ပထမဆုံးအကြိမ် ပအိုဝ့်အမျိုးသားနှီးနှောဖလှယ်ပွဲ သထုံတွင် ကျင်းပ

0
796

မြန်မာနိုင်ငံဒေသ အနှံ့အပြားရှိ ပအိုဝ်းတိုင်းရင်းသားများ စုံညီစွာ တွေ့ဆုံနိုင်သည့် ပထမဆုံးအကြိမ် ပအိုဝ်း တိုင်းရင်းသား နှီးနှောဖလှယ်ပွဲကို မွန်ပြည်နယ်၌ ပအိုဝ်းတိုင်းရင်းသား အများဆုံးနေထိုင်ရာ သထုံမြို့ရှိ မြို့တော်ခန်းမတွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှ စတင်ကျင်းပလျက်ရှိသည်။

Image 1
ဓာတ်ပုံ – ယဉ်စနိုင်း

ဒေသအနှံ့ရှိ ပအိုဝ်းတိုင်းရင်းသားများ စုံညီစွာတွေ့ဆုံကြပြီး ပအိုဝ်းအချင်းချင်း ချစ်ခင်ရင်းနှီးမှု စည်းလုံးညီညွတ်မှုရရှိစေကာ ပအိုဝ်းအမျိုးသားများ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် နှီးနှောဖလှယ်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ထိ ၄ ရက်တိုင် ကျင်းပသွားမည်ဖြစ်သည်ဟု မွန်ပြည်နယ် ပအို့ဝ်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ပြောသည်။

“ဒေသအနှံ့မှာ ပြန့်နှံ့နေထိုင်နေကြတဲ့ ပအိုဝ်းတိုင်းရင်းသားတွေ အားလုံး စုံစုံညီညီတွေ့ဆုံပြီးတော့ ချစ်ခင်ရင်းနှီးမှုတွေ စည်းလုံးညီညွတ်မှုရရှိဖို့ အဲလို ရည်ရွယ်ချက်နဲ့ ဒီနှီးနှောဖလှယ်ပွဲကို ကျင်းပတာဖြစ်တယ်” ဟု မွန်ပြည်နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးခွန်ရွှေသင်းက ပြောသည်။

နှီးနှောဖလှယ်ပွဲတွင် ပအိုဝ်းအမျိုးသားများအတွက် လိုအပ်သည့် အခြေခံမူများ၊ လိုလားချက်များကို ဆွေးနွေးသွားမည်ဖြစ်ပြီး ဆုံးဖြတ်ချက်များ ချသွားမည်ဟုလည်း နှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေးကော်မတီက ပြောသည်။

၎င်အပြင် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု ထုံးတမ်းအစဉ်လာများ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးနှင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုကိစ္စများတွင် အခြားသောတိုင်းရင်းသားတို့နှင့်အတူ တန်းတူညီမျှ အခွင့်တူညီမျှ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရရှိရေးတို့ကိုလည်း ဆွေးနွေးသွားမည်ဖြစ်သည်။

နှီးနှောဖလှယ်ပွဲသို့ မွန်ပြည်နယ်၊ ကရင်ပြည်၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်းအပြင် ဒေသအနှံ့ရှိ ပအိုဝ်းတိုင်းရင်းသားများအပြင် နယ်စပ်ဒေသရှိ ပအိုဝ်းတိုင်းရင်းသားများလည်း ပါဝင်ပြီး စုစုပေါင်း လူအင်အား ၃၀၀ ကျော် တက်ရောက်ကြသည်။

မွန်ပြည်နယ်တွင် မွန်၊ ကရင်၊ ပအိုဝ်းနှင့် ဗမာတိုင်းရင်းသားတို့ အများဆုံးနေထိုင်ကြပြီး ပအို့ဝ်တိုင်းရင်းသား တစ်သိန်းခန့် နေထိုင်ကြသည်ဟု မွန်ပြည်နယ် ပအို့စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌက ပြောသည်။