သပိတ်မှောက်ကျောင်းသားများ ထားဝယ်ပြန်ရောက်

0
756

ပဲခူးမြို့မှ ပြန်လှည့်လာသည့် ထားဝယ်၊ မြေလတ်၊မုံရွာသပိတ်မှောက်ကျောင်းသားများထဲမှ ထားဝယ်သပိတ်မှောက်
ကျောင်းသားများသည် ဖေဖော်ဝါရီလ ၁၇ ရက် နေ့လယ်တွင် ထားဝယ်မြို့သို့ပြန်လာရောက်ရှိလာပြီဖြစ်သည်။

ပြန်ရောက်လာကြသည့် ထားဝယ်သပိတ်စစ်ကြောင်းမှ ကျောင်းသားများကို ထားဝယ်ခရိုင်ကျောင်းသားသမဂ္ဂ၊ နိုင်ငံရေးပါတီအချို့နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများက ထားဝယ် နည်းပညာတက္ကသိုလ်ရှေ့တွင် အိုးစည်ဒိုးပတ်များဖြင့် ကြိုဆိုခဲ့ကြသည်။

“ပြည်သူနဲ့ကျောင်းသားစည်းလုံးမှုကြောင့် အောင်ပွဲတစ်မျိုးတော့ရလာခဲ့တယ်” ဟု သပိတ်စစ်ကြောင်းမှ ပြန်လာသည့် ကျောင်းသားတစ်ဦးဖြစ်သူ ကိုသူရနိုင်ကပြောသည်။

သပိတ်စစ်ကြောင်းမှ ပြန်လာသည့် ကျောင်းသားများသည် ထားဝယ်ဒေသရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျုတာတက္ကသိုလ်နှင့် ထားဝယ်တက္ကသိုလ်များသို့ သွားရောက်ခဲ့ကြသည်။

“ဥပဒေမူကြမ်းလည်း လွှတ်တော်ကိုရောက်သွားပြီ။  လွှတ်တော်ရဲ့လုပ်ဆောင်ချက်ကိုစောင့်ကြည့်ရမယ့်အချိန်ဖြစ်နေပြီ။ ကျောင်းသားတွေလည်း စာမေးပွဲနီးနေပြီ။
အခြေခံပညာကျောင်းတွေလည်းစာမေးပွဲနီးနေပြီ။ ကျောင်းသားမိဘတွေကလည်း စိုးရိမ်နေတာတွေရှိတယ်။
မလိုလားအပ်တဲ့ပြဿနာတွေလည်းဖြစ်လာနိုင်တယ်။ဒါကြောင့် သပိတ်ကိုခဏရပ်လိုက်တာ” ဟု ထားဝယ်သပိတ်မှောက်ကျောင်းသားတစ်ဦးဖြစ်သူ ကိုမင်းလွင်ဦးက ပြောသည်။

သပိတ်မစခင်က ကျောင်းသားများ၏ အဓိက ရည်မှန်းချက်မှာ  လေးပွင့်ဆိုင်ဆွေးနွေးရေး၊ ကျောင်းသားများ တောင်းဆိုထားသည့် အချက် ၁၁
ချက်ကို အခြေခံထားတဲ့ ဥပဒေမူကြမ်းတစ်ခုလွှတ်တော်ရောက်ရှိရေး၊ လွှတ်တော်က ဥပဒေကို အတည်ပြုရေး တို့ဖြစ်ပြီး လက်ရှိအချိန်တွင် ဥပဒေမူကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီးဖြစ်သောကြောင့် ကျောင်းသားသပိတ်မှာ အထိုက် အလျောက်အောင်မြင်ခဲ့သည် ပြောဆိုနိုင်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်၊ မော်လမြိုင်၊ ပခုက္ကူ၊ မုံရွာ၊ ဧရာဝတီ နှင့် မြေလတ် စသည့်သပိတ်စစ်ကြောင်းများကို ရပ်နားကာ နေရပ်ပြန်နေကြပြီဖြစ်ပြီးလွှတ်တော်မှ အတည်ပြုမည့် ပညာရေးဥပဒေတွင် ကျောင်းသားများတောင်းဆိုထားသည့်
အချက်ကို အခြေမခံပါက သပိတ်ပြန်စမည်ဖြစ်ကြောင်း ကိုမင်းလွင်ဦးက ပြောသည်။

သပိတ်စစ်ကြောင်းမှ ပြန်လာသည့် ကျောင်းသား ၁၁ ဦးမှ မြိတ်ကျောင်းသား ၁ ဦးနှင့် ထားဝယ်ကျောင်းသား ၁၀ ဦးတို့ပါဝင်ပြီး ၎င်းတို့နှင့်အတူ မော်လမြိုင်ကျောင်းသား ၂ ဦး ပါ ထားဝယ်မြို့သို့လိုက်ပါလာခဲ့ကြောင်း
ကျောင်းသားများထံမှ သိရသည်။