတဲ့ နာမည်ကိုတော့ ရင်းနှီးကြပါတယ်။

ဆင်မြူရယ်ဝှိုက်ကို ၁၆၅၀ ခန့်မှာ အင်္ဂလန်မှာ မွေးဖွားခဲ့ပြီး အသက် ၂၅ နှစ်အရွယ်လောက်မှာ အရှေ့အိန္ဒိယကုမ္ပဏီသင်္ဘောနဲ့ သူ့အစ်ကို ဂျော့ဝိုက်ရှိတဲ့ မဒရပ်ကို ထွက်လာခဲ့ပါတယ်။ အဲဒီသင်္ဘောပေါ်မှာပဲ မေရီပိုဗေးနဲ့ ဆုံခဲ့ပါတယ်။ တကယ်တော့ မေရီပိုဗေးဟာ မဒရပ်မှာ ရှိတဲ့ လူစွန့်စား ဝီလျံဂျာဆီရဲ့ ညီ မစ္စတာဂျာဆီနဲ့ စေ့စပ်ထားပြီးသား ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်လည်း မေရီပိုဗေးဟာ မစ္စတာဂျာဆီ ဆီကို လိုက်လာရင်း သင်္ဘောပေါ်မှာ ဆင်မြူရယ်ဝိုက်နဲ့ မေတ္တာမျှ သွားခဲ့ကြပါတယ်။ ဒါကြောင့် မစ္စတာ ဂျာဆီ ဆီကို ရောက်ပေမယ့် ဆင်မြူရယ်ဝိုက်ပဲ တချိန်လုံးသတိရနေခဲ့ပါတယ်။ တနေ့မှာတော့ မစ္စတာဂျာဆီရဲ့ စေ့စပ်ပစ္စည်းတွေကို ပြန်အပ်ပြီး ဆင်မြူရယ်ဝိုက်ဆီကို အပြီးထွက်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်နှစ်ဦးသဘောတူ လက်ထပ်ဖို့ အင်္ဂလန် ဘုရားရှိခိုးကျောင်းကို သွားခဲ့ပေမယ့်လေည်း အင်္ဂလန်ဘုန်းကြီးက လက်မထပ်ပေးတဲ့ အတွက် ပြင်သစ်ဘုန်းကြီးနဲ့ လက်ထပ်ခဲ့ကြရပါတယ်။

အဲဒီအချိန်တုန်းက မြိတ်မြို့ကို မြေပုံထဲမှာ တနင်္သာရီလို့ပဲ ဖော်ပြလေ့ရှိပါတယ်။ အဲဒီအချိန်တုန်းက ယိုးဒယားပိုင် တနင်္သာရီနဲ့ မြိတ်မှာ ကူးသန်းရောင်းဝယ်ရေးမှာ မဟာမေဒင်တွေက ကြီးစိုးလျက်ရှိပါတယ်။ ယိုးဒယားဘုရင်အနေနဲ့လည်း မဟာမေဒင်များ တနေ့တခြားကြီး စိုးလာတာကို စိုးရွံ့လျက်ရှိပါတယ်။ ဒါကြောင့်မို့လို့လည်း ယိုးဒယားလူမျိုးတွေ အစားဝင် လုပ်ကိုင်နိုင် စေချင်ပါတယ်။ သို့ပေမယ့် အဲဒီအချိန်တုန်းက ယိုးဒယားအမတ်အသစ်တွေ ဖြစ်နေတဲ့အတွက် အနောက်တိုင်းသားတွေရဲ့ အကူအညီကို ရယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီမှာ ယိုးဒယားကူးသန်းရောင်းဝယ်ရေးနယ်ပယ်ကို ဝင်ရောက်ချင်နေတဲ့ အရှေ့အိန္ဒိယကုမ္ပဏီအတွက် အခွင့်အလမ်းတစ်ခု ဖြစ်စေခဲ့ပါတယ်။

