အစိုးရမီး အာမခံချက်မရှိ ဟုဆိုကာ ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို ထောက်ခံဆန္ဒပြ

0
692

အစိုးရမှ အကောင်အထည်ဖော်နေသည့် သဘာဝဓာတ်ငွေ့ လျှပ်စစ်မီး အာမခံချက်မရှိဟု ဆိုကာ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် ရမ္မဇူဒေသတွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစီမံကိန်းကို ဖေဖော်ဝါရီလ ၁၉ ထောက်ခံဆန္ဒပြခဲ့ကြသည်။

သကျက်တောကျေးရွာတွင် ပြုလုပ်သည့် ထောက်ခံဆန္ဒပြပွဲအပြီးတွင် ဆန္ဒပြဦးဆောင်သူများက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

“အရင်တုန်းက နှစ်ကုန်မီးရတော့မယ်ပြောပြီး အခုထိမရသေးဘူး။ ကုမ္ပဏီက စီမံကိန်းစတာနဲ့ ဒီဇယ်အင်ဂျင်နဲ့ မီးစရမယ်” ဟု ဦးဆောင်ဆန္ဒပြသူ ဦးစံသိန်းက ပြောသည်။

ရမ္မဇူဒေသတွင် ကျောက်မီးသွေးစက်ရုံစီမံကိန်းစတင်ချိန်မှ သကျက်တောကျေးရွာအုပ်စုတွင် မီးစရမည်ဖြစ်ပြီး တစ်လလျှပ် ယူနစ် ၅၀ ကို အခမဲ့ဖြင့် နှစ် ၃၀ သုံးစွဲခွင့်ရမည်ဖြစ်ကြောင်း စီမံကိန်းအကောင်အထည်ဖော်မည့် 24 Hour Mining and Industry ကုမ္ပဏီနှင့် သကျက်တောကျေးရွာရပ်မိရပ်ဖတို့အကြား အကြိုသဘောတူစာချုပ်တွင်ပါရှိသည်ဟု ၎င်းက ဆိုသည်။

ရမ္မဇူ ကျောက်မီးသွေး ထောက်ခံ ဆန္ဒပြ့ပွဲ မြင်ကွင်း
ရမ္မဇူ ကျောက်မီးသွေး ထောက်ခံ ဆန္ဒပြ့ပွဲ မြင်ကွင်း

နှစ် ၃၀ အခမဲ့မီးသုံးစွဲခွင့်အပြင် စီမံကိန်း၏ အမြတ် ၂ ရာခိုင်နှုန်းကို ရွာအတွက် ထောက်ပံ့ခြင်း၊ ကျေးရွာလမ်းဖောက်ပေးခြင်းနှင့် ဒေသဖွံ့ဖြိုးရေးတို့ကို ကုမ္ပဏီမှ ဆောင်ရွက်ပေးမည်ဟု ပါရှိသည့်အတွက် ဒေသအကျိုးစီးပွားဖြစ်ထွန်းနိုင်မည်ဟု ယုံကြည်သည့်အတွက် ထောက်ခံဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဦးဆောင် ဆန္ဒပြသူများက ပြောသည်။

“ကန့်ကွက်သူတွေက ကျန်းမာရေးရှုထောင့်က ကန့်ကွက်တာသင့်တော်ပါတယ်။ ကျွန်တော်တို့က အလုပ်လက်မဲ့ပြဿနာ၊ လျှပ်စစ်မီး၊ လမ်း အဲဒါတွေ ကောင်းလာအောင် ထောက်ခံတာပါ။ ပတ်ဝန်းကျင်ထိခိုက်မှုရှိမရှိဆိုတာက နည်းပညာပိုင်းဖြစ်နေလို့ ကျွန်တော်တို့စစ်ဆေးဖို့ အဆင့်မမီပါဘူး” ဟု ဦးစံသိန်းက ဆိုသည်။

ကျောက်မီးသွေးစက်ရုံထောက်ခံသူများက အစိုးရမီးမှာ အာမခံချက်မရှိဟုဆိုသော်လည်း အစိုးရဘက်မှ တိုင်းဒေသကြီးဝန်ကြီးချုပ်က သဘာဝဓာတ်ငွေ့ဖြင့် တစ်ယူနစ် ကျပ် ၃၀၀ အောက် လျှပ်စစ်မီးကို ဖေဖော်ဝါရီလကုန်တွင်ရမည်ဟု ခန့်မှန်းပြောဆိုထားပြီး တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးကမူ မတ်လကုန်တွင်ရရှိမည်ဟု ပြောဆိုထားသည်။

“သူတို့က မီးလင်းတယ်ဆိုတာကိုပဲလိုချင်ကြတာ။ မီးလင်းတဲ့နောက်က ဆိုးကျိုးတွေကို မြင်တဲ့သူတစ်ယောက်မှ မပါကြဘူး” ဟု သကျက်တောကျေးရွာမှ ကျောက်မီးသွေးစီမံကိန်းကန့်ကွက်သူ ဦးစစ်ထွန်းက ပြောသည်။

သကျက်တောကျေးရွာတွင် ထောက်ခံဆန္ဒထုတ်ဖော်ခဲ့ကြသူများတွင် သကျက်တောဒေသခံ ဆယ်ဂဏန်းလောက်သာပါဝင်ပြီး အများစုမှာ လောင်းလုံးမြို့နယ်အောက်ဘက်ရှိကျေးရွာများမှဖြစ်ပြီး အချို့မှာ ထားဝယ်ဒေသခံမဟုတ်သည့် ဗမာလူမျိုးများဖြစ်သည်ဟု သကျက်တောကျေးရွာမှ စီမံကိန်း ကန့်ကွက်သူဒေသခံများက ပြောဆိုကြပြီး ဆန္ဒပြဦးဆောင်သူများကမူ မဟုတ်မှန်ကြောင်း ငြင်းဆန်ခဲ့သည်။

“အိမ်က သားလာပြောလို့ ဒီမှာ အစည်းအဝေးရှိတယ်ဆိုလို့တက်လာတာ။ ဆန္ဒပြပွဲဖြစ်နေတယ်” ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူ အောက်ကျောက်ဝပ်ကျေးရွာမှ ဒေါ်ခင်ရီက ပြောသည်။

ကျောက်မီးသွေးစီမံကိန်းကို ထောက်ခံသူများထည့်ဝင်ထားသည့် ရန်ပုံငွေနှင့် ကုမ္ပဏီ၏ အထောက်အပံ့တို့ စုပေါင်း၍ စီမံကိန်းကို ထောက်ခံ ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ပြီး ဆန္ဒပြပွဲတွင်လိုက်ပါသူများကို စီမံကိန်းထောက်ခံသည့်အမှတ်အသားများပါသည့် အကျီ တစ်ထည်စီနှင့် မုန့် အအေးများကို ထောက်ပံ့ပေးခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

ဆန္ဒပြမည့်ဦးရေ ၅၀၀ ဖြင့် ပြမည်ဟု ပြောသော်လည်း ဆန္ဒပြသူ ဦးရေး ၃၀၀ ၀န်းကျင်သာရှိသည်ဟု ယင်း ဆန္ဒပြပွဲကို စောင့်ကြည့်သည့် ဒေသခံများက ပြောသည်။

သကျက်တောကျေးရွာတွင် ကျောက်မီးသွေးစက်ရုံစီမံကိန်းကို ကန့်ကွက်ကြောင်း ၂၀၁၄ ခုနစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ဖူးသည်။