နောက်တခုက အဲဒီဒေသရဲ့ ကာကွယ်ရေးအတွက်ရော၊ ဘန်ကောက်က ရှိရင်းစွဲခံတပ်ကို အားဖြည့်ဖို့ ပြင်သစ်သားတစ်ယောက်ကို ခန့်အပ်ဖို့ ကြံစည်ပြီး ဖောလကွန်းကို ၁၆၈၃ ခုနှစ်မှာ မြိတ်ဘုရင်ခံချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ အဲဒီဖောလကွန်းဆိုတာလည်း တချိန်က ဆင်မြူရယ်ဝှိုက်ရဲ့ အစ်ကို ဂျော့ဝှိုက်ရဲ့ မျက်နှာလွဲတစ်ယောက်လည်း ဖြစ်ပါတယ်။ ဆင်မြူရယ်ဝှိုက်ဟာလည်း တတိယတန်း ဘုရင်ခံချုပ်အဖြစ်နဲ့ မြိတ်မြို့ရဲ့ ရေဝန်မင်းအဖြစ်နဲ့လည်းကောင်း၊ တနင်္သာရီနယ်အဝှမ်းရရှိတဲ့ အခွန်များကို ကောက်ခံခြင်း၊ စီမံခန့်ခွဲခြင်းအပြင် ဘင်္ဂလားအော်တစ်လျှောက်ရေကြောင်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေအတွက်လည်း မင်းကြီးချုပ်အဖြစ် ဆောင်ရွက်ရပါတယ်။ ဒါ့အပြင် ဝှိုက်ဟာ တနင်္သာရီနယ်အတွင်းရှိ ဘုရင်မင်းမြတ်ရဲ့ ရောင်းဝယ်မှုဆိုင်ရာ မင်းကြီးချုပ်လည်း ဖြစ်ပါတယ်။ မင်းကြီးချုပ်ဖြစ်တဲ့အတွက်အခွန်တော်တွေကို ကောက်ခံရသလို ဖမ်းဆီးသင့်သူများကိုလည်း ဖမ်းဆီးပြီး အရောင်းအဝယ်ဖွံ့ဖြိုးအောင် ပြုလုပ်ရပါတယ်။

ကာကွယ်ရေးအတွက်လည်း သင်္ဘောဆိပ်ကို အခိုင်အခံပြုလုပ်ရပါတယ်။ သင်္ဘောကျင်းတစ်ခုကို တည်ဆောက်ပြီး ကုန်သင်္ဘောတွေနဲ့ ကမ်းခြေစောင့်တိုက်သင်္ဘောတွေကို တည်ဆောက်ရပါတယ်။ သင်္ဘောကျင်းတွေကိုလည်း မြေကတုတ်၊ အမြောက်တပ်များနဲ့ ကာကွယ်ပေးထားရပါတယ်။ အရင်ရှိနေတဲ့ ဘုရင်ခံချုပ်ကိုတော့ တခြားအရေးမကြီးတဲ့ အကောက်အခွန်တွေကို ကောက်စေပါတယ်။ အိန္ဒိယနဲ့ ယိုးဒယားကြား ဆင်များကို သင်္ဘောနဲ့ အကြီးအကျယ်ကူးသန်းတယ်။ အဲဒီအချိန်တုန်းက ဆင်တွေဟာ ဒီနေ့ သံချပ်ကာ ကားတွေလောက် အရေးပါကြပါတယ်။

ဆင်မြူရယ်ဝှိုက်ဟာ နဂိုမူလက ယိုးဒယားဘုရင်မင်းမြတ်ရဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာ ကူးသန်းရောင်းဝယ်နေတဲ့ မဟာမေဒင်တွေကို နှိမ်နင်းဖို့ အမိန့်ရထားပါတယ်။ နောက်ပိုင်းမှာ ပဲခူးမှာရှိတဲ့ မြန်မာ အမှုထမ်းအချို့ဟာလည်း မဟာမေဒင်တွေ ဖြစ်တဲ့အတွက် နှိမ်နင်းခွင့်ပေးဖို့ ဆက်လက်တောင်းဆိုလာတယ်။ နောက်ပိုင်းမှာ ဖောလကွန်းကို အားကိုးပြီး ယိုးဒယားဘုရင်ရဲ့ ခွင့်ပြုချက်မပါဘဲ တခြားပြည်နယ်အစိုးရရဲ့ သင်္ဘောတွေကိုပါ ဖမ်းဆီးရင်း တဖြည်းဖြည်းနဲ့ ပင်လယ်ဓားပြ ဖြစ်လာခဲ့ပါတယ်။

ဝှိုက်ဟာ တဖြည်းဖြည်းနဲ့ အာဏာရလာတဲ့အခါမှာ သင်္ဘောတွေဆောက်လုပ်နိုင်လာလို့ ဘဏ္ဍာတော်ငွေနဲ့ လက်နက် အင်အား တပ်ဆင်နိုင်ကာ ဘုရင်တစ်ဆူဖြစ်လာပြီး မခုခံနိုင်တဲ့ ကုန်သင်္ဘောကြီးတွေကို တိုက်ခိုက်လုယက်ပါတော့တယ်။ ဖမ်းဆီးရသမျှဟာ လည်း ဘဏ္ဍာတော်အတွင်းကို မရောက်တော့ပါဘူး။ တချို့သွင်း၊ ဖောလကွန်းကို ဝေစုပေး၊ မှူးကြီးမတ်ကြီးအချို့ကိုလည်း ဖြန့်ဖြူးကာ သူကိုယ်တိုင်အတွက်တော့ အခါတိုင်းဝေစုယူထားပါတယ်။

ဝှိုက်ဟာ မြိတ်မှာလည်း မဟာမေဒင်တွေရဲ့ မုန်းတီးမှုကို အကြီးအကျယ်ခံနေရပြီး တဖြည်းဖြည်းနဲ့ ရန်သူပေါလာပါတယ်။ နောက်ပိုင်းမှာ အစိုးရရဲ့ ဘဏ္ဍာတွေကို သူရဲ့ ဘဏ္ဍာတွေအဖြစ်ပေါ်တင် ပြောင်းလဲလိုက်တဲ့ အထိ ဘုရင့်အပေါ်လဲ သစ္စာမဲ့လာခဲ့ ပါတယ်။

မကောင်းတာပြုခဲ့တဲ့သူဟာ မကောင်းကျိုးခံစားရတယ်ဆိုတဲ့စကားဟာ အရမ်းမှန်ခဲ့ပါတယ်။ မြိတ်မြို့တခွင်မှာ အာဏာ အလွဲသုံးစား ပြုပြီး ကိုယ်ကျိုးစီးပွားရှာခဲ့တဲ့ ဝှိုက်ရဲ့ ဇာတ်သိမ်းကားမလှခဲ့ပါဘူး။ အင်္ဂလိပ်တွေဟာ ယိုးဒယားနိုင်ငံရဲ့ တိုင်းပြည် မငြိမ်မသက်တဲ့ အချိန်ကို အခွင့်ကောင်းယူပြီး ဆင်မြူရယ်ဝှိုက်ကို ဖမ်းခေါ်ခဲ့ဖို့ ဝဲလဒင်ကို စစ်သင်္ဘောတွေနဲ့ ဦးစီးကာ စေလွတ်လိုက်ပါတယ်။ အဲဒီအချိန်တုန်းက ဝှိုက်မှာ ရေတပ်အင်အားတစ်ခုရှိနေတဲ့အတွက် ဝှိုက်ကို ချော့ပြီး ခေါ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် သင်္ဘောချင်းတိုက်ပွဲတွေဖြစ်ပြီး အင်္ဂလိပ်အများအပြားလည်း သေဆုံးခဲ့ရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အဓိကတာဝန်ရှိတဲ့ ဝှိုက်ဟာ အိန္ဒိယဘက်ကို ထွက်ပြေးခဲ့ပါတယ်။ ခရစ် ၁၆၈၈ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ ဝှိုက်ဟာ အိန္ဒိယကနေ လန်ဒန်ကို ရောက်ရှိခဲ့ပါတယ်။ အရှေ့အိန္ဒိယကုမ္ပဏီကနေ ဝှိုက်ကို တရားစွဲဆိုပါတယ်။ ဝှိုက်ကလည်း သူ့ရဲ့ မြိတ်မှာရှိတုန်းက ကြိုးစားချက် တွေကို ဖော်ပြရင်း လျှောက်လဲပါတယ်။ သို့သော်လည်း ပါလီမန်က အင်္ဂလိပ်လူမျိုးတွေ သေဆုံးခဲ့ရခြင်းအပေါ် အဓိက တာဝန်ရှိသူအဖြစ် ယူဆရင်း အမှုစစ်ဆေးခဲ့ကြပါတယ်။ အဲဒီအမှုစစ်ဆေးနေစဉ်ကာလအတွင်းတွင် ဝှိုက်ဟာ တနင်္သာရီမှ ရခဲ့တဲ့ ငှက်ဖျားရောဂါနဲ့ သေဆုံးခဲ့ပါတယ်။

ဝှိုက်ရဲ့ ဇနီးဖြစ်တဲ့ မေရီပိုဗေးအကြောင်းကို ဆက်ရရင် ၁၆၇၈ ခုနှစ်မှာ ယိုးဒယားဘုရင်မင်းမြတ်ရဲ့ ကူးသန်းရောင်းဝယ်ရေးသင်္ဘော မှာ ဝှိုက်ဟာ ကပ္ပတိန်အဖြစ်ခန့်အပ်ခြင်းခံရနောက် မေရီဟာ မြိတ်မြို့မှာ အခြေချနေထိုင်ဖို့ မိသားစုနဲ့အတူရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ဝှိုက်နဲ့ မေရီတို့ရဲ့ ဘ၀ထဲမှာ ဆူဇန်ဆိုတဲ့ သမီးလေးရှိနေပြီးသား ဖြစ်ပါတယ်။ မေရီပိုဗေးဟာ သူနဲ့နာမည်တူသမီးလေး မေရီကို မွေးဖွားခဲ့တယ်။ ပြီးနောက် သွေးသွန်တဲ့ ရောဂါနဲ့ ၃ လသား သန္ဓေကျပြီး အသက်သေဆုံးသည်အထိ ဖြစ်ခဲ့တယ်။

ယိုးဒယားဝှိုက်ကိုရေးတဲ့ စာရေးဆရာမောရစ်ကောလစ်ကတော့ သန္ဓေလျောပျက်ခြင်းနဲ့ ရောထွေးသွားတဲ့ သွေးဝမ်းကိုက်ရောဂါကြောင့်လို့ မှတ်ချက်ပြုပါတယ်။ မေရီပိုဗေးသေဆုံးသွားပြီး နောက်ပိုင်းမှာ သမီးဖြစ်တဲ့ မေရီနဲ့ ဆူဇန်တို့ကို ဝှိုက်က အင်္ဂလန် ပို့ထား လိုက်ပါတယ်။

၁၉၇၇ ခုနှစ် ဆရာကြီးမြသန်းတင့်တို့ မြိတ်ကို ရောက်တဲ့ အချိန်တုန်းက ကမ်းနားလမ်းမှာ ပန်းခြံလေးတစ်ခုရှိပါတယ်။ အဲဒီပန်းခြံရဲ့ ထောင့်လေးမှာ မေရီပိုဗေးရဲ့ သင်္ချိုင်းစာဟာ သောက်ရေအိုးစင်ရဲ့ အောက်ခံခုံလေးအဖြစ်ကို ရောက်နေပြီဖြစ်ပါတယ်။ မေရီပိုဗေးရဲ့ သင်္ချိုင်းစာလေး အကြောင်း၊ ရေအိုးစင်ဘ၀ပြောင်းသွားခဲ့ပုံအကြောင်းကို ဆရာကြီးမြသန်းတင့်က ၁၉၇၇-၇၈ မှာ ရှုမ၀မှာ ရေးခဲ့ဖူးပါတယ်။ ၁၉၈၀ လုံးချင်းထဲမှာလည်း ပါခဲ့ပါတယ်။ ဒါ့အပြင်စာရေးဆရာ စိန်မျိုးမြင့်ကလည်း ၁၉၈၆-၈၇ခုနှစ်တုန်းက ကြီးပွားရေးနဲ့ မန္တလေးဂျာနယ်မှာ ရေးဖူးခဲ့ပါတယ်။

ဆရာစိန်မျိုးမြင့်တို့ လွင်မိုးခရီးသွားနေသည် အဖွဲ့နဲ့အတူ မြိတ်ကို ရောက်တဲ့ အချိန်မှာတော့ အဲဒီနေရာတွေဟာ ပြောင်းလဲသွားခဲ့ပါပြီ။ အဲဒီနေရာမှာ ပုလဲရတနာခန်းမနဲ့ ရေကြောင်းရုံးတို့ တည်ရှိနေပါတယ်။ တိတိကျကျဆိုရရင် ဆိပ်ငယ်ဘောတံတားရဲ့ မျက်နှာချင်း ဆိုင်ဖြစ်ပါတယ်။ ရေအိုးစင်နေရာမှာတော့ ကွမ်းယာဆိုင်လေး ဖြစ်နေပြီ။ ရှေ့မီနောက်မီတွေကို မေးကြည့်တော့လည်း လမ်းချဲ့ တုန်းက ရေအိုးစင်နဲ့ ကျောက်ပြားကို ဖျက်လိုက်ပြီး ထုချေလမ်းခင်းရာမှာ ပါသွားတယ်လို့ ဆိုကြပါတယ်။ တလောက ကျွန်တော့မိတ်ဆွေတစ်ယောက် မြိတ်ရောက်လို့ အဲဒီနေရာကို ရောက်ခဲ့တယ်ဆိုလို့ မေးကြည့်တော့ ဟိုးတချိန်က သစ်ပင်ကြီးအောက်မှာ စိုက်ခဲ့တဲ့ ကျောက်စာတိုင်ဟာ၊ ဆရာကြီးမြသန်းတင့်တို့ရောက်တော့ ရေအိုးစင်ဖြစ်နေခဲ့ပြီး၊ လမ်းချဲ့စဉ်ပါသွားတဲ့ နေရာမှာ ကွမ်းယာဆိုင်လေးရှိနေရာက အခုချိန်မှာတော့ ဘာမှ မရှိတော့ဘဲ ရေမြောင်းအဖုံးမရှိတဲ့အတွက်ချိုင့်ကြီး ဖြစ်နေခဲ့ပါပြီ။

မြိတ်မြို့ဟာ ရှေးဟောင်းသမိုင်းဝင်မြို့တစ်မြို့ဖြစ်တာနဲ့အညီ သမိုင်းဝင်ဖြစ်ရပ်တွေလည်း အများကြီးရှိပါတယ်။ ၁၅ ရာစုလောက် ကတည်းက ဥရောပနဲ့ အိန္ဒိယကုန်သည်တွေအတွက် ကုန်သွယ်ရေးဗဟိုချက်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်မို့လို့လည်း ယိုးဒယားတွေက လိုချင်သလို အနောက်တိုင်းသားတွေအတွက်လည်း မျက်စိကျစရာဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မြိတ်မြို့ဟာ မြန်မာနိုင်ငံတောင်ပိုင်းရဲ့ ဝင်ပေါက်လည်း ဖြစ်နေတဲ့ အတွက် အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို စသိမ်းတဲ့ အချိန်မှာ အဲဒီနေရာက စတင်ခဲ့ကြသလို ဗိုလ်ချုပ်တို့ လွပ်လပ်ရေးရယူဖို့ မြန်မာနိုင်ငံကို ပြန်တိုက်ယူတဲ့ အချိန်မှာလည်း အဲဒီတောင်ပိုင်းကပဲ အစပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သမိုင်းဝင်မြို့လေးတစ်မြို့ဖြစ်တဲ့ မြိတ်မြို့ပေါ်က သမိုင်းတွေကို တတ်နိုင်သလောက် ထိန်းသိမ်းစောင့်ရှောက်ပေးကြဖို့ မေတ္တာရပ်ခံ လိုက်ရပါတယ်